တောင်ကိုရီးယားရိုးရာချွေးထုတ်ခန်းယဉ်ကျေးမှုကို ကမ္ဘာလှည့်ခရီးသွားတွေ နှစ်သက်သဘောကျမှု များပြားနေ
တောင်ကိုရီးယားနိုင်ငံရဲ့ထင်ရှားတဲ့ လူမှုဘဝပုံစံတစ်ခုဖြစ်တဲ့ Jjimjilbang (ဂျင်ဂျီဘန်း) ခေါ် အများသုံး ချွေးထုတ်ခန်းတွေဟာ ယခုအခါ နိုင်ငံတကာခရီးသွားတွေအကြား ရေပန်းအစားဆုံး ယဉ်ကျေးမှုဆိုင်ရာအတွေ့အကြုံတစ်ခုဖြစ်လာနေပါတယ်။
ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲတွေမှတစ်ဆင့် လူသိများလာခဲ့တဲ့ အဲဒီအပန်းဖြေနေရာတွေကို နိုင်ငံတကာမှ ခရီးသွားတွေ ပုံမှန်ထက် ပိုမိုလာရောက်လျက်ရှိနေပြီး ကိုရီးယားတွေရဲ့ထူးခြားတဲ့ လူနေမှုစနစ်ကို လက်တွေ့ခံစားနေကြပါတယ်။ ခရီးသွားတွေဟာ ဂျင်ဂျီဘန်းတွေမှာ တဘက်ကို သိုးဦးထုပ်ပုံစံ ခေါင်းပေါင်းခြင်း၊ ကြက်ဥပြုတ်စားခြင်းနဲ့ ကျောက်အပူခန်းတွေမှာ အပန်းဖြေခြင်းတို့ကို ကိုရီးယားဒေသခံတွေလိုပြုလုပ်လာကြပြီး ခန္ဓာကိုယ်မှ ဆဲလ်သေတွေကို စနစ်တကျ တိုက်ချွတ်ပေးတဲ့ ဆယ်ရှင်း ဝန်ဆောင်မှုဟာလည်း နိုင်ငံခြားသားတွေအတွက် ဆန်းသစ်တဲ့အတွေ့အကြုံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ချွေးထုတ်ခန်းတွေဟာ (၂၄) နာရီဖွင့်လှစ်ထားခြင်း၊ ဈေးနှုန်းသက်သာခြင်းနဲ့ အိပ်စက်နားနေခန်းတွေ၊ စားသောက်ဆိုင်တွေ ပါဝင်ခြင်းကြောင့် ခရီးသွားတွေအတွက် ဟိုတယ်တွေထက် ပိုမိုလွတ်လပ်ပြီး စရိတ်သက်သာတဲ့ အနားယူရာနေရာဖြစ်လာပါတယ်။
ယခင်က အနောက်နိုင်ငံသားတွေအတွက် အများသုံးရေချိုးခန်းမှာ အဝတ်အစားမပါဘဲ ရေချိုးရခြင်းဟာ အနည်းငယ် အနေရခက်စရာဖြစ်ခဲ့ပေမယ့် ယခုအခါမှာ ဒါကို ကိုရီးယားယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံလာကြပြီး ပွင့်လင်းစွာ ပါဝင်လာကြတာတွေ့ရပါတယ်။
ကိုရီးယားခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေကတော့ ဒီလိုရိုးရာအပန်းဖြေစနစ်ကို ခရီးသွားလုပ်ငန်းနဲ့ပေါင်းစပ်နိုင်ခြင်းဟာ နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ရာမှာ များစွာအထောက်အကူပြုတယ်လို့ သုံးသပ်ထားကြပါတယ်။
Np News
