သြစတြီးယားမှ ယူကရိန်းသို့ ဒေါ်လာ ၂၂ ဘီလီယံနီးပါး လျှို့ဝှက်ပေးပို့မှုရှိ

News Image

  • သြစတြီးယားမှ ယူကရိန်းသို့ ဒေါ်လာ ၂၂ ဘီလီယံနီးပါး လျှို့ဝှက်ပေးပို့မှုရှိ

သြစတြီးယားနိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်မှစ၍ ဒေါ်လာ ၂၂ ဘီလီယံနီးပါးတန်ဖိုးရှိ ငွေသားနှင့်ရွှေများ လျှို့ဝှက်ပေးပို့မှုရှိကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းချက်ပေးရန် သြစတြီးယားနိုင်ငံရေးသမားတစ်ဦးက ဘဏ္ဍာရေးဝန်ကြီးဌာနကို တောင်းဆိုကြောင်း သိရသည်။ 

ယူကရိန်းနိုင်ငံသို့ ယူရို ၁၂ ဘီလီယံ (ဒေါ်လာ ၁၄ ဘီလီယံခန့်) နှင့် ဒေါ်လာ ၇ ဒသမ ၇၅ ဘီလီယံခန့်ရှိသော ငွေသားနှင့် ရွှေတင်ပို့မှု ပေါင်းအကြိမ်ရေ ၁၀၃၀ ကို စစ်ဇုန်အတွင်းသို့ သယ်ယူပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သြစတြီးယားလွတ်မြောက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ခရစ္စတီယန်ဟာဖနက်ကာကပြောသည်။

သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် ယူရို ၁၂၀၀၀ ထုတ်ယူပါက ငွေကြေးအရင်းအမြစ်ကိုသက်သေပြရပြီး ယူရို ၁၀၀၀၀ ထက်ပို၍ နယ်စပ်ဖြတ်ကျော်ပါက ကြေညာရသော်လည်း ယူကရိန်းသို့ အလုံးအရင်းဖြင့်ပေးပို့မှုများကိုမူ ဘဏ္ဍာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခြင်း မရှိဘဲ လျစ်လျူရှုထားကြောင်း ၎င်းကဝေဖန်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ   ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဉ်းအတိုင်းစစ်ဆေးပြီး လွှတ်တော်သို့ အစီရင်ခံတင်ပြရန် ၎င်းကတောင်းဆိုထားသည်။ ယူကရိန်းနိုင်ငံတွင် အဂတိလိုက်စားမှုနှင့် ငွေအလွဲသုံးစားမှု သတင်းထွက်ပေါ်နေစဉ် ၎င်းက ယခုကဲ့သို့တောင်းဆိုခြင်း ဖြစ်သည်။                           

Ref: RT

MWD