ပိုလန်အဆင့်မြင့်တရားရုံးက ပြည်ပရောက် လိင်တူလက်ထပ်မှုများကို အသိအမှတ်ပြုရန် အမိန့်ချမှတ်၊ သမ္မတနှင့် ကွန်ဆာဗေးတစ်အုပ်စုများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရ

News Image

  • ပိုလန်အဆင့်မြင့်တရားရုံးက ပြည်ပရောက် လိင်တူလက်ထပ်မှုများကို အသိအမှတ်ပြုရန် အမိန့်ချမှတ်၊ သမ္မတနှင့် ကွန်ဆာဗေးတစ် အုပ်စုများ ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရ

ပိုလန်နိုင်ငံ၏ အဆင့်မြင့်အုပ်ချုပ်ရေးတရားရုံးသည် အခြားသော ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများတွင် တရားဝင်ချုပ်ဆိုထားသည့် လိင်တူ လက်ထပ်မှုများကို အသိအမှတ်ပြုရန် ဒေသန္တရအာဏာပိုင်များအား အမိန့်ချမှတ်လိုက်သည်။ ထိုစီရင်ချက်သည် ပြီးခဲ့သည့်နှစ်က ဥရောပ တရားရုံး (ECJ) ၏ ဆုံးဖြတ်ချက်ကို အခြေခံထားခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ လက်ထပ်ခဲ့သော ပိုလန်နိုင်ငံသားနှစ်ဦး၏ လက်ထပ်မှု ကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းသည် EU ဥပဒေပါ လွတ်လပ်စွာ သွားလာခွင့်နှင့် သာမန်မိသားစုဘဝ ပိုင်ဆိုင်ခွင့်တို့ကို ချိုးဖောက်ရာ ရောက်သည်ဟု တရားရုံးက ရှုမြင်ခဲ့ခြင်းဖြစ်သည်။

ပိုလန်နိုင်ငံသည် ကက်သလစ်ဘာသာဝင် အများစုနေထိုင်သည့် နိုင်ငံဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၈) တွင် အိမ်ထောင်ရေးကို "အမျိုးသားနှင့် အမျိုးသမီးကြား ပေါင်းစည်းခြင်း" ဟုသာ အဓိပ္ပာယ် ဖွင့်ဆိုထားသဖြင့် နိုင်ငံအတွင်း လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်မပြုသေးပေ။ သို့သော်လည်း ယခုအဆင့်မြင့်တရားရုံး၏ အမိန့်အရ ပြည်ပတွင် ထုတ်ပေးထားသော လိင်တူလက်ထပ်မှု သက်သေခံ လက်မှတ်များကို စီမံခန့်ခွဲရေးနှင့် နေထိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များအတွက် အမျိုးသား မှတ်ပုံတင်စာရင်းတွင် မဖြစ်မနေ မှတ်တမ်းတင်ပေးရတော့မည် ဖြစ်သည်။

ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ် ဦးဆောင်သည့် EU လိုလားသော ညွန့်ပေါင်း အစိုးရက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လိင်တူစုံတွဲများအပါအဝင် "လက်မထပ်ဘဲ ပေါင်းသင်းခြင်း" (Civil partnerships) ကို အသိအမှတ်ပြုရန် ဥပဒေကြမ်းတစ်ရပ် တင်သွင်းခဲ့သော်လည်း အစိုးရအဖွဲ့ဝင်ကွန်ဆာဗေးတစ်ပါတီများနှင့် အတိုက်အခံများ၏ ပြင်းထန်သော ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ထို့အပြင် ကက်သလစ်တန်ဖိုးထားမှုများကို ကာကွယ်ရန် ကတိပြုထားသည့် သမ္မတ ကာရိုလ် နာဗရော့စကီးကလည်း အခြေခံဥပဒေပါ အိမ်ထောင်ရေး အဓိပ္ပာယ်ကို ထိပါးစေမည့် မည်သည့်ဥပဒေကိုမဆို လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်းနှင့် EU ၏ "အယူဝါဒဆိုင်ရာ စွက်ဖက်မှုများ" ကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားထားသည်။

ဥရောပတရားရုံး (ECJ) ၏ ထိုစီရင်ချက်သည် ပိုလန်နိုင်ငံသာမက ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ လစ်သူယေးနီးယားနှင့် စလိုဗက်ကီးယား ကဲ့သို့ လိင်တူလက်ထပ်မှုကို အသိအမှတ်မပြုသေးသော အခြား EU အဖွဲ့ဝင်နိုင်ငံများအပေါ်တွင်လည်း အလိုအလျောက် သက်ရောက်မှုရှိမည် ဖြစ်သည်။ ပိုလန်ရှိ LGBTQ အခွင့်အရေး လှုပ်ရှားသူများကမူ ယခု တရားရုံးအမိန့်ကို ဥပဒေကြောင်းအရ တန်းတူညီမျှမှုရရှိရန် ဦးတည်သည့် သမိုင်းဝင် "ပထမခြေလှမ်း" အဖြစ် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂