ယူကရိန်းသို့ အရေးပေါ်လျှပ်စစ်ဓာတ်အားပေးဝေမှု စလိုဗက်ကီးယား ရပ်ဆိုင်း

News Image

  • ယူကရိန်းသို့ အရေးပေါ်လျှပ်စစ်ဓာတ်အားပေးဝေမှု စလိုဗက်ကီးယား ရပ်ဆိုင်း

ယူကရိန်းနိုင်ငံနှင့်ချုပ်ဆိုထားသည့် အရေးပေါ် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေးစာချုပ်ကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စလိုဗက်ကီးယား နိုင်ငံပိုင်စွမ်းအင်အော်ပရေတာ SEPS က ကြေညာခဲ့သည်။ ရုရှားနိုင်ငံမှ စလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့သို့ ရေနံစိမ်းများပို့လွှတ်ရာတွင် အသုံးပြုသည့် ဆိုဗီယက်ခေတ်ဟောင်း Druzhba ပိုက်လိုင်းနှင့်ပတ်သက်၍ ယူကရိန်းနှင့်စလိုဗက်ကီးယားတို့ကြား အငြင်းပွားမှုများဆက်တိုက်ဖြစ်ပွားနေစဉ် ယခုလုပ်ဆောင်မှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းသည် ဇန်နဝါရီလနှောင်းပိုင်းတွင်ရပ်တန့်သွားခဲ့ပြီး ယူကရိန်းဘက်ကမူ ရုရှား၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း မော်စကိုက ငြင်းဆိုထားသည်။ စလိုဗက်ကီးယားနှင့် ဟန်ဂေရီတို့ကမူ ရုရှား၏ရပ်တည်ချက်ကိုထောက်ခံပြီး ယူကရိန်း သည် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ထောက်ပံ့ရေးလမ်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက်ပေးနေခြင်းဖြစ်သည်ဟု စွပ်စွဲကာ တုံ့ပြန်မှုများပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည်။

စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) က ပြီးခဲ့သည့်သီတင်းပတ်တွင် ယူကရိန်းသို့ အရေးပေါ် လျှပ်စစ်ဓာတ်အား ပို့လွှတ်နေမှုများကို ရပ်တန့်ရန်အမိန့်ပေးခဲ့ပြီး အကယ်၍ ရေနံပေးပို့မှုများ ပြန်မစပါက "အပြန်အလှန် တုံ့ပြန်သည့် အစီအမံများ" ဆက်လက် လုပ်ဆောင်သွားမည်ဟု သတိပေးခဲ့သည်။ ထောက်ပံ့မှုရပ်နားကြောင်း ကြေညာရာတွင် ဖီကိုက ယူကရိန်း၏လုပ်ရပ်များသည် "စလိုဗက်ကီးယားကိုအကြပ်ကိုင်ရန် ရည်ရွယ်သည့် နိုင်ငံရေးဆုံးဖြတ်ချက်သက်သက်" ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အစည်းအဝေးအပြီး ဗုဒ္ဓဟူးနေ့ (မတ် ၄) တွင် SEPS ၏ ညွှန်ကြားရေးမှူး မာတင် မာဂတ် (Martin Magath) က ယူကရိန်း စွမ်းအင်အော်ပရေတာ Ukrenego နှင့် ချုပ်ဆိုထားသော အရေးပေါ် ထောက်ပံ့ရေးစာချုပ်ကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ယူကရိန်းသည် စလိုဗက်ကီးယားထံမှ အရေးပေါ်လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးရန် ဆက်သွယ်တောင်းဆိုခဲ့သော်လည်း ထိုတောင်းဆိုချက်ကိုပယ်ချခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်း၏ အရေးပါသော အခြေခံအဆောက်အအုံများကို ရုရှားက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပျက်စီးနေသောဓာတ်အားကွန်ရက်ကို ပြန်လည်တည်ငြိမ်စေရန်အတွက် ကိယက်ဗ်သည် လျှပ်စစ်ဓာတ်အားတင်သွင်းမှုအပေါ် ပိုမိုမှီခိုလာရသည်။ စလိုဗက်ကီးယား အာဏာပိုင် များ၏ အဆိုအရ ကိယက်ဗ်သည် ယခုနှစ်ဇန်နဝါရီလအတွင်းက စလိုဗက်ကီးယားထံမှရရှိခဲ့သော လျှပ်စစ်ဓာတ်အားပမာဏမှာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံး ရရှိခဲ့သည့် ပမာဏထက် နှစ်ဆပိုများခဲ့ကြောင်း သိရှိရသည်။

Druzhba ပိုက်လိုင်း အငြင်းပွားမှုများကြားတွင် ဟန်ဂေရီကလည်း ယူကရိန်းသို့ အရေးပေါ်လျှပ်စစ်ဓာတ်အား ထောက်ပံ့နေမှုများကို ဖြတ်တောက်ရန် စဉ်းစားလျက်ရှိသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စလိုဗက်ကီးယားနှင့် ဟန်ဂေရီ နှစ်နိုင်ငံစလုံးက ပိုက်လိုင်း ပြန်လည် လည်ပတ်နိုင်ခြင်းမရှိမချင်း ယူကရိန်းသို့ ဒီဇယ်တင်ပို့မှုများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

ထို့အပြင် ဘူဒါပတ်စ်သည် ယူကရိန်းအတွက် EU က အဆိုပြုထားသည့် ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) အရေးပေါ်ချေးငွေနှင့် နောက်ဆုံးထုတ်ပြန်မည့် ရုရှားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုများကိုလည်း ဗီတိုအာဏာသုံး၍ ကန့်ကွက်ထားသည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) က "ကိယက်ဗ်အနေဖြင့် သာမန် အသိတရားနှင့် ပုံမှန်အခြေအနေကိုပြန်မရောက်မချင်း ယူကရိန်းအတွက် အကျိုးရှိမည့် ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို ကျွန်တော်တို့ ထောက်ခံမှာမဟုတ်ပါ" ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂