အမေရိကန်က ရုရှားရေနံအပေါ်ပိတ်ဆို့မှုကင်းလွတ်ခွင့် ထပ်မံ သက်တမ်းတိုး
အမေရိကန်အစိုးရသည် ရေနံတင်သင်္ဘောများပေါ်သို့ တင်ဆောင်ပြီးဖြစ်သည့် ရုရှားရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို ဆက်လက် ပို့ဆောင် ရောင်းချခွင့်ပြုမည့် ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်အား နောက်ထပ် ရက်ပေါင်း ၃၀ ထပ်မံသက် တမ်းတိုးလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Scott Bessent က ကြေညာခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများကြောင့် ကမ္ဘာ့ပင်လယ်ရေကြောင်း ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းလျက်ရှိသည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့လုနီးပါးဖြစ်ခဲ့ရပြီး ယင်း၏ နောက်ဆက်တွဲအဖြစ်ဖြစ်ပေါ်လာသော ရေနံပြတ်လပ်မှုနှင့် စျေးနှုန်းမြင့်တက်မှုများကိုလျှော့ချရန်အတွက် ဝါရှင်တန်က ယခုကဲ့သို့ ကင်းလွတ်ခွင့်ကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် လတ်တလော ပင်လယ်ပြင်တွင် သောင်တင်နေသော ရုရှားရေနံများကို အထိခိုက်လွယ်ဆုံးနိုင်ငံများက ယာယီရယူ အသုံးပြုနိုင်ရန်နှင့် ရေနံစိမ်းစျေးကွက်တည်ငြိမ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး လက်ရှိပိတ်ဆို့မှုများမတိုင်မီကတည်းက ရေကြောင်း၌ ရှိနေနှင့်ပြီးသော ကုန်စည်များအတွက်သာ အကျုံးဝင်ကာ ရေနံအသစ်ထပ်မံ ဝယ်ယူခွင့်ပြုခြင်းမဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ရှင်းလင်းပြောကြား ထားသည်။
သို့သော်လည်း ယခုလုပ်ဆောင်ချက်သည် လက်ရှိအချိန်ထိ အမေရိကန် ပြည်တွင်း၌ မြင့်တက်နေဆဲဖြစ်သော ဓာတ်ဆီစျေးနှုန်းများကို ကျဆင်းစေရန် ထိရောက်မှုမရှိသေးကြောင်း ရိုက်တာသတင်းဌာနက ထောက်ပြထားသည်။ တစ်ဖက်တွင်လည်း ယူကရိန်းပဋိပက္ခကြောင့် ရုရှားအပေါ် ပိတ်ဆို့မှုများ ပြင်းပြင်းထန်ထန်ချမှတ်ထားစဉ် အမေရိကန်က ယခုကဲ့သို့ ဖြေလျှော့ပေးလိုက်ခြင်းအပေါ် ဥရောပသမဂ္ဂ (EU) က ဝေဖန်လိုက်ပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် က ယခုအချိန်သည် ရုရှားအပေါ်ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးရမည့် အချိန်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
ထို့အပြင် အီရန်စစ်ပွဲကြောင့် ကမ္ဘာကြီးသည် အကြီးမားဆုံး စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ဥရောပသည် အဆိုးရွားဆုံးရိုက်ခတ်မှုကိုခံရနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) က သတိပေးထားချိန်တွင် မော်စကိုဘက်ကမူ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်ဖြစ်ပေါ်လာမည့် မည်သည့်ရေနံပြတ်လပ်မှုကိုမဆို ဖြည့်ဆည်းပေးရန်အသင့်ရှိကြောင်း အရိပ်အမြွက် ပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,