အမေရိကန်တိုက်လေယာဉ်တစ်စင်းကို အီရန်ပစ်ချ ကယ်ဆယ်ရေး လုပ်ဆောင်သည့် ရဟတ်ယာဉ်နှစ်စင်းအား ထပ်မံတိုက်ခိုက်
အီရန်တပ်မတော်သည် ၎င်းတို့၏ နိုင်ငံပိုင်နက်အတွင်း အမေရိကန်တို့၏ F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း တက်စနင်သတင်းဌာန အပါအဝင် ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြသည်။
အမေရိကန်တိုက်လေယာဉ်ပျက်ကျသည့် နေရာဟုယူဆရသောနေရာမှ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ ထွက်ပေါ်လာခဲ့ရာ ယင်းနေရာတွင် လေယာဉ်အပျက်အစီးများနှင့် လေယာဉ်မှူး ထိုင်ခုံတို့ပါဝင်သည်။ ထို့ပြင် ဓာတ်ပုံများအနက်တွင် ဥရောပရှိ အမေရိကန်လေတပ်မတော်ဟု ရေးသားထားသော အမှတ်အသားပါဝင်သည့် လေယာဉ်အမြီးပိုင်းနှင့် အခြားအစိတ်အပိုင်းများကို တွေ့ရှိရကြောင်းသိရသည်။
သို့သော်လည်း ပျက်ကျသွားသည့်လေယာဉ်မှာ F-15 အမျိုးအစားဖြစ်ကြောင်း အမေရိကန်အရာရှိများက အတည်ပြုခဲ့ပြီး လေယာဉ်မှူးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်းသတင်းစာ၏ ဖော်ပြချက်အရ အဆိုပါပျက်ကျခဲ့သည့်လေယာဉ်မှာ ဗြိတိန်နိုင်ငံ လေကင်ဟိသ်ဒေသရှိ ဗြိတိန်တော်ဝင်လေတပ်ဖွဲ့၏ အခြေစိုက်စခန်းတွင်အခြေပြုသည့် အမှတ် ၄၉၄ အမေရိကန်လေယာဉ်အုပ်မှ လေယာဉ် တစ်စင်းဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပျက်ကျသွားသော တိုက်လေယာဉ်မှာ F-35 အမျိုးအစားမဟုတ်ဘဲ F-15 အမျိုးအစား တိုက်လေယာဉ်ဖြစ်ကြောင်း လေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် လေယာဉ်မှူးနှစ်ဦးအနက် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်တစ်ဦးကို ကယ်ဆယ်နိုင်ရန်အတွက် ဆက်လက်ရှာဖွေ နေသည့် ကယ်ဆယ်ရေးရဟတ်ယာဉ်နှစ်စင်းအား အီရန်တပ်မတော်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု NBC သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါကယ်ဆယ်ရေးရဟတ်ယာဉ်များသည် အီရန်နိုင်ငံအတွင်း ပျက်ကျခဲ့သည့် F-15 တိုက် လေယာဉ်မှလေယာဉ်မှူးတစ်ဦးကို ရှာဖွေနေစဉ်အတွင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
ကယ်ဆယ်ရေး ရဟတ်ယာဉ်များ ပစ်ခတ်ခံခဲ့ရသော်လည်း ရဟတ်ယာဉ်နှစ်စင်းလုံးသည် စခန်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ သို့သော် အီရန်၏ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမေရိကန်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမေရိကန်အရာရှိများက အတည်ပြုထားသည်။
MWD
