အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်
လူတစ်ယောက်၏ကြိုးစားအားထုတ်မှု၊ ဝီရိယရှိမှုတို့ကို သူ၏လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ်လေ့လာကြည့်ရှုပြီး အကဲဖြတ်နိုင်သည်။ စိတ်ဓာတ်ပျော့ညံ့မှု၊ စိတ်ဓာတ်ခိုင်မာမှု စသည့်စိတ်ဓာတ်ရေးရာပိုင်းကိုလည်း အလုပ်ကပင် သက်သေထူသွားနိုင်သည်။ အလုပ်တစ်ခုကိုလုပ်မည်ဆိုလျှင် အစမှအဆုံးတိုင်အောင် အကောင်းမွန်ဆုံးပြီးမြောက်သည်အထိ လုပ်ကိုင်နိုင်ရမည်ဖြစ်သည်။ ရေငုပ်မည့်သူသည်ရေငုပ်ပြီဆိုလျှင် ရေအောက်သဲပြင်ရောက်သည်အထိ ရေငုပ်ပြီးသဲကို ဆုပ်ကိုင်ပြနိုင်ရမည်ဖြစ်သည်။
ထို့အတူ တောင်တက်မည့်သူသည်လည်း တောင်ထိပ်အခေါင်အဖျား အထိရောက်အောင် တက်ရောက်နိုင်ရမည်ဖြစ်သည်။
မည်သည့်အမှုကိစ္စမဆို လုပ်ကိုင်ဆောင်ရွက်ရာတွင် အောင်မြင်ပြီးမြောက်သည်အထိ ကြိုးစားရန် တိုက်တွန်းသည့်သဘောဖြင့် “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်”ဟုပြောဆိုထားခြင်းဖြစ်သည်။
လူ့ဘဝဆိုသည်မှာ ပန်းခင်းလမ်းမဟုတ်ပေ။ ခလုတ်တံသင်းချိုင့်ကျင်းများရှိစမြဲဖြစ်သည်။ အခက်အခဲအတားအဆီးများအနည်းအများရှိနေသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ ဖြတ်သန်းရသည့်သမိုင်းကြောင်းမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက်တပ်မတော်နှင့်ပြည်သူကြည်ဖြူစွာ လက်တွဲဆောင်ရွက်ခဲ့ရသည်။ လွတ်လပ်ရေးရရှိပြီး ကာလတစ်လျှောက်တွင်လည်း နိုင်ငံတော်ကို ပုန်ကန်ထကြွသောင်းကျန်းနေသည့် ပြည်တွင်းရှိသောင်းကျန်းသူများ၊ ပြည်ပကျူးကျော်မှုများကို တပ်မတော်နှင့်ပြည်သူလက်တွဲညီစွာ တိုက်ထုတ်ခဲ့ကြရသည်။
ယနေ့တိုင်လည်း သောင်းကျန်းသူများကို တိုက်ထုတ်နေရဆဲဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်တွင်အရေးပေါ် အခြေအနေနှင့်ကြုံတွေ့ရတိုင်း မိမိနိုင်ငံတည်တံ့ခိုင်မြဲပြီး မိမိနိုင်ငံသားများဘေးကင်း လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးကို အဓိကရှေးရှုဆောင်ရွက်ခဲ့ရသည်မှာသမိုင်းတွင်ထင်ရှားသည့် သာဓကများစွာကျန်ရှိနေသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအမှုကိစ္စရပ်များတွင် အခက်အခဲ အတားအဆီးများမည်မျှပင်ရှိစေကာမူ ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက်စိတ်ဓာတ်ဖြင့် စွမ်းဆောင်ကြိုးပမ်းထိန်းကျောင်း ပေးခဲ့သည်သာဖြစ်သည်။ မလျှော့သောဇွဲလုံ့လကို အရင်းတည်ပြီး ဆောင်ရွက်ပေးခဲ့မှုများသည် ယခုအခါ သမိုင်းတစ်ခေတ်ဆန်းသစ်လာပြီမြန်မာပြည်ဟုပြောဆိုနိုင်လောက်သည့် အခြေအနေကောင်းတစ်ရပ်ကိုရောက်ရှိလာပြီဖြစ်သည်။
ယခုဆိုလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်သူ့ဆန္ဒကိုလက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များ ထွက်ပေါ်လာခဲ့ပြီး လွှတ်တော်အသီးသီး၏ အစည်းအဝေးများ စတင်ကျင်းပနေပြီဖြစ်သည်။ ပြည်သူတစ်ဦးချင်းစီ၏ ဦးနှောက်နှင့်နှလုံးသားမှ ဖြစ်တည်လာသောဆန္ဒဖြင့် စက်ခလုတ်နှိပ်ပြီးမဲပေးခဲ့ကြသည့်အတွက် ပေါ်ထွက်လာခဲ့သော ပြည်သူ့ကိုယ်စားလှယ်များကလည်း နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိဖြင့် အလေးအနက်ထားကြိုးပမ်းထမ်းရွက်ကြမည်ဖြစ်သည်။
အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားကာ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင်လျှောက်လှမ်းနိုင်ပြီဖြစ်၍ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာ ကျင့်သုံးနိုင်မည်ဖြစ်သည်။ ပေါ်ပေါက်လာသည့် အစိုးရသည် နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးကို တတ်စွမ်းသမျှကြိုးပမ်း ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားလာမည်ဖြစ်သည်။
မြန်မာစကားတွင် “ဒေါနတစ်ခိုင်ကြောင့် တစ်ရွာလုံးကြိုင်” ဆိုသကဲ့သို့ ကောင်းမွန်၍ အရည်အချင်းပြည့်ဝသောအစိုးရတစ်ရပ်ကြောင့် မြန်မာနိုင်ငံ၏ ကောင်းဂုဏ်သတင်းမှာလည်း သင်းပျံ့မွှေးကြိုင်နေမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးစနစ်အရ ဒီမိုကရေစီကိုကျင့်သုံးခြင်းဖြစ်ပြီး နိုင်ငံတော်၏ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်သည်။ ဖက်ဒရယ်စနစ်ဆိုသည်မှာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းခြင်းမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခုအပေါ် ရည်ညွှန်းဆောင်ရွက်ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်စနစ်ကိုဖော်ဆောင် ကျင့်သုံးရာတွင်လည်း ဖြတ်သန်းခဲ့ရသည့် သမိုင်းအဆက်ဆက်၏ အတွေ့အကြုံများအရ မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်သည်။
ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် စိတ်ဓာတ်ဖြင့် တက်ညီလက်ညီကြိုးစား ဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ တတိယအကြိမ် လွှတ်တော်များ ပေါ်ပေါက်လာခြင်းနှင့်အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ပေါ်ထွန်းကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် မြင်တွေ့ရခြင်းဖြစ်သည်။
ပြည့်အင်အားသည်ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်းစည်းလုံးညီညွတ်စွာဖြင့် မြန်မာနိုင်ငံကြီး အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်ရေးကို ပါဝင်ကြိုးပမ်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
