အမေရိကန်နှင့် ဂျပန် လူကုန်ကူးမှုအပါအဝင် မူးယစ်ဆေးဝါးထိန်းချုပ်ရေး အချက်အလက်များ မျှဝေရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
တိုကျို မေ ၂၂
လူကုန်ကူးမှု အပါအဝင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အချက်အလက်များ မျှဝေခြင်းအတွက် အမေရိကန် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့နှင့် ဂျပန် ကမ်းရိုးတန်းစောင့်တပ်တို့သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ အချက်အလက်များ မျှဝေရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို တိုကျိုမြို့ရှိ အမေရိကန်သံရုံးတွင် ယနေ့လက်မှတ်ရေးထိုးခဲ့သည်။ ဂျပန်နိုင်ငံမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ခိုးသွင်းနိုင်သည့် ဖန်တနယ်လ်ဆေးနှင့် ပါဝင်ပစ္စည်းများဆိုင်ရာ သတင်းအချက်အလက်များကိုလည်း မျှဝေမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ယမန်နှစ်က မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသူ အရေအတွက် ၇၀၀၀၀ ခန့်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ဂျပန်နိုင်ငံတွင် လူငယ်လူရွယ်များကြားတွင် ဆေးခြောက်သုံးစွဲမှုသည် ဆိုးရွားသောပြဿနာတစ်ခု ဖြစ်လာပြီး နိုင်ငံရပ်ခြား ရာဇ၀တ်မှုကွန်ရက်များ ပါ၀င်သည်ဟုယူဆရသည့် မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက်သည်လည်း နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျော့ရှ်ဂလက်စ်က သမ္မတထရမ့်အစိုးရအဖွဲ့သည် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ဆန့်ကျင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု တိုးမြှင့် ခြင်းသည် ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်များကို ဖျက်သိမ်းရာတွင် အထောက်အကူဖြစ်စေကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဂျပန်ကမ်းခြေစောင့်တပ်၏ စစ်ဆင်ရေးဆိုင်ရာ ဒုတိယတပ်မှူး ကာနိုဆူ ဟီရိုကီက ဂျပန်နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာမှု အချက်အလက်များကိုပေးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ သတင်းအချက်အလက်မျှဝေခြင်းသည် တန်ပြန်ဆောင်ရွက်ရေးဆိုင်ရာ နည်းလမ်းများချမှတ်ရာတွင် အထောက်အကူဖြစ်စေမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
MDN

,
,