ဖခင်ဖြစ်သူ၏ တရားရင်ဆိုင်မှု ရှုံးနိမ့်ခဲ့ပြီးနောက် စပိန်နိုင်ငံတွင် အမျိုးသမီးငယ်တစ်ဦးကို ဆန္ဒအလျောက် အသက်အဆုံးစီရင်ပေး

News Image

  • ဖခင်ဖြစ်သူ၏ တရားရင်ဆိုင်မှု ရှုံးနိမ့်ခဲ့ပြီးနောက် စပိန်နိုင်ငံတွင် အမျိုးသမီး ငယ်တစ်ဦးကို ဆန္ဒအလျောက် အသက်အဆုံးစီရင်ပေး

ဘာစီလိုနာမြို့အနီး Sant Pere de Ribes ရှိ ဆေးဘက်ဆိုင်ရာဌာနတစ်ခုတွင် Noelia Castillo သည် ကြာသပတေးနေ့ (မတ် ၂၆) က အသက် အဆုံးစီရင်သည့်ဆေးဝါးကို ခံယူပြီးနောက် ကွယ်လွန်သွားခဲ့သည်။ သူမသည် မကွယ်လွန်မီအချိန်တွင် ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံခဲ့သော်လည်း အသက်အဆုံးစီရင်မည့် အချိန်အတိအကျတွင်မူ တစ်ဦးတည်းသာ ရှိနေလိုကြောင်း တောင်းဆိုခဲ့သည်။ သူမ၏ စိတ်ကူးကို ပြောင်းလဲနိုင်ရန် မျှော်လင့်ချက်ဖြင့် ရောက်ရှိလာသော ရင်းနှီးသည့်သူငယ်ချင်းတစ်ဦးကိုမူ ဆေးရုံကတွေ့ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။

Castillo သည် Borderline Personality Disorder (ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ချို့ယွင်းမှု) အပါအဝင် စိတ်ကျန်းမာရေးဝေဒနာများကို ခံစားခဲ့ရသူ ဖြစ်ပြီး ယခင်ကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းဖူးသူဖြစ်သည်။ သူမသည် နှစ်ရှည်လများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် လူစုလူဝေးဖြင့် ထပ်မံစော်ကားခံရမှုကြောင့် ငါးထပ်တိုက်ပေါ်မှခုန်ချကာ အသက်သေရန် ကြိုးစားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် သူမသည် နာတာရှည်နာကျင်ကိုက်ခဲမှုနှင့် ပြန်လည်ကုသ၍မရနိုင်သော ခါးအောက်ပိုင်းသေသွားသည့် (Paraplegia) ဝေဒနာကို ရရှိခဲ့ကာ ပြင်းထန်မသန်စွမ်းသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သူမ မကွယ်လွန်မီ တစ်ရက်အလိုတွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခု၌ Castillo က "ကျွန်မ ဆက်ပြီးတော့ မတောင့်ခံနိုင်တော့ဘူး ၊ နောက်ဆုံးတော့ ကျွန်မ ဒါကိုလုပ်ဆောင်နိုင်ခဲ့ပြီ၊ အခုတော့ ကျွန်မ အေးအေးချမ်းချမ်း အနားယူနိုင်မလားဆိုတာ ကြည့်ရတာပေါ့" ဟု ပြောကြားခဲ့သည်။ ထို့အပြင် "ကျွန်မရဲ့ မိသားစုဝင် တစ်ယောက်မှ ဒါကို သဘောမတူကြဘူး ၊ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မခံစားခဲ့ရသည့် နာကျင်မှုတွေကျတော့ ဘယ်လိုလုပ်မလဲ?" ဟုလည်း ဖြည့်စွက် ပြောဆိုခဲ့သည်။

Castillo သည် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ကတ်တလန် ကြီးကြပ်ရေးအဖွဲ့ မှတစ်ဆင့် အသက်အဆုံးစီရင်ခွင့် (Assisted Death) ကို လျှောက်ထားခဲ့ရာ အဖွဲ့က သူမသည် လိုအပ်သည့် ဥပဒေကြောင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်ကာ ခွင့်ပြုခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို ခရစ်ယာန်ရှေ့နေများအဖွဲ့ (Abogados Cristianos) ၏ ကိုယ်စားပြုမှုဖြင့် ဖခင်ဖြစ်သူက တရားရင်ဆိုင်ခဲ့ပြီး သူမ၏ အခြေအနေမှာ ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ သို့သော်လည်း စပိန် တရားလွှတ်တော်ချုပ်က သူမ၏အခွင့်အရေးကို အတည်ပြုပေးခဲ့ပြီး ဥရောပ လူ့အခွင့်အရေးတရားရုံးသို့ နောက်ဆုံးအဆင့် အယူခံဝင်မှုမှာလည်း ယခုလအစောပိုင်းတွင် ပယ်ချခံခဲ့ရသည်။

စပိန်မီဒီယာများ၏ ဖော်ပြချက်အရ Castillo သည် ၂၀၂၁ ခုနှစ်တွင် အသက်အဆုံးစီရင်ခြင်းဆိုင်ရာ ဥပဒေကိုအတည်ပြုပြီးနောက်ပိုင်း နိုင်ငံ အတွင်း အဆိုပါလုပ်ငန်းစဉ်ကို ခံယူခဲ့သူများထဲတွင် အသက်အငယ်ဆုံး စာရင်းဝင်တစ်ဦး ဖြစ်လာခဲ့သည်။ စပိန်နိုင်ငံသည် ပြင်းထန်ပြီး ကုသ၍ မရနိုင်သော ဝေဒနာရှင်များ သို့မဟုတ် ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည့် လူကြီးများအတွက် တင်းကျပ်သောစည်းကမ်းချက်များဖြင့် အသက်အဆုံးစီရင်ခွင့်ကို ခွင့်ပြုထားသည့် ဥရောပနိုင်ငံအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်ကုန်အထိ စုစုပေါင်း လူဦးရေ ၁,၁၂၃ ဦးသည် အဆိုပါလုပ်ငန်းစဉ်ကို ခံယူခဲ့ကြပြီးဖြစ်သည်။

Castillo ၏ အမှုသည် စပိန်နိုင်ငံတွင် အသက်အဆုံးစီရင်ခြင်းနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် တရားရုံး၌ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရသည့် အမှုဖြစ်ပြီး တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကိုရရှိခဲ့ကာ ဆေးဘက်ဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအကြား ငြင်းခုံဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ABC သတင်းဌာနသို့ ကျွမ်းကျင်သူအချို့က ပြောကြားရာတွင် သူမ၏ အခြေအနေမှာ အသက်အဆုံးစီရင်ခွင့်အတွက် ဥပဒေကြောင်းအရ သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ဆိုကြသော်လည်း အချို့ကမူ သူမ၏ စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းနှင့် အခြားသော ကုသနည်းလမ်းများကို အပြည့်အဝ ရှာဖွေခဲ့ခြင်း ရှိ၊ မရှိအပေါ် စိုးရိမ်ပူပန်မှုများရှိနေကြပြီး ထိုဖြစ်ရပ်ကို "လူမှုအဖွဲ့အစည်းနှင့်ဆေးပညာ လောက၏ ကျရှုံးမှု" ဟု ဖော်ပြခဲ့ကြသည်

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂