အီရန်သို့ လက်နက်ပေးပို့မည့်အစီအစဉ် ပျက်ပြားမှုအပေါ် ကာ့ဒ်တပ်ဖွဲ့ များအား သမ္မတ ထရမ့် ဝေဖန်

News Image

  • အီရန်သို့ လက်နက်ပေးပို့မည့်အစီအစဉ် ပျက်ပြားမှုအပေါ် ကာ့ဒ်တပ်ဖွဲ့ များအား သမ္မတ ထရမ့် ဝေဖန်

အီရန်အစိုးရအား ဆန့်ကျင်သည့် လူထုအုံကြွမှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အီရန်ပြည်သူများထံ လက်နက်များပေးပို့မည့် အစီအစဉ်တွင် ကာ့ဒ်တပ်ဖွဲ့များ၏ လုပ်ဆောင်ချက်အပေါ် မိမိအနေဖြင့် အလွန် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (မေ ၁၁) တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။

အီရန်ပြည်သူများသည် လမ်းပေါ်ထွက်ဆန္ဒပြလိုကြသော်လည်း လက်နက်ကိုင်ဆောင်နိုင်ခြင်း မရှိကြောင်း၊ အဆိုပါ လက်နက်များကို ကာ့ဒ်လူမျိုးများ မှတစ်ဆင့် ဖြန့်ဝေပေးရန် မျှော်လင့်ခဲ့သော်လည်း ကာ့ဒ်တပ်ဖွဲ့များက ကတိအတိုင်းလုပ်ဆောင်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ကြောင်း သတင်းထောက်များကို ရှင်းလင်းပြောဆိုခဲ့သည်။

ယခုနှစ် မတ်လအတွင်းက CIA သည် အီရန်နိုင်ငံအတွင်း ပြည်သူ့အုံကြွမှု ဖော်ဆောင်ရန်အတွက် ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့များအား လက်နက် တပ်ဆင်ပေးရန် စီစဉ်နေကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။ သို့သော် သမ္မတထရမ့်ကမူ ၎င်းအနေဖြင့် အဆိုပါ စီမံကိန်းအပေါ် ကနဦး ကတည်းကပင် သဘောထားကွဲလွဲမှုရှိခဲ့ပြီး အောင်မြင်မည်မဟုတ်ကြောင်းကြိုတင်ခန့်မှန်းခဲ့သည်ဟု ဆိုသည်။ အမေရိကန်အစိုးရအနေဖြင့် ကျည်ဆန် နှင့်သေနတ်များကို ကာ့ဒ်တပ်ဖွဲ့များထံပေးပို့ခဲ့သော်လည်း အဆိုပါလက်နက်များကို အီရန်ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေခြင်းမရှိဘဲ ကာ့ဒ်များ ကသာ ကိုယ်တိုင်သိမ်းဆည်းထားခဲ့ကြောင်း ထရမ့်က ပြင်းထန်စွာ ဝေဖန် ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး