အက်ပ်စတိန်းနှင့် ပတ်သက်မှုကို မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရန်ဖြစ်ကြောင်း စတိဗ် ဘန်နွန် ခုခံကာကွယ်ပြောဆို

News Image

  • အက်ပ်စတိန်းနှင့် ပတ်သက်မှုကို မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရန် ဖြစ်ကြောင်း စတိဗ် ဘန်နွန် ခုခံကာကွယ်ပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မဟာဗျူဟာမြောက် အကြံပေးဟောင်း စတိဗ် ဘန်နွန် (Steve Bannon) သည် ကွယ်လွန်သူ လိင်ရာဇဝတ်သား ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် နီးကပ်သောဆက်ဆံရေးရှိခဲ့ကြောင်း ပေါ်ထွက်လာသည့် အထောက်အထားများအပေါ် တုံ့ပြန်ရာတွင် ၎င်းတို့၏ဆက်သွယ်မှုမှာ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရန်အတွက်သာဖြစ်ကြောင်း ခုခံကာကွယ် ပြောကြား လိုက်သည်။ 

အမေရိကန် တရားရေးဌာနကထုတ်ပြန်လိုက်သော အက်ပ်စတိန်းနှင့် ပတ်သက်သည့် စာမျက်နှာ ၃.၅ သန်းကျော်ရှိသောဖိုင်တွဲများအရ ဘန်နွန် နှင့် အက်ပ်စတိန်းတို့သည် ၂၀၁၉ ခုနှစ်အတွင်း နေ့စဉ်နီးပါး အီးမေးလ်များ၊ စာတိုများဖြင့် အဆက်အသွယ်ရှိခဲ့ကြသည်ကို တွေ့ရှိရသည်။

အဆိုပါဖိုင်များတွင် ဘန်နွန်က အက်ပ်စတိန်း၏ ပျက်စီးနေသောပုံရိပ်ကို ပြန်လည်တည်ဆောက်ရန်အတွက် လူကုန်ကူးမှုဆိုင်ရာစွပ်စွဲချက်များကို တုံ့ပြန်ချေပပြီး ပရဟိတသမားတစ်ဦးအဖြစ် ဟန်ဆောင်ရန် မဟာ ဗျူဟာ များပေးခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် အက်ပ်စတိန်းက ဘန်နွန်အား ကိုယ်ပိုင်ဂျက်လေယာဉ်၊ နေအိမ်နှင့် ဆေးဝါးကုသမှု အစရှိသည့်ခမ်းနားသောကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီး ဘန်နွန်သည် ပဲရစ်ရှိ အက်ပ်စတိန်း ၏ တိုက်ခန်းတွင် တည်းခိုခဲ့သည့်မှတ်တမ်းများလည်း ထွက်ပေါ်လာ ခဲ့သည်။

သို့သော် ဘန်နွန်ကမူ ၎င်းသည် အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းလေ့ရှိသည့် ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ အက်ပ်စတိန်းထံမှ နာရီပေါင်းများစွာကြာ အင်တာဗျူးများ ရရှိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ 

လက်ရှိ ထွက်ပေါ်လာသည့် အင်တာဗျူးမှတ်တမ်းအချို့တွင် အက်ပ်စတိန်း က ၎င်းကိုယ်တိုင်သည် ရာဇဝတ်ကောင်ဖြစ်ကြောင်း ဝန်ခံထားသော်လည်း ဘန်နွန်ကမူ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများထက် ဘဏ္ဍာရေးနှင့် သိပ္ပံပညာရပ်ပိုင်းကိုသာ အဓိကထား မေးမြန်းခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ အက်ပ်စတိန်းဖိုင်တွဲများတွင် ဘီလ် ကလင်တန်နှင့် အီလွန်မက် အစရှိသည့် ကမ္ဘာ့ထိပ်တန်း ပုဂ္ဂိုလ်အများအပြား ပါဝင်နေသဖြင့် အဆိုပါ အရှုပ်တော်ပုံမှာ လူထုကြားတွင် ဆက်လက်ရိုက်ခတ်လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂