အီရန်နှင့်စစ်ပွဲကြောင့် အမေရိကန်၏ လက်နက်အင်အား စိုးရိမ်ဖွယ်ရာအဆင့်ထိ လျော့နည်းလာကြောင်း အစီရင်ခံစာအသစ် ဖော်ပြ

News Image

  • အီရန်နှင့်စစ်ပွဲကြောင့် အမေရိကန်၏ လက်နက်အင်အား စိုးရိမ်ဖွယ်ရာ အဆင့်ထိ လျော့နည်းလာကြောင်း အစီရင်ခံစာအသစ် ဖော်ပြ

အမေရိကန်သည် အီရန်နှင့် (၇) ပတ်ကြာ ဖြစ်ပွားခဲ့သောစစ်ပွဲအတွင်း ၎င်း၏အရေးပါသော ဒုံးကျည်လက်နက်များကို အမြောက်အမြား အသုံးပြု ခဲ့ရသဖြင့် လက်ကျန်အင်အားမှာ စိုးရိမ်ဖွယ်ရာအဆင့်အထိ လျော့နည်းသွားကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ၏ ဆန်းစစ်ချက်အသစ်တစ်ခုတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာအရ ပြင်းထန်သော စစ်ဆင်ရေးများကြောင့် အမေရိကန်၏ အဆင့်မြင့်ဆုံး လက်နက်စာရင်းတွင်ပါဝင်သည့် တိကျသေချာသော တိုက်ခိုက်ရေးဒုံးကျည် (PrSM) ၏ ၄၅ ရာခိုင်နှုန်း၊ Patriot လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်၏ ၅၀ ရာခိုင်နှုန်းနီးပါးနှင့် THAAD ဒုံးကျည်လက်ကျန်၏ ထက်ဝက်ကျော်တို့ ကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် Tomahawk၊ JASSM နှင့် SM-3/6 ဒုံးကျည်များမှာလည်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့နည်းသွားကြောင်း သိရှိရသည်။

ပင်တဂွန်စစ်ဌာနချုပ်ကမူ အရှေ့အလယ်ပိုင်းတွင် ဆက်လက်စစ်ဆင်ရန် လုံလောက်သော အင်အားရှိကြောင်း ပြောကြားထားသော်လည်း CSIS ကမူ ယခုကဲ့သို့ လက်နက်အင်အား ပြတ်လပ်မှုကြောင့် နောက်ထပ် ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခများ၊ အထူးသဖြင့် တရုတ်ကဲ့သို့သော အဆင့်တူ ပြိုင်ဘက်နိုင်ငံများနှင့် စစ်ပွဲဖြစ်ပွားလာပါက အမေရိကန်အတွက် အားနည်းချက်ကြီးတစ်ခုဖြစ်လာနိုင်သည့် "ကာလတိုအတွင်း စွန့်စားရမှု" (Near-term risk) နှင့် ရင်ဆိုင်နေရကြောင်း သတိပေးထားသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ယင်းလက်နက်တိုက်များကို ပြန်လည် ဖြည့်တင်းရန် မှာ အချိန် ၁ နှစ်မှ ၄ နှစ်အထိ ကြာမြင့်နိုင်ပြီး လိုအပ်သောအဆင့်အထိ ရောက်ရှိရန်မှာ နောက်ထပ်နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။

အခြေအနေများမှာ စိုးရိမ်ဖွယ်ရှိသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ Sean Parnell တို့က အမေရိကန်တွင် လုံလောက်သောလက်နက်အင်အား ရှိနေသေးကြောင်းနှင့် ‘သမ္မတ ရွေးချယ်သည့် အချိန်နှင့်နေရာ၌’ အကောင်အထည်ဖော်ရန် အသင့် ရှိကြောင်း ပြောဆိုခဲ့ကြသည်။ 

သို့သော်လည်း ထရမ့်အစိုးရသည် ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၁.၅ ထရီလီယံခန့်ရှိသော စံချိန်တင်စစ်သုံးစရိတ်ကို တောင်းခံထားပြီး ယင်းငွေများကို လက်နက်များ ပြန်လည်ဖြည့်တင်းရန် အဓိကထားအသုံးပြုမည်ဖြစ်သည်။ ထို့အပြင် ပင်တဂွန်သည် ခဲယမ်းများ အလျင်အမြန် ထုတ်လုပ်နိုင်ရေးအတွက် General Motors နှင့် Ford ကဲ့သို့သော အရပ်ဘက် မော်တော်ယာဉ်စက်ရုံများကို စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုများဆီသို့ လမ်းကြောင်းပြောင်းလဲရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး