တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် လာမည့် ဧပြီလမှစတင်၍ လေကြောင်းခရီးစဉ်များလျှော့ချရန် ဗီယက်နမ် ပြင်ဆင်နေ

News Image

  • တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် လာမည့် ဧပြီလမှစတင်၍ လေကြောင်းခရီးစဉ်များလျှော့ချရန် ဗီယက်နမ် ပြင်ဆင်နေ

အီရန်စစ်ပွဲကြောင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့က လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့်အတွက် လေယာဉ်ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် ဗီယက်နမ်အာဏာပိုင်များက နိုင်ငံ၏ လေကြောင်းလုပ်ငန်းကဏ္ဍကို သတိပေးထားသည်။ ရိုက်တာ သတင်း ဌာနကရရှိခဲ့သည့် လေကြောင်းကြီးကြပ်ရေးအဖွဲ့နှင့် တင်သွင်းသူများ၏ စာရွက်စာတမ်းများအရ ဗီယက်နမ်နိုင်ငံသည် လိုအပ်သည့် လေယာဉ်ဆီ၏ သုံးပုံနှစ်ပုံကျော်ကို ပြည်ပမှတင်သွင်းနေရပြီး ၎င်း၏ ၆၀ ရာခိုင်နှုန်းမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှလာခြင်းဖြစ်သည်။

"ဧပြီလအစောပိုင်းနှင့် နောက်ပိုင်းလများတွင် ဗီယက်နမ်လေကြောင်းလိုင်းများအတွက် လေယာဉ်ဆီ ပြတ်လပ်မှုအန္တရာယ် ရှိနေပါသည်" ဟု ဗီယက်နမ်နိုင်ငံ လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က မတ်လ ၉ ရက်နေ့တွင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနထံပေးပို့ခဲ့သောစာတမ်း၌ ဖော်ပြထားသည်။

ထို့ပြင် လေကြောင်းလိုင်းများအနေဖြင့် အထူးသဖြင့် ပြည်တွင်းခရီးစဉ်များအတွက် လုပ်ငန်းစီမံချက်များကို ပြန်လည်စိစစ်ကြရန် အာဏာပိုင် များက တိုက်တွန်းထားသည်။ လေယာဉ်ဆီ အလုံအလောက်မရရှိခြင်းကြောင့် လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များကို လျှော့ချရမည့် အခြေအနေမျိုးဖြစ်လာပါက လေယာဉ်များရပ်နားရန်အတွက် လုံလောက်သော နေရာများပြင်ဆင်ထားရန် လေဆိပ်အော်ပရေတာများကို ညွှန်ကြားထားသည်။

အဆိုပါ စာတမ်းတွင် ဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံသည် စင်ကာပူ နိုင်ငံမှလေယာဉ်ဆီရရှိမှု လျော့နည်းလာသည်ကိုလည်း ကြုံတွေ့နေရ ကြောင်း သိရှိရသည်။ ရိုက်တာသတင်းဌာနကရရှိခဲ့သည့် သီးခြား စာရွက်စာတမ်းများအရ အဓိက လေယာဉ်ဆီတင်သွင်းသူများ ဖြစ်ကြသည့် Petrolimex နှင့် Skypec တို့က မတ်လအတွက် လေယာဉ်ဆီထောက်ပံ့မှုကိုသာ အာမခံနိုင်တော့မည်ဖြစ်ပြီး ဧပြီလအတွက်စာချုပ်များကို တင်သွင်း သူများက ပြည့်မီအောင် ပံ့ပိုးပေးနိုင်မည်မဟုတ်ကြောင်း သတိပေးထားသည်။ ပဋိပက္ခများ ဆက်လက်ကြာရှည်နေပါက လေကြောင်းပို့ဆောင်ရေးကို မဖြစ်မနေလိုအပ်သည့် ပြည်တွင်းခရီးစဉ်များအတွက်သာကန့်သတ်ရန် Skypec က အာဏာပိုင်များထံ တိုက်တွန်းထားသည်။

အဆိုပါ စာရွက်စာတမ်းများအားလုံးသည် ယခုလအစောပိုင်းတွင် တရုတ် နိုင်ငံက ၎င်း၏ ရေနံချက်စက်ရုံများကို အသစ်တင်ပို့မှုများလက်မခံရန် တိုက်တွန်းခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့နောက် မတ်လ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံက သန့်စင်ပြီး လောင်စာဆီ တင်ပို့မှုကို တင်းကျပ်စွာပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း မတ်လ ၆ ရက်နေ့တွင် မြန်မာနှင့် လာအိုနိုင်ငံများမှလွဲ၍ ကျန်နိုင်ငံ အားလုံး သို့ လောင်စာဆီ တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုချက်ကို လေကြောင်းအာဏာပိုင်အဖွဲ့၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် အဓိက လေယာဉ်ဆီတင်သွင်းသူ နှစ်ဦးတို့က တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။ ထို့အတူ ဗီယက်နမ်၏ ထိပ်တန်းလေကြောင်း လိုင်းများဖြစ်ကြသည့် Vietnam Airlines နှင့် VietJet တို့ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂