အမေရိကန်၏ လူမည်းသမိုင်းဖျောက်ဖျက်မှုကို ဂါနာသမ္မတ ဝေဖန်၊ ကျွန်စနစ်အား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် တိုက်တွန်း

News Image

  • အမေရိကန်၏ လူမည်းသမိုင်းဖျောက်ဖျက်မှုကို ဂါနာသမ္မတ ဝေဖန်၊ ကျွန်စနစ်အား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် တိုက်တွန်း

ဂါနာသမ္မတ ဂျွန် ဒါရာမာနီ မဟားမား (John Dramani Mahama) က အမေရိကန်ရှိ အစိုးရအဖွဲ့သည် စာအုပ်များကို ပိတ်ပင်ခြင်းနှင့် ပြတိုက် များ၏ ပြသမှုများကို ကန့်သတ်ခြင်းတို့မှတစ်ဆင့် လူမည်းသမိုင်းကြောင်းကို စနစ်တကျဖျောက်ဖျက်ရန် ကြိုးပမ်းနေသည်ဟု ပြင်းထန်စွာ ဝေဖန် လိုက်သည်။ 

နယူးယောက်မြို့၌ ပြုလုပ်သည့် ကုစားမှုဆိုင်ရာတရားမျှတမှု (Reparatory Justice) အခမ်းအနားတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်ကျောင်းများ၌ ကျွန်စနစ်နှင့် လူမျိုးရေးခွဲခြားမှုဆိုင်ရာ သင်ခန်းစာများကိုရပ်တန့်ရန် ညွှန်ကြားနေမှုများသည် သမိုင်းကြောင်းကို မှေးမှိန်စေရန် တဖြည်းဖြည်းချင်းပုံမှန်ပြုလုပ်လာသည့် အန္တရာယ်ရှိသော မူဝါဒများဖြစ်ကြောင်း သတိပေးခဲ့သည်။

သမ္မတ မဟားမားသည် အာဖရိကသမဂ္ဂနှင့် ကာရေဘီယံ နိုင်ငံများကိုယ်စား အတ္တလန်တိတ်သမုဒ္ဒရာဖြတ်ကျော် ကျွန်ကုန်ကူးမှုကို “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အဆိုးရွားဆုံးရာဇဝတ်မှု” အဖြစ် ကုလသမဂ္ဂတွင် တရားဝင်အသိအမှတ်ပြုရန်နှင့် နစ်နာကြေးများရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းလျက်ရှိသည်။ 

၎င်းက ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ရာထူးသို့ ပြန်လည်ရောက်ရှိလာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမိုင်းကြောင်းဆိုင်ရာ ကန့်သတ်ချက်များကို ထောက်ပြဝေဖန်ခဲ့ပြီး အမေရိကန် အစိုးရသည် ၎င်းတို့နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟုယူဆရသော သမိုင်းဖြစ်ရပ်မှန်များကို “စိတ်ဝမ်းကွဲစေသောအယူဝါဒများ” အဖြစ် သတ်မှတ်ကာ ဖယ်ရှားပစ်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့ပြင် မဟားမားသည် မန်ဟက်တန်ရှိ အာဖရိကန် သုသာန်သို့ သွားရောက်၍ လွမ်းသူပန်းခွေချခဲ့ရာတွင် ကျွန်စနစ်၏ ရက်စက်မှုကို “အရိုးထဲအထိ စိမ့်ဝင်နေသော နာကျင်မှု” အဖြစ်တင်စားခဲ့ပြီး သမိုင်းကိုမမေ့မလျော့ဘဲ အတူတကွတာဝန်ယူ အမှတ်ရကြရန် တိုက်တွန်းခဲ့သည်။ သို့သော်လည်း ၎င်း၏ လူ့အခွင့်အရေးနှင့်တရားမျှတမှုဆိုင်ရာ ကြိုးပမ်းမှုများကြောင့် လင်ကွန်းတက္ကသိုလ်က ပေးအပ်ရန်စီစဉ်ထားသည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့မှာမူ ဂါနာနိုင်ငံ၏ LGBTQ ဆန့်ကျင်ရေး ဥပဒေကြမ်းများအပေါ် စိုးရိမ်ပူပန်မှုများကြောင့် နောက်ဆုံးမိနစ်တွင် ဖျက်သိမ်းခြင်းခံခဲ့ရကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂