Church of England က ပထမဦးဆုံးသော အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီးကို ခန့်အပ်

News Image

  • Church of England က ပထမဦးဆုံးသော အမျိုးသမီး ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကိုခန့်အပ်

အင်္ဂလန်အသင်းတော် (Church of England) သည် ၁၅၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးသော အမျိုးသမီး ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ဒိမ်း စာရာ မူလာလီ (Dame Sarah Mullally) ကို ရာထူးအပ်နှင်းခဲ့သည်။

ရာထူးအပ်နှင်းပွဲအခမ်းအနားကို ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က ကန်တာဘာရီ ကသီဒရယ် (Canterbury Cathedral) ဘုရားရှိခိုးကျောင်းကြီးတွင် ကျင်းပခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနှင့်အတူ ဝေလမင်းသား ဝီလျံနှင့် ကြင်ယာတော် ကက်သရင်းတို့ တက်ရောက်ခဲ့ကြသည်။

NHS သူနာပြုဟောင်းတစ်ဦးဖြစ်သူ မူလာလီက သူမ၏မိန့်ခွန်းတွင် အတိတ်က အလွဲသုံးစားပြုခံခဲ့ရသူများဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း နှင့် ဘေးကင်းလုံခြုံရေးနှင့် တာဝန်ခံမှုရှိစေရေးတို့ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ကျွန်မတို့ရဲ့ ခရစ်ယာန်အသင်းတော်တွေနှင့် လူ့အဖွဲ့အစည်းတွေအတွင်းမှာ ရှိနေသည့်သူများ၏ လုပ်ဆောင်မှုတွေ၊ ပျက်ကွက်မှုတွေကြောင့် နစ်နာခဲ့ရသူများ၏ နာကျင်မှုကို ကျွန်မတို့ လျစ်လျူမရှုသင့်သလို အလေးမထားဘဲလည်း မနေသင့်ပါဘူး” ဟု သူမက ဆိုသည်။

ယခင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂျက်စတင် ဝဲလ်ဘီ (Justin Welby) သည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ယူကေနှင့် အာဖရိကရှိ အသင်းတော်များအတွင်း ဩဇာတိက္ကမရှိသူ ရှေ့နေ ဂျွန် စမိုက် (John Smyth) ၏ လိင်ပိုင်းဆိုင်ရာ ဆက်တိုက်အလွဲသုံးစားပြုမှုများကို ဖုံးကွယ် ထားခဲ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂