ဂျပန်နိုင်ငံက အရန်စက်သုံးဆီများကို သမိုင်းတစ်လျှောက် အများဆုံးအဖြစ် ရက်ပေါင်း ၄၅ ရက်စာ ထုတ်ယူမည်
ဂျပန်အစိုးရသည် နိုင်ငံတကာစွမ်းအင်စျေးကွက် မတည်ငြိမ်မှုများကို တုံ့ပြန်ရန်အတွက် ၎င်း၏ အစိုးရပိုင် အရန်သိုလှောင်မှုများမှ ရက်ပေါင်း ၃၀ စာရှိသော စက်သုံးဆီများကို ဒေသစံတော်ချိန် ကြာသပတေးနေ့ (မတ် ၂၆) နံနက်ပိုင်းမှစတင်၍ ထုတ်ယူသုံးစွဲနေပြီ ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကစတင်ခဲ့သော ပုဂ္ဂလိကကဏ္ဍ အရန်ဆီထုတ်ယူမှုများနှင့် ပူးတွဲလုပ်ဆောင်ခြင်းဖြစ်ပြီး စုစုပေါင်း ရက်ပေါင်း ၄၅ ရက်စာအထိ ထုတ်ယူရန် စီစဉ်ထားခြင်း ဖြစ်သည်။
၎င်းမှာ ဂျပန်နိုင်ငံသမိုင်းတွင် အကြီးမားဆုံးသော အရန်ဆီထုတ်ယူမှုဖြစ်ပြီး ယခုလကုန်တွင် ရေနံထုတ်လုပ်သည့်နိုင်ငံများနှင့် ပူးတွဲပိုင်ဆိုင်သည့် သိုလှောင်မှုများမှလည်း ထပ်မံထုတ်ယူသွားမည်ဟု ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီက အတည်ပြု ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ၎င်း၏ ရေနံစိမ်းလိုအပ်ချက် ၉၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းဒေသကို မှီခိုနေရသဖြင့် လက်ရှိဖြစ်ပွားနေသော အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား စစ်ရေးပဋိပက္ခများကြောင့် စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ အစိုးရအနေဖြင့် စွမ်းအင်ချွေတာရေးအမိန့်များကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကုန်ပစ္စည်းပြတ်လပ်မည်ကို စိုးရိမ်ကာ အိမ်သာသုံးစက္ကူများ အလုအယက် ဝယ်ယူစုဆောင်းခြင်း (Panic buying) မပြုလုပ်ရန် ပြည်သူများကို သတိပေးထားသည်။
စျေးနှုန်းပိုင်းတွင်လည်း စက်သုံးဆီစျေးမှာ တစ်လီတာလျှင် ၁၉၀ ယန်း အထိ စံချိန်တင်မြင့်တက်ခဲ့ရာ အစိုးရက ထောက်ပံ့ကြေးများ ပေးအပ်ခြင်းဖြင့် တစ်လီတာလျှင် ၁၇၀ ယန်း (တစ်ဂါလန်လျှင် ၄.၁၆ ဒေါ်လာခန့်) ဝန်းကျင်တွင် ကန့်သတ်ထိန်းချုပ်ထားသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ ဖာတစ် ဘီရောလ်ကလည်း တိုကျိုမြို့သို့ ရောက်ရှိစဉ်အတွင်း လိုအပ်ပါက အရန်ဆီများ ထပ်မံထုတ်ယူရန်အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် တာကာအိချီ ကလည်း ဒေသတွင်းပဋိပက္ခများ ကြန့်ကြာနေပါက အရန်ဆီများ ထပ်မံထုတ်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် IEA ကို တိုက်တွန်းထားကြောင်း သိရှိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
