၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ ပထဝီဝင်ဘာသာရပ် သိကောင်းစရာများ
၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ ပထဝီဝင်ဘာသာရပ် သိကောင်းစရာများ
အခြေခံပညာအထက်တန်း ဒွါဒသမတန်း ကျောင်းသား ကျောင်းသူများအနေဖြင့် ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မကြာမီဖြေဆိုကြရမှာဖြစ်သည်။ ဒါကြောင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ပထဝီဝင် ဘာသာရပ်နဲ့ပတ်သက်ပြီး လွယ်ကူချောမွေ့စွာဖြေဆိုနိုင်ရန်ရည်ရွယ်ပြီး စာမေးပွဲအထောက်အကူပြု ပထဝီဝင်ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ယနေ့ သင်ကြားပို့ချမှာဖြစ်သည်။
ရှေးဦးစွာ ဒွါဒသမတန်း ပထဝီဝင်ဘာသာရပ်အတွက် ပြဋ္ဌာန်းထားသော ကျောင်းသုံးစာအုပ်တွင်ပါရှိသည့် သင်ခန်းစာများကို အကျဉ်းမျှ ရှင်းလင်းဖော်ပြလိုပါသည်။ ထိုကျောင်းသုံးစာအုပ်တွင် သင်ခန်းစာ အခန်းကြီး(၅)ခန်း ပါဝင်ပါသည်။
အခန်း (၁)သည် ကမ္ဘာ့တိုက်ကြီးများ၏ သဘာဝပထဝီဝင်ဖြစ်ပြီး အာဖရိကတိုက်၊ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ ဥရောပတိုက်နှင့် ဩစတြေးလျတိုက်များအကြောင်းပါဝင်သည်။ ဒီအခန်းမှာ ကမ္ဘာ့တိုက်ကြီးတစ်ခုချင်းစီ၏ တည်နေရာ၊ အကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင်နှင့် ရေဆင်းတို့ကို အခြေခံပြီး ရာသီဥတု၊ သဘာဝပေါက်ပင်နှင့် မြေဆီလွှာတို့ ကွဲပြားသွားပုံများကို လေ့လာကြရမှာဖြစ်သည်။
အခန်း (၂) ကမ္ဘာပေါ်ရှိ စီးပွားကုန်ထုတ်လုပ်ငန်းများအကြောင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားများနှင့် ၎င်းလုပ်ငန်းတို့ပျံ့နှံ့တည်ရှိရာဒေသများ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်သွယ်ရေးတို့ပါဝင်ပါသည်။ ဒီသင်ခန်းစာမှာ အခြေခံကျသော စီးပွားကုန်ထုတ် လုပ်ငန်းများကို လေ့လာပြီးနောက် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးအရေးပါပုံ၊ ကုန်သွယ်ရေး အရေးပါပုံများကို လေ့လာသင်ကြားရမှာဖြစ်သည်။
အခန်း (၃)သည် ပတ်ဝန်းကျင်ဆိုင်ရာပထဝီဝင်ဖြစ်ပြီး ကမ္ဘာ့လေထု၊ လေထုညစ်ညမ်းမှု၊ ၎င်း၏ အကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုကို ကာကွယ်ထိန်းချုပ်သောနည်းလမ်းများ၊ ဥပမာအဖြစ် နိုင်ငံအချို့၏ လေထုညစ်ညမ်းမှုအခြေအနေများကို ရှင်းပြထားသည်။ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်၍ ကမ္ဘာ့လေထုညစ်ညမ်းစေသည့်အကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် သက်ရှိနှင့် ဂေဟစနစ်အပေါ် ထိခိုက်မှုများ၊ ကာကွယ်ထိန်းချုပ်နိုင်မည့် နည်းလမ်းများကို လေ့လာကြရမှာဖြစ်သည်။
အခန်း (၄) ဒေသန္တရပထဝီဝင်မှာ အမေရိကတိုက်များမှ ရွေးချယ်ထားသော နိုင်ငံ(၅)နိုင်ငံ ဖြစ်သည့် ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနိုင်ငံ၊ ဘရာဇီးနိုင်ငံနဲ့ အာဂျင်တီးနားနိုင်ငံများအကြောင်း ပါဝင်ပါတယ်။
ဒီသင်ခန်းစာမှာတော့ နိုင်ငံတစ်နိုင်ငံချင်းစီ၏ မတူကွဲပြားစွာ ဖွံ့ဖြိုးတိုးတက်လာပုံများကို လေ့လာသင်ကြားကြရမှာဖြစ်သည်။
အခန်း (၅) သည် လက်တွေ့ပထဝီဝင်ဖြစ်ပြီး အဝေးမှစူးစမ်းလေ့လာမှုနည်းပညာ (Remote Sensing) နှင့် ပထဝီဝင်သတင်းအချက်အလက်စနစ်များ (Geographic Information Systems) အကြောင်းဖြစ်သည်။ အဝေးမှစူးစမ်းလေ့လာမှုနည်းပညာ၏ အခြေခံနိယာမများကို သိရှိစေပြီး ဂြိုဟ်တုပုံရိပ်များအကြောင်းနားလည်စေရန်နှင့် ပထဝီဝင်သတင်းအချက်အလက်စနစ်များတွင် ပေါင်းစပ်ပါဝင်သောအခြင်းအရာများ၊ အသုံးပြုသော အချက်အလက်အမျိုးအစားများ၊ မြေပုံနှင့်သက်ဆိုင်သောအကြောင်းအရာများကို နားလည်သဘောပေါက်စေရန်ဖြစ်သည်။
လက်တွေ့ပထဝီဝင်အပိုင်းမှာ အခြေခံသဘောတရားများကို သိနားလည်ရန်အပြင် တွက်ချက်မှုများကိုလည်း ကျွမ်းကျင်ရန်လိုသည်။ အဆင့်မြင့်သတင်း အချက်အလက်နည်းပညာ တစ်ခုကို တက္ကသိုလ်အဆင့်တွင် ဆက်လက်လေ့လာနိုင်စေရန် အခြေခံများကို ထည့်သွင်းသင်ကြားထားခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး ၂၀၂၆ ခုနှစ်တွင်ကျင့်သုံးမည့် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် မေးခွန်းပုံစံကို ရှင်းပြပါမည်။ မေးခွန်းတွင် အပိုင်း(က)မှ အပိုင်း(စ)အထိ အပိုင်း(၆)ပိုင်း ပါဝင်ကာ အပိုင်းအားလုံးကို ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲဖြေဆိုချိန် ၃ နာရီဖြစ်ပြီး စုစုပေါင်းပေးမှတ် ၁ဝဝ ဖြစ်သည်။
ပထဝီဝင်ဘာသာရပ်မေးခွန်းတွင် အပိုင်း(က)သည် ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြစ်သည်။ ကျောင်းသား ကျောင်းသူများသည် သင်ခန်းစာများအားလုံးကို ခြုံငုံသိနားလည်စေရန်နှင့် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်စဉ်းစားဖြေဆိုသည့် အလေ့အကျင့်ကောင်းများရရန်အတွက် ဓမ္မဓိဋ္ဌာန်မေးခွန်းများကို ထည့်သွင်းထားခြင်းဖြစ်ပါသည်။ မေးခွန်းအားဖြင့် နံပါတ် ၁ ဖြစ်ကာ ၁(က)၊ ၁ (ခ)နှင့် ၁ (ဂ)ဟူ၍ (၃)ပိုင်းပါရှိမည်။ မေးခွန်း ၁ (က)သည် မှား မှန်ရွေး၊ မေးခွန်း ၁(ခ)သည် ကွက်လပ်ဖြည့်ရန်နှင့် မေးခွန်း ၁(ဂ)သည် ပေးထားသောအဖြေများထဲမှ အဖြေမှန်တစ်ခုကို ရွေးရန်ဖြစ်သည်။ မေးခွန်း ၁ (က)အတွက် ၁၀ မှတ်၊ ၁ (ခ)အတွက် ၁၀ မှတ်နှင့် ၁ (ဂ)အတွက် ၁၀ မှတ်ဖြစ်ပြီး အပိုင်း (က) တစ်ခုလုံးအတွက် စုစုပေါင်း (၃၀)မှတ် ပေးထားခြင်းဖြစ်သည်။ ထိုဓမ္မဓိဋ္ဌာန်မေးခွန်းများကို ဒွါဒသမတန်းသင်ရိုး ပထဝီဝင်ဘာသာရပ် ကျောင်းသုံးစာအုပ်ရှိ အခန်း(၁)မှ (၅)အထိ အပိုင်းအားလုံးပါဝင်ပြီး အပိုင်းတစ်ပိုင်းစီမှ အညီအမျှထုတ်နုတ်ပြီး မေးမည်ဖြစ်သည်။
အပိုင်း(ခ)တွင် ပြဋ္ဌာန်းထားသည့် သင်ရိုးဖတ်စာအုပ်မှ သင်ခန်းစာ အခန်း (၁) ကမ္ဘာ့တိုက်ကြီးများ၏ သဘာဝပထဝီဝင်အပိုင်းကို မေးမှာဖြစ်ပြီး မေးခွန်းအားဖြင့် မေးခွန်းနံပါတ် (၂) ဖြစ်သည်။ ထိုမေးခွန်းနံပါတ် (၂)တွင် မေးခွန်းရှည်(Essay Type)တစ်ပုဒ် သို့မဟုတ် ပေးထားသည့်အကြောင်းအရာ(၃)ခုမှ ကြိုက်နှစ်သက် ရာ နှစ်ခုကို မှတ်စုတိုအဖြစ် ရွေးချယ်၍ ဖြေဆိုနိုင်မည်။ မေးခွန်းရှည် တစ်ပုဒ်တည်းဖြေက ၁၄ မှတ်ရပြီး ကြိုက်နှစ်သက်ရာ နှစ်ပုဒ်ကို ရွေးချယ်၍ မှတ်စုတိုဖြေက တစ်ပုဒ်ကို ၇ မှတ်စီဖြင့် ၁၄ မှတ် ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ၁၄ မှတ်တန်ကို မေးခွန်းရှည်ဆိုပါက တစ်ပုဒ်တည်း ဖြေရန်ဖြစ်ပြီး ထိုမေးခွန်းရှည်ကိုမဖြေလိုက ပေးထားသည့်သုံးခုအနက် နှစ်ပုဒ်ကို မေးခွန်းတိုအဖြစ် ဖြေရန်ဖြစ်သည်။
ကျန်အပိုင်းများဖြစ်တဲ့ အပိုင်း(ဂ) ကမ္ဘာပေါ်ရှိ စီးပွားကုန်ထုတ်လုပ်ငန်းများ၊ အပိုင်း (ဃ) ပတ်ဝန်းကျင် ဆိုင်ရာပထဝီဝင်၊ အပိုင်း (င) ဒေသန္တရပထဝီဝင်နဲ့ အပိုင်း(စ) လက်တွေ့ပထဝီဝင်တို့ကိုလည်း မေးခွန်းရှည်၊ မေးခွန်းတိုဖွဲ့စည်းပုံကို အထက်မှာ ပြောခဲ့သည့်ပုံစံအတိုင်း မေးသွားမှာဖြစ်တယ်။
မေးခွန်းအပိုင်း(စ) သည် လက်တွေ့ပထဝီဝင်ဖြစ်ပြီး မေးခွန်းအားဖြင့် နံပါတ်(၆)ဖြစ်သည်။ မေးခွန်းဖွဲ့စည်းပုံမှာ ရှေ့ကအပိုင်းများကဲ့သို့ပင်ဖြစ်သည်။ မေးခွန်းရှည်တစ်ပုဒ် သို့မဟုတ် မေးခွန်းတိုနှစ်ပုဒ် ရွေးချယ်ဖြေဆိုရန်ဖြစ်သည်။ သို့သော် လက်တွေ့ပထဝီဝင်တွင် အဝေးမှစူးစမ်းလေ့လာမှုနည်းပညာနှင့် ပထဝီဝင် သတင်းအချက်အလက်စနစ်များဟူ၍ အဓိကအပိုင်းကြီး(၂)ပိုင်းရှိရာ ၎င်းတို့အနက်မှ တစ်ပိုင်းသည် မေးခွန်းရှည်ဖြစ်က ကျန်အပိုင်းသည် မေးခွန်းတိုသုံးပုဒ်အနက် နှစ်ပုဒ်ကို မှတ်စုတိုရွေးချယ်ဖြေရမည့် အပိုင်းဖြစ်မည်။
မေးခွန်းရှည်အပိုင်းတွင် Essay Type ရေးသားဖြေဆိုရသော မေးခွန်းဖြစ်နိုင်သကဲ့သို့ တွက်ချက်ဖြေဆို ရသည့် ပုစ္ဆာများလည်း မေးနိုင်သည်။ ဥပမာအားဖြင့် ကွန်ပျူတာတွင် အချက်အလက်များသိမ်းဆည်းရန် လိုအပ်သောပမာဏကို ရှာဖွေခြင်းကဲ့သို့သော တွက်ချက်မှုများကို မေးနိုင်ပါသည်။ ထို့အတူ ပထဝီဝင် သတင်းအချက်အလက်စနစ်များ သင်ခန်းစာအပိုင်းမှ အခြေခံသဘောတရားများ၊ သိသင့်သည့် အကြောင်း အရာများကို မေးခွန်းရှည်အဖြစ်မေးနိုင်ပါသည်။
လက်တွေ့ပထဝီဝင်၏ မေးခွန်းတိုအပိုင်းတွင်မူ ပထဝီဝင်သတင်းအချက်အလက်စနစ်များ သင်ခန်းစာမှ ပုံများပေးထားပြီး တည်နေရာဆိုင်ရာအချက်အလက်များကို မှတ်သားဖော်ပြခိုင်းသည့် ကိုဩဒိနိတ်မေးခွန်း မျိုးလည်း မေးနိုင်ပါသည်။ တွက်ချက်ရန် မေးခွန်းတိုပုစ္ဆာအဖြစ် ၇ မှတ်တန်လည်း မေးနိုင်ပါသည်။
ယခု နမူနာအားဖြင့် Remote Sensing အပိုင်းမှ တွက်ချက်ရန် ၁၄ မှတ်တန် ပုစ္ဆာတစ်ခုကို ရှင်းလင်း တွက်ပြပါမည်။ အဝေးမှ စူးစမ်းလေ့လာမှုနည်းပညာတွင် လေ့လာမည့်ရည်ရွယ်ချက်များပေါ်မူတည်ပြီး ဂြိုဟ်တုနှင့် အာရုံခံကိရိယာစနစ်အမျိုးမျိုးရှိသည်။ Grade 12 ပထဝီဝင်ဘာသာရပ် ကျောင်းသုံးစာအုပ်၏ စာမျက်နှာ ၁၅၈ ရှိ ဇယားအမှတ် (၅.၃) တွင် ဂြိုဟ်တုများနှင့် ၎င်းတို့၏ လက္ခဏာရပ်များကို ဖော်ပြထား ပါသည်။ ထိုဇယားတွင် ဖော်ပြထားသည့်အချက်များအနက် အိန္ဒိယနိုင်ငံမှလွှတ်တင်ထားသောဂြိုဟ်တု IRS LISS 4 ၏ အချက်အလက်များကို ကွန်ပျူတာတွင် သိမ်းဆည်းရန်ပမာဏ မည်မျှလိုမည်နည်း ဆိုသည့်ပုစ္ဆာကို နမူနာအားဖြင့် ရှင်းလင်းတွက်ပြမှာဖြစ်ပါတယ်။ IRS LISS 4 နှင့် သက်ဆိုင်သောအချက်အလက်များကို မေးခွန်းတွင် ဖော်ပြပေးထားမှာဖြစ်တယ်။
ပထမဦးစွာ မေးခွန်းပုစ္ဆာတွင်ပေးထားသော အချက်အလက်များကို ချရေးရန်ဖြစ်သည်။ ပုစ္ဆာပါ IRS LISS 4 ၏ အချက်အလက်များကို အောက်ပါအတိုင်း ရေးသားနိုင်သည်။

ထို့နောက် ပုစ္ဆာကမေးထားသော ရှာရန်အချက်ကို အောက်ပါအတိုင်း ရေးသားဖော်ပြပြီးလျှင် တွက်ချက် ခြင်းကို အဆင့်လိုက် တစ်ဆင့်ချင်းတွက်သွားရန်ဖြစ်သည်။
ရှာရန်။ ။ ကွန်ပျူတာတွင်အချက်အလက်သိမ်းဆည်းရန် လိုအပ်သောပမာဏ = ?
တွက်ချက်ရာတွင် တွက်နည်းအဆင့်ဆင့်ကို သဘောပေါက်နားလည်ရန်လိုသည်။ ထိုသဘောတရားကို နားလည်ထားပါက မည်သည့်ဂြိုဟ်တုဓာတ်ပုံ၊ မည်သည့်အာရုံခံကိရိယာအကြောင်းကို အခြေခံ၍ မေးစေကာမူ အလွယ်တကူ တွက်ချက်ဖြေဆိုနိုင်မည်ဖြစ်သည်။
ကျောင်းသား ကျောင်းသူများ သိရှိနားလည်ထားရမည်မှာ အာရုံခံကိရိယာမှ မှတ်တမ်းတင်သောပုံရိပ်များကို အတိုင်များ(Columns)၊ အတန်းများ(Rows)ဖြင့် ဖွဲ့စည်းထားသည့် သေးငယ်သောစတုရန်း ဂရစ်ကွက်များအတွင်း မှတ်တမ်းတင်သိမ်းဆည်းသည်။ ၎င်းစတုရန်းဂရစ်ကွက် တစ်ကွက်ချင်းကို ပစ်ဇယ် (Pixel)ဟု ခေါ်သည်။
တစ်နည်းအားဖြင့် ပစ်ဇယ်ဆိုသည်မှာ ဂြိုဟ်တုတွင်တပ်ဆင်ထားသောအာရုံခံကိရိယာမှ မြေပြင်ပေါ်ရှိအရာဝတ္ထုများကို မှတ်တမ်းတင်နိုင်သည့် အသေးငယ်ဆုံး မြေပြင်ဧရိယာဖြစ်သည်။ ပစ်ဇယ်အရွယ်အစား(Pixel size)သေးသေးဖြင့်မှတ်နိုင်လေ မြေပြင်ပေါ်ရှိအရာဝတ္ထုများ - ဥပမာ အဆောက်အအုံ၊ ကားလမ်း စသည်တို့ကို ပို၍အသေးစိတ်ထင်ရှားပြတ်သားစွာ တွေ့ရလေဖြစ်တယ်။ ဥပမာအားဖြင့် ပစ်ဇယ်အရွယ်အစား ၄ မီတာသည် ၃၀ မီတာထက်ပုံရိပ်ကို ပို၍ထင်ရှားပြတ်သားစွာ အသေးစိတ်မြင်ရမည်ဖြစ်သည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် နောက်ထပ်သိထားရမည့်အချက်မှာ ဂြိုဟ်တုဓာတ်ပုံဆိုသည်မှာ ဂြိုဟ်တုတွင်တပ်ဆင်ထားသော အာရုံခံကိရိယာမှ ကမ္ဘာ့မျက်နှာပြင်ရှိအခြင်းအရာများကို မှတ်တမ်းတင် ကူးယူခြင်းဖြစ်သည်။ ယခုပုစ္ဆာတွင် ပေးထားသော IRS LISS 4 မှ ရိုက်ယူသောပုံရိပ်၏ မြင်ကွင်းအကျယ်သည် ၂၄ ကီလိုမီတာ ဖြစ်သည်။ ၎င်းမှာမြေပြင်ပေါ်တွင် အလျား ၂၄ ကီလိုမီတာနှင့် အနံ ၂၄ ကီလိုမီတာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် မြေပြင်အလျား ၂၄ ကီလိုမီတာပေါ်မှာ ပစ်ဇယ်အရွယ်အစား ၅.၈ မီတာရှိသော အကွက်များ ဖြင့် တစ်လိုင်းချင်းမှတ်တမ်းတင်သွားမှာဖြစ်၍ ပုံရိပ်တွင်ရှိသော အတန်းလိုက် (အလျားလိုက်) မျဉ်းအရေ အတွက်ကို ရှာရန်လိုအပ်သည်။ ထိုမျဉ်းအရေအတွက်ကိုရရန် အလျား ၂၄ ကီလိုမီတာကို မြေပြင်ပေါ်ရှိ အရာဝတ္ထုများကို အသေးစိတ်ခွဲခြားနိုင်သည့်အရွယ်အစား(Pixel size) ၅.၈ မီတာနှင့် စားရမှာဖြစ်သည်။ အရင်ဆုံး ၂၄ ကီလိုမီတာကို ယူနစ်တူအောင် မီတာသို့ ပြောင်းဖို့လိုသည်။ ၂၄ ကီလိုမီတာကို ၁၀၀၀ မီတာနှင့် မြှောက်ရမည် (၂၄ ကီလိုမီတာ x ၁၀၀၀ မီတာ)။ မြှောက်၍ရသောကိန်းကို မြေပြင်ပေါ်ရှိအရာဝတ္ထုများကို အသေးစိတ်ခွဲခြားနိုင်သည့် အရွယ်အစား(Pixel size) ၅.၈ မီတာဖြင့် စားပါက ပုံရိပ်တွင်ရှိသော အလျားလိုက် တန်းအရေအတွက် ၄၁၃၈ ကိုရမှာဖြစ်သည်။
ထို့နောက် ပုံရိပ်တွင်ရှိသော အလျားလိုက်တန်းတစ်တန်းတွင်ပါဝင်မည့် ပစ်ဇယ်အရေအတွက်ကို ရှာရန်လိုသေးသည်။
၎င်းအရေအတွက်ကိုရှာရန် ပုံရိပ်၏မြင်ကွင်းအကျယ် (တစ်နည်းအားဖြင့် အာရုံခံကိရိယာမှမြင်တွေ့ရသော မြေပြင်၏ အနံ သို့မဟုတ် ဒေါင်လိုက်အကျယ်) ၂၄ ကီလိုမီတာကို မြေပြင်ရှိ ပစ်ဇယ်အရွယ်အစား ၅.၈ မီတာဖြင့် စားရန်လိုသည်။ ဤသို့တွက်ချက်ရာတွင်လည်း ယူနစ်တူအောင် ပြောင်းပေးရန်လိုသဖြင့် ၂၄ ကီလိုမီတာကို ၁၀၀၀ ဖြင့် မြှောက်ကာ မီတာအဖြစ်ပြောင်းပြီး ၅.၈ မီတာဖြင့် စားရန် ဖြစ်သည်။ ရရှိသောအဖြေ ၄၁၃၈ သည် ပုံရိပ်တွင်ရှိသော ဒေါင်လိုက်တိုင် အရေအတွက်ပင်ဖြစ်သည်။
ဤနေရာတွင် ဖြည့်စွက်ရှင်းလင်းလိုသည်မှာ ယခုပုစ္ဆာတွင်ပေးထားသော ဂြိုဟ်တုပုံရိပ်များရှိ ပစ်ဇယ် များသည် အတိုင်အတန်းပါသော စတုရန်းဂရစ်ကွက်များဖြင့် ဖွဲ့စည်းထားသောကြောင့် အလျားလိုက် (အတန်း)ရှိသောပစ်ဇယ်တန်ဖိုးများနှင့် ဒေါင်လိုက်(အတိုင်)ရှိသော ပစ်ဇယ်တန်ဖိုးများသည် အတူတူပင်ဖြစ် သည်။ သို့သော် အချို့ဂြိုဟ်တုပုံရိပ်များသည် အလျား(တန်း) နှင့် အနံ(တိုင်) မတူသည်များလည်း ရှိသည်ကို သိထားရန်လိုသည်။ ထိုသို့ အလျားနှင့် အနံ မတူညီပါက အလျားအတွက်တစ်ခါ၊ အနံအတွက်တစ်ခါ တွက်ပေးရန်လိုသည်။
ဆက်လက်၍ ပုံရိပ်မြင်ကွင်းတစ်ခုလုံး၏ ပစ်ဇယ်စုစုပေါင်းကိုရရန် ပုံရိပ်ရှိ အလျားလိုက်တန်းအရေ အတွက်နှင့် ပုံရိပ်တွင်ရှိသော ဒေါင်လိုက်တိုင်အရေအတွက်ကို မြှောက်ရန်ဖြစ်သည်။ ပုစ္ဆာတွင်ပေးထားသည့် IRS LISS 4 ၌ ရောင်စဉ်စုအရေအတွက်သည် သုံးခုဖြင့် ရိုက်ကူးထားသောကြောင့် ၃ နဲ့ ထပ်မြှောက်ပေးရန် လိုသည်။ ၄၁၃၈ X ၄၁၃၈ X ၃ = ၅၁၃၆၉၁၃၂ ပစ်ဇယ်ရမည်။ ၁ မီဂါပစ်ဇယ်တွင် ပစ်ဇယ်ပေါင်းတစ်သန်းရှိ၍ မြှောက်၍ရသောအဖြေကို တစ်သန်းဖြင့် စားက ၅၁.၃၇ မီဂါပစ်ဇယ်ကိုရမည်။ ထိုအဖြေသည် ပုံရိပ်တွင်ပါဝင် သော စုစုပေါင်း ပစ်ဇယ်အရေအတွက်အဖြစ်သာ ရှိသေးသည်။
ပေးထားသောမေးခွန်းသည် IRS LISS 4 ၏ အချက်အလက်များကို ကွန်ပျူတာတွင် သိမ်းဆည်းနိုင်မည့် ပမာဏဟုမေးထားခြင်းဖြစ်သည့်အတွက် ရရှိလာတဲ့ ပစ်ဇယ်စုစုပေါင်းကို ကွန်ပျူတာတွင် အချက်အလက် သိမ်းဆည်းရန် လိုအပ်သောပမာဏအဖြစ် ပြောင်းလဲနိုင်ရေးအတွက် ဆက်လက်တွက်ချက်ပေးရန် လိုသည်။
ဤနေရာတွင် ကျောင်းသားများ သိရှိနားလည်ထားရမည်မှာ အရာဝတ္ထုမှ ဖြာထွက်သော လျှပ်စစ်သံလိုက် စွမ်းအင်များ၏ အသေးစိတ်ခွဲခြားမှတ်သားနိုင်မှု အတိုင်းအတာများကို ပစ်ဇယ်များအတွင်း မှတ်တမ်းတင် ရာတွင် “ဘစ်” အရေအတွက်ဖြင့်ဖော်ပြလေ့ရှိသည်။ ကွန်ပျူတာတွင်သိမ်းနိုင်သည့် ပမာဏ(Memory Storage)ကို “ဘစ်”၊ “ဘိုက်”၊ “မီဂါဘိုက်” စသည်တို့ဖြင့် ပြလေ့ရှိသည်။ ဒါကြောင့် ပစ်ဇယ်တန်ဖိုး ဘစ်မှ ဘိုက်သို့ ယူနစ်ပြောင်းရန် လိုလာသည်။ ၈ ဘစ်လျှင် ၁ ဘိုက်ရှိသဖြင့် ပုစ္ဆာတွင်ပေးထားသော IRS LISS 4 ၏ အရာဝတ္ထုမှဖြာထွက်လာသောစွမ်းအင်ကို အသေးစိတ်ခွဲခြားမှတ်သားနိုင်မှု ၇ ဘစ် အား ၈ ဘစ် ဖြင့် စားပါက ကွန်ပျူတာတွင် ပစ်ဇယ် ၁ ခုကို သိမ်းနိုင်သော ပမာဏ ၀.၈၈ ဘိုက်ကိုရမည်။
ဤနေရာတွင် ပိုမိုနားလည်အောင် ဖြည့်စွက်ရှင်းပြချင်သည်မှာ ဂြိုဟ်တုနှင့် တပ်ဆင်ထားသော အာရုံခံ ကိရိယာများပေါ်မူတည်၍ ပစ်ဇယ်တန်ဖိုးများ ကွဲပြားသည်။ ထိုသို့ ပစ်ဇယ်တန်ဖိုးကွဲပြားလျှင် ကွန်ပျူတာ တွင် မှတ်တမ်းတင်သိမ်းဆည်းနိုင်သော Memory ပမာဏလည်း ကွဲပြားသွားမှာဖြစ်သည်။
တွက်ချက်၍ရရှိထားသော ပစ်ဇယ်စုစုပေါင်း (၅၁.၃၇ မီဂါပစ်ဇယ်)ကို ကွန်ပျူတာတွင် မှတ်နိုင်သော ပမာဏ ၀.၈၈ ဘိုက်ဖြင့်မြှောက်ပါက ၄၅.၂ မီဂါဘိုက်ကို ရရှိမှာဖြစ်တယ်။ ထို့ကြောင့် IRS LISS 4 ၏ အချက်အလက်များကို ကွန်ပျူတာတွင်သိမ်းဆည်းရန် လိုအပ်သောပမာဏသည် ၄၅.၂ မီဂါဘိုက် ဆိုတဲ့ အဖြေကို ရမှာဖြစ်သည်။
တွက်ချက်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

ကွန်ပျူတာတွင်အချက်အလက်သိမ်းဆည်းရန်လိုအပ်သောပမာဏသည် ၄၅.၂ မီဂါဘိုက် ဖြစ်သည်။
အထက်တွင် အဆင့်လိုက်တွက်ပြသည်များကို လေ့လာပြီး ကျောင်းသုံးဖတ်စာအုပ် စာမျက်နှာ ၁၅၈ ရှိ ဇယားနံပါတ် ၅.၃ တွင် ဖော်ပြထားသော Landsat ဂြိုဟ်တု၊ SPOT ဂြိုဟ်တုများနှင့် ၎င်းတို့၏ အချက် အလက်များကို အသုံးပြုပြီး အတွက်ပုစ္ဆာများကို လေ့ကျင့်တွက်ချက်သင့်ပါသည်။
လက်တွေ့ပထဝီဝင်ပိုင်းမှာ နောက်ထပ်လေ့ကျင့်ရမည့်အပိုင်းကတော့ ပထဝီဝင်သတင်းအချက်အလက် စနစ်များအပိုင်းဖြစ်ပါတယ်။ ပထဝီဝင်သတင်းအချက်အလက်များကို အသုံးပြုမည်ဆိုလျှင် ပထဝီဝင်ဆိုင်ရာ အယူအဆအချို့ဖြစ်တဲ့ တည်နေရာ(Location)၊ ဦးတည်ရာ(Direction)၊ အကွာအဝေး (Distance)၊ နေရာ (Space)နှင့် သွားလာရေး(Navigation)တို့ကို နားလည်ရန်လိုအပ်ပြီး ထိုသတင်းအချက်အလက်များကိုဖော်ပြသော ဗက်တာ၊ ရာစတာတို့ရဲ့ အခြေခံသဘောတရားကို နားလည်ရန်လိုအပ်သည်။
ဗက်တာအခြေခံပထဝီဝင်ဆိုင်ရာအချက်အလက်များကို ဖော်ပြရာတွင် နေရာအလိုက် အချက်အလက် များဖြစ်သည့် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိအခြင်းအရာများကို အမှတ်များ၊ မျဉ်းများ၊ ဧရိယာများဖြင့် ကိုယ်စားပြု ဖော်ပြလေ့ရှိသည်။
အမှတ်တစ်ခုသည် တည်နေရာကိုသာ ဖော်ပြနိုင်သည်။ ဥပမာ မြေပုံများတွင် တောင်ထိပ်များ၊ ဘုရား များ၊ ဆေးရုံများကို အမှတ်(တစ်နည်းအားဖြင့် အစက်)ဖြင့် ပြလေ့ရှိတယ်။ မျဉ်းတစ်ကြောင်းကိုဖော်ပြရာ တွင်မူ ထိုမျဉ်း၏တည်နေရာအပြင် အလျားအတိုင်းအတာကိုလည်း ဖော်ပြသည်။ ၎င်းမျဉ်း၏ စမှတ်နှင့် ဆုံးမှတ်ဟု အမှတ်နှစ်ခုပါဝင်ပြီး ၎င်းအမှတ်များကြားတွင် နောက်ထပ်အမှတ်များလည်းရှိနိုင်သည်။ ထိုမျဉ်း၏တည်နေရာကို အစဉ်လိုက်ရှိသော x, y ကိုသြဒိနိတ်များဖြင့်ဖော်ပြနိုင်သည်။ မျဉ်းများသည် မျဉ်းဖြောင့် သို့မဟုတ် မျဉ်းကွေးများလည်း ရှိနိုင်သည်။ ဥပမာအားဖြင့် မြေပုံများတွင် ကားလမ်းများ၊ နယ်နိမိတ်မျဉ်းများကို ဖော်ပြခြင်းမျိုးဖြစ်သည်။
ဤအပိုင်းအတွက် ကျောင်းသုံးဖတ်စာအုပ် စာမျက်နှာ ၁၇၆ နှင့် ၁၈၈ တို့တွင်ပါရှိသည့် ပုံများကဲ့သို့ ပုံတစ်ပုံပေးထားပြီး ပေးထားသောပုံမှ အမှတ်များ၊ မျဉ်းပိုင်းများ၊ ဧရိယာများ ဆက်စပ်တည်ရှိမှုကို ဖော်ပြပါဟူသော မေးခွန်းမျိုး လေ့ကျင့်ထားသင့်ပါသည်။
နမူနာအဖြစ် အောက်ဖော်ပြပါပုံမှ မျဉ်းပိုင်းတို့နှင့် ထိစပ်နေသော ဧရိယာများ၊ ထိုဧရိယာတို့တွင် ပါဝင်သောမျဉ်းပိုင်းများနှင့် ကိုသြဒိနိတ်အမှတ်များကို ဖော်ပြပါဆိုသည့်မေးခွန်းကို လေ့လာကြည့်မည်။
ပေးထားသောပုံတွင် မျဉ်းတစ်ကြောင်းချင်းစီ၏ တည်နေရာဆိုင်ရာတန်ဖိုးများကို သတ်မှတ်ရာတွင် ပထမဦးစွာ ထိုမျဉ်းပိုင်းများ၏ ဘယ်ဘက်နှင့် ညာဘက်ရှိ ဧရိယာများကို (ဇယား -က)တွင် ပြထားသကဲ့သို့ မှတ်သားရန်ဖြစ်သည်။ ထို့နောက် ၎င်းဧရိယာများကို ဖွဲ့စည်းထားသော မျဉ်းပိုင်းများကို(ဇယား-ခ)ကဲ့သို့ မှတ်သားရန်ဖြစ်သည်။ ပြီးနောက် ထိုဧရိယာအလိုက် ဖွဲ့စည်းထားသော မျဉ်းပိုင်းတစ်ခုစီ၏ X, Y ကိုသြဒိနိတ်အမှတ်များကို အောက်တွင်ပြထားသည့် ဇယားအတိုင်း(ဇယား-ဂ) မျဉ်းပိုင်းအလိုက် ဖော်ပြ ပေးရန်ဖြစ်သည်။ ဤသို့ဖြင့် မေးခွန်းတွင် ရှာခိုင်းသည့် ဧရိယာများ၊ ၎င်းဧရိယာတို့ကို ဖွဲ့စည်းထားသော မျဉ်းပိုင်းများနှင့် ကိုသြဒိနိတ်အမှတ်များ၏ ဆက်စပ်မှုကို လွယ်ကူစွာဖော်ပြနိုင်မည်ဖြစ်သည်။



ပထဝီဝင်သတင်းအချက်အလက်စနစ်များ သင်ခန်းစာတွင်လည်း အခြေခံသီအိုရီ သဘောတရားများ ကို သိနားလည်ထားရမည့်အပြင် ဗက်တာဆိုင်ရာအခြေခံအချက်အလက်များ၊ ရာစတာဆိုင်ရာအခြေခံ အချက်အလက်များကို ပုံများပေး၍ အမှတ်များ၊ မျဉ်းများ၊ ဧရိယာနှင့်ဆက်စပ်သော အကြောင်းအရာ အချက်အလက်များကို ဖော်ပြခိုင်းသည့် လေ့ကျင့်ခန်းများကို ကြိုတင်လေ့ကျင့်ထားကြရန် လိုအပ်ပါသည်။
အနှစ်ချုပ်တင်ပြရမည်ဆိုပါက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် မေးခွန်းသည် အလွတ်ကျက်ဖြေခြင်းမှ အထိုက်အလျောက်ကင်းလွတ်ပြီး စဉ်းစားတွေးခေါ်ဖြေဆိုရမည့် အပိုင်းများရှိမည်။ ကျောင်းသားများသည် မေးခွန်းကို သေချာဖတ်ရှုရန်လိုပါမည်။ မေးခွန်းတွင် ဝေဖန်သုံးသပ်ပါ၊ လေ့လာ ဆန်းစစ်ပါဟု မေးထားပါက မိမိ၏ကိုယ်ပိုင်အမြင်ကို အနည်းငယ်မျှပင်ဖြစ်စေ ထည့်သွင်းဖြေဆိုရမည်ဖြစ်သည်။ ယခုပို့ချချက်သည် ကျောင်းသားများအတွက် များစွာအထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။
လာမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား ကျောင်းသူများအားလုံး ပထဝီဝင် ဘာသာရပ်ကို အခက်အခဲမရှိ ထူးချွန်စွာဖြေဆိုနိုင်ကြပါစေလို့ဆုတောင်းရင်း သင်ခန်းစာကို ဒီမှာပဲရပ်နား လိုက်ပါတယ်။
ဒေါက်တာဇင်နွယ်မြင့် ပါမောက္ခ(ဌာနမှူး)၊ ပထဝီဝင်ဌာန၊ ရန်ကုန်တက္ကသိုလ်
