ရုရှား ဘဲလေးကချေသည်၏ ဖျော်ဖြေပွဲပယ်ဖျက်မှုအပေါ် အီတလီ ဒုတိယ ဝန်ကြီးချုပ် ဝေဖန်ရှုံ့ချ

News Image

  • ရုရှား ဘဲလေးကချေသည်၏ ဖျော်ဖြေပွဲပယ်ဖျက်မှုအပေါ် အီတလီ ဒုတိယ ဝန်ကြီးချုပ် ဝေဖန်ရှုံ့ချ

ရောမမြို့တွင်ကျင်းပမည့် Les Etoiles ဂါလာပွဲ၌ ကမ္ဘာကျော် ရုရှား ဘဲလေးကချေသည် ဆဗက်တလာနာ ဇာခါရိုဗာ (Svetlana Zakharova) ပါဝင်ကပြရန်စီစဉ်ထားမှုကို ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် ရုတ်တရက် ဖျက်သိမ်းလိုက်ခြင်းအပေါ် အီတလီ ဒုတိယဝန်ကြီးချုပ် မက်တီယို ဆာလ်ဗီနီက ပြင်းထန်စွာ ဝေဖန်လိုက်သည်။ 

ပွဲစီစဉ်သူ Venice Biennale အဖွဲ့က ဇာခါရိုဗာသည် ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါဝင်ခြင်းမရှိသော်လည်း အဖွဲ့အစည်းဆိုင်ရာ ဖိအားပေးဆက်သွယ်မှုများကြောင့် ယခုပွဲသည် နိုင်ငံရေးအရ အလွဲသုံးစားလုပ်ခံရမည်ကို စိုးရိမ်သဖြင့် ဖယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် ယူကရိန်းအပါအဝင် ဥရောပ နိုင်ငံအချို့မှ ဝန်ကြီးများက ရုရှား အနုပညာရှင်များပါဝင်မှုကို ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီတလီ ဒုတိယဝန်ကြီးချုပ် ဆာလ်ဗီနီကမူ ယူကရိန်းအားထောက်ခံမှုကို အကြောင်းပြ၍ အနုပညာရှင်များကို ပစ်မှတ်ထားခြင်းအား လက်မခံ နိုင်ကြောင်းနှင့် အနုပညာ၊ ယဉ်ကျေးမှုနှင့် အားကစားတို့သည် ပဋိပက္ခများကို မီးထိုးပေးရန်မဟုတ်ဘဲ လူမျိုးစုများကို ပေါင်းစည်းပေးရန်သာ ဖြစ်သင့်ကြောင်း RTL ရေဒီယိုမှတစ်ဆင့် တုံ့ပြန်ခဲ့သည်။ 

အလားတူပင် အီတလီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကလည်း အဆိုပါ လုပ်ရပ်သည် ယူကရိန်း အစိုးရ၏ အလိုကျ လိုက်ပါဆောင်ရွက်ခြင်း ဖြစ်သည် ဟု စွပ်စွဲခဲ့ပြီး ရုရှားအနုပညာရှင်များအတွက် EU နှင့် ယူကရိန်းတို့၏ လွှမ်းမိုးမှုကင်းသော အခြားသောအချုပ်အခြာအာဏာပိုင်နိုင်ငံများတွင် ကြိုဆိုသူများရှိနေကြောင်း ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်သည် ဥရောပတစ်လွှားတွင် ရုရှားအနုပညာရှင်များ၏ ဖျော်ဖြေပွဲများကို အချိန်ကပ်၍ ဖျက်သိမ်းသည့် ဖြစ်စဉ်များထဲမှတစ်ခုဖြစ်သည်။ ယခင်ကလည်း ဇာခါရိုဗာနှင့် သူမ၏ ခင်ပွန်းဖြစ်သူ တယောပညာရှင် ဗာဒင် ရီပင်တို့၏ ဖျော်ဖြေပွဲများ အီတလီ၌ ပယ်ဖျက်ခံခဲ့ရဖူးသည်။ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ထိုကဲ့သို့ ဖယ်ထုတ်မှုများသည် အီတလီတို့၏ ယဉ်ကျေးသောစိတ်ဓာတ်နှင့် မကိုက်ညီကြောင်းနှင့် ယူကရိန်းတွင် လုပ်ဆောင်နေသည့် ရုရှား ယဉ်ကျေးမှုအမြစ်ဖြတ်ရေးလှုပ်ရှားမှုများနှင့် ဆင်တူနေကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂