ကျူးဘားနိုင်ငံတွင် လျှပ်စစ်ဓာတ်အားစနစ်ပြိုလဲပြီး နိုင်ငံ၏ သုံးပုံနှစ်ပုံ အမှောင်ကျကာ စီးပွားရေးအကျပ်အတည်း ပိုမိုဆိုးရွားလာ

News Image

  • ကျူးဘားနိုင်ငံတွင် လျှပ်စစ်ဓာတ်အားစနစ်ပြိုလဲပြီး နိုင်ငံ၏သုံးပုံနှစ်ပုံ အမှောင်ကျကာ စီးပွားရေးအကျပ်အတည်း ပိုမိုဆိုးရွားလာ

ကျူးဘားနိုင်ငံ၏ အကြီးဆုံးဓာတ်အားပေးစက်ရုံတစ်ခုဖြစ်သော Antonio Guiteras စက်ရုံတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (မတ် ၄) က မမျှော်လင့်ဘဲ စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ရာမှတစ်ဆင့် အမျိုးသားလျှပ်စစ်ဓာတ်အားစနစ် (Grid) တစ်ခုလုံးပြိုလဲသွားခဲ့ပြီး မြို့တော်ဟားဗားနား အပါအဝင် နိုင်ငံ ၏သုံးပုံနှစ်ပုံခန့်တွင် လျှပ်စစ်မီးများပြတ်တောက်သွားခဲ့သည်။

အမျိုးသားလျှပ်စစ်ကုမ္ပဏီ (UNE) ၏ ထုတ်ပြန်ချက်အရ အဆိုပါ ဖြစ်စဉ်သည် ကျူးဘားကျွန်း၏ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများကို အဆိုးရွားဆုံးထိခိုက်စေခဲ့ကြောင်း သိရှိရသည်။ ထိုမီးပြတ် တောက်မှုသည် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပြတ်လပ်မှုများကြားတွင် ရုန်းကန်နေရသည့် လူဦးရေ ၉.၆ သန်းသော ကျူးဘား ပြည်သူများအတွက် နောက်ထပ်ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ကျူးဘား၏ စွမ်းအင်အကျပ်အတည်းမှာ နိုင်ငံရေးအပြောင်းအလဲများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျူးဘား၏ အဓိကမဟာမိတ်နှင့် လောင်စာဆီထက်ဝက်ခန့် ပံ့ပိုးပေးသူဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း ကျူးဘားသို့ရေနံတင်ပို့မှုများမှာ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားခဲ့သည်။

ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့သည် ကျူးဘားအစိုးရကို အပြောင်းအလဲဖြစ်စေရန် ရည်ရွယ်၍ စီးပွားရေးပိတ်ဆို့မှုများကို ဆက်လက်တင်းကျပ်ထားရာ ကျူးဘားအာဏာပိုင်များအနေဖြင့် စက်သုံးဆီရောင်းချမှုရပ်ဆိုင်းခြင်း၊ ဆေးရုံစောင့်ရှောက်မှုလျှော့ချခြင်းနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကန့်သတ်ခြင်း စသည့် ပြင်းထန်သော အရေးပေါ်အစီအမံများကို လုပ်ဆောင်လာရသည်။

လက်ရှိတွင် ကျူးဘားပြည်သူများသည် တစ်နေ့လျှင် ၂၀ နာရီခန့်အထိ မီးပြတ်တောက်သည့်ဒဏ်ကို ခံစားနေရပြီး ရေခဲသေတ္တာအတွင်းရှိ အစားအစာများနှင့် ကလေးနို့မှုန့်များ ပုပ်သိုးပျက်စီးခြင်း၊ လောင်စာဆီပြတ်လပ်မှုကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ခရီးစဉ်ဖျက်သိမ်းခြင်း စသည့် လူမှုစီးပွားဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။

သံတမန်ရေးအရလည်း အီကွေဒေါနိုင်ငံက ကျူးဘားသံအမတ်ကို နှင်ထုတ်ခဲ့ခြင်းကြောင့် ကျူးဘားသည် ပြည်တွင်းအကျပ်အတည်းသာမက နိုင်ငံတကာဆက်ဆံရေးတွင်လည်း ပိုမိုဖိအားပေးခံနေရသည်။ ဟားဗားနားအစိုးရကမူ အဆိုပါ အခြေအနေအားလုံးမှာ အမေရိကန်၏ စီးပွားရေးအရ အကျပ်အတည်းဖြစ်စေရန် လုပ်ဆောင်နေမှုကြောင့်ဖြစ်ကြောင်း စွပ်စွဲပြောကြားထားသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂