စက်သုံးဆီအဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ မတ် ၁၉ ရက်)

      ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို အကြောင်းပြု၍ စွမ်းအင်လောင်စာဆီအခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ကို နိုင်ငံတော်အစိုးရက ကြိုတင်သိရှိထားသည်။ အဆိုပါပဋိပက္ခသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြာရှည်ဦးမည်ဟုခန့်မှန်းရသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့်ရှိပြီးသား အရန်စက်သုံးဆီ၊ ထပ်မံရရှိလာဦးမည့် စက်သုံးဆီများကို ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲခြင်းဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်လျက်ရှိသည်။

စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီအမှန်တကယ် လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ မတ်လ ၁၂ ရက်မှစတင်ကာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊မန္တလေးမြို့နှင့်တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များအတွက် Wheel Tax  တွင်ပါရှိသည့်  Barcode နှင့် မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြု၍  QR Code ထုတ်ပေးပြီး  Application ဖြင့်စစ်ဆေးသည့်နည်းလမ်းကို အသုံးပြုဆောင်ရွက်လျက်ရှိသည်။ ပိုမို၍အဆင်ပြေကောင်းမွန်လာစေရန် Application Software နည်းပညာပိုင်းဆိုင်ရာမြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိသည်။

စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်ပြီးစုံရက်၊ မရက်၊ စုံနံပါတ်၊ မနံပါတ်စနစ်ကိုကျင့်သုံး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင်  အများပြည်သူသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့် ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေး ယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ နေ့စဉ်အသုံးပြုနိုင်သည်။

 ထို့ပြင်  စက်သုံးဆီအရောင်းဆိုင်များတွင် တစ်ရက်လျှင် နှစ်ကြိမ်၊ သုံးကြိမ်တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ၌ Application အသုံးပြု၍ စိစစ်ရောင်းချပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ရိုးရှင်းလွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် Application အသုံးပြုရန်နှင့် မှတ်ပုံတင်ခြင်းပြုလုပ်ရန် လုံးဝမလိုအပ်ဘဲ အရောင်းဆိုင်အခြေပြုစိစစ်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 မော်တော်ဆိုင်ကယ်များအနေဖြင့် စက်သုံးဆီဝယ်ယူသည့်အခါတိုင်း ၎င်း၏ QR Code ကို အရောင်းဆိုင်ဝန်ထမ်းသို့  ပြသဝယ်ယူနိုင်မည်ဖြစ်ပြီး  မော်တော်ယာဉ်များတွင်စိစစ်သကဲ့သို့   တစ်ရက်အတွင်း နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဝယ်ယူမှုမရှိစေရေး အလိုအလျောက် စစ်ဆေးရောင်းချပေးလျက်ရှိသည်။ 

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီစိစစ်ရောင်းချရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် မူဝါဒများနှင့်အညီ ယာဉ်အသုံးပြုခွင့် ခွင့်ပြုထားသည့်ရက်အလိုက် စက်သုံးဆီရောင်းချနိုင်ရေးကို တစ်ပါတည်း စစ်ဆေးမည်ဖြစ်၍ မိမိအသုံးပြုခွင့်ရှိသည့် ရက်များအတွက်သာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။

  ယခုအခါ ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုများလျော့ကျသွားပြီး ပုံမှန်အတိုင်းဖြန့်ဖြူးရောင်းချသည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့ဖြစ်ရာ စက်သုံးဆီရောင်းချပေးသည့် ယာဉ်အမျိုးအစားနှင့်ယာဉ်နံပါတ်၊ ဆီအမျိုးအစားနှင့် ပမာဏ၊  ရောင်းချပေးသည့်ဈေးနှုန်း စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကြပ်မတ်လျက် ရှိသောကြောင့် စက်သုံးဆီဖူလုံမှုရှိစေရေး အထောက်အကူပြုလျက်ရှိသည်။

နိုင်ငံတော်အတွင်း စက်သုံးဆီသိုလှောင်ထားမှုအနေဖြင့် ဓာတ်ဆီအုပ်စုတွင်ရက် ၄၀၊ ဒီဇယ်အုပ်စုတွင်ရက် ၅၀ အတွက်သိုလှောင်ထားရှိပြီး သီလဝါတွင် ဆီချရန်ရောက်ရှိနေသည့် ဆီတင်သင်္ဘောသုံးစင်း၊ Pilot တွင်ရောက်ရှိနေသည့် ဆီတင်သင်္ဘောနှစ်စင်း၊ လမ်းခရီးတွင်ရောက်ရှိနေသည့် ဆီတင်သင်္ဘောသုံးစင်း၊ ဆီတင်ရန်စောင့်ဆိုင်းနေသည့် ဆီတင်သင်္ဘော ၁၂ စင်း စုစုပေါင်းဆီတင်သင်္ဘောအစင်း ၂၀ ရှိသည်။ 

ထို့ပြင် မတ်လအတွင်း စက်သုံးဆီသင်္ဘော ၁၉ စင်း ထပ်မံတင်သွင်းရန်လည်း စီမံထားရှိပြီးဖြစ်သည်။

ပြည်သူလူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တွင်စက်သုံးဆီသိုလှောင်ထားမှု ပမာဏထပ်မံမြင့်တက်လာမည်ဖြစ်သည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများကို ပြည်သူများအားလုံးညီတူညီမျှလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် အစဉ်တစိုက်စီမံ ဆောင်ရွက်လျက်ရှိရာ ပြည်သူများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

MWD

Subject-Image

  • စက်သုံးဆီအဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ရေး

Posted-Date