နှလုံးစိတ်ဝမ်း လွန်အေးချမ်း များပြည်သူတို့ ရွှင်ရွှင်လန်း

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာအား နိုင်ငံသားအများစု၏ ကိုးကွယ်ရာဘာသာအဖြစ် အသိအမှတ်ပြုထားသည်။ ဗုဒ္ဓဘာသာသည် လူသားတို့၏ စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေပြီး မကောင်းမှုပြုလုပ်ရန် ရှက်ခြင်း၊ ကြောက်ခြင်းတို့ကြောင့် မကောင်းမှုကို ရှောင်ကြဉ်ကာ ကောင်းမှုကို ဆောင်ရွက်ကြသည်။ စိတ်နှလုံးကိုလည်း သန့်ရှင်းဖြူစင်စွာ ထားရှိကြသည်။

မြန်မာနိုင်ငံတွင် နှစ်အစမှ နှစ်ကုန်အထိ ရာသီပွဲတော်များဖြင့် စည်ကားလှပြီး ဆယ့်နှစ်လ ဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့တွင် ကျင်းပသော ညောင်ရေသွန်းပွဲတော်မှာ ထူးမြတ်သော ပွဲတော်တစ်ခုဖြစ်သည်။ အခါရာသီအရလည်း သင့်တင့်လျောက်ပတ်ပြီး ကဆုန်လသည် “ဂိမှာန” ဟုခေါ်သော နွေရာသီအတွင်း ကျရောက်သောကြောင့် အပူပြင်းထန်လှသည်။

တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဟုဆိုသကဲ့သို့ မြစ်ချောင်းအင်းအိုင်များတွင် ရေခန်းခြောက်လေ့ရှိပြီး သစ်ပင်၊ ပန်းပင်များလည်း ညှိုးနွမ်းလေ့ရှိသည်။ ထိုသို့သောအချိန်တွင် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားသော မဟာဗောဓိညောင်ပင်များ မညှိုးခြောက်စေရန် ရည်ရွယ်ကာ ကဆုန်ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ညောင်ရေသွန်းပွဲတော်သည် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်၏ ဆင့်ပွားဗောဓိပင်များကို အမွှေးနံ့သာရည်များနှင့် သန့်စင်အေးမြသော ရေများဖြင့် သွန်းလောင်းပူဇော်သည့် ပွဲတော်ဖြစ်သည်။ မြန်မာယဉ်ကျေးမှုအရ စေတီလေးပါးတွင် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီနှင့် ပရိဘောဂစေတီတို့ရှိပြီး ဗောဓိပင်အား ရေသွန်းလောင်းပူဇော်ခြင်းသည် ပရိဘောဂစေတီအဖြစ် ရည်စူးပူဇော်ခြင်းဖြစ်သည်။

ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု ခေါ်ဆိုကြပြီး မြတ်စွာဘုရားရှင်၏ အရေးကြီးသော ဖြစ်ရပ်များဖြစ်သည့် ဒီပင်္ကရာဘုရားထံမှ နိယတဗျာဒိတ်ခံယူတော်မူသည့်နေ့၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သည့်နေ့၊ ဘုရားအဖြစ် သဗ္ဗညုတဉာဏ်ရရှိသည့်နေ့နှင့် ပရိနိဗ္ဗာန်စံဝင်သည့်နေ့တို့သည် ကဆုန်လပြည့်နေ့တွင် ဖြစ်ပေါ်ခဲ့သည်ဟု ယုံကြည်ကြသည်။

မဟာဗောဓိပင်သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သည့်နေ့တွင် အတူတကွ ပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော်ခုနစ်ပါးအနက် တစ်ပါးဖြစ်ပြီး ပရိဘောဂစေတီအဖြစ်လည်း သတ်မှတ်ထားသည်။ ထို့ကြောင့် နွေရာသီအပူပြင်းချိန်တွင် ရေသွန်းလောင်းခြင်းဖြင့် ကုသိုလ်ယူကြခြင်းဖြစ်သည်။

ရှေးမြန်မာဘုရင်များလက်ထက်မှစ၍ ညောင်ရေသွန်းပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြပြီး ယနေ့အချိန်အထိလည်း ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းကျင်းပလျက်ရှိသည်။

ကဆုန်လပြည့်နေ့တွင် မိသားစုများ၊ အသင်းအဖွဲ့များစုစည်းကာ ဘုရားစေတီများရှိ ဗောဓိညောင်ပင်များအား ရေသွန်းလောင်းပူဇော်ကြပြီး ဗုဒ္ဓရုပ်ပွားတော်များကိုလည်း ရေသပ္ပာယ်ကြသည်။ ထိုကဲ့သို့သော ကုသိုလ်ကောင်းမှုများသည် ပြုလုပ်သူများ၏ စိတ်နှလုံးကို အေးချမ်းစေပြီး ကောင်းကျိုးများ ဖြစ်ထွန်းစေသည်။

ရေသည် လူတို့အတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်ပြီး အေးမြခြင်းကို ဖြစ်စေသည်။ နွေရာသီအပူပြင်းချိန်တွင် ဗောဓိပင်များအား ရေသွန်းလောင်းခြင်းဖြင့် သစ်ပင်များ ပိုမိုစိမ်းလန်းရှင်သန်လာသကဲ့သို့ ဗုဒ္ဓသာသနာတော်လည်း ပိုမိုထွန်းကားလာမည်ဟု ယုံကြည်ကြသည်။

ထို့အတူ မြန်မာနိုင်ငံသည် သာယာဝပြောသောနိုင်ငံအဖြစ် တည်တံ့စေရန်နှင့် ပြည်သူပြည်သားများ၏ နှလုံးစိတ်ဝမ်း အေးချမ်းသာယာစေရန် ဆုမွန်ကောင်းများ တောင်းဆိုအပ်ပါသည်။

MWD

Subject-Image

  • နှလုံးစိတ်ဝမ်း လွန်အေးချမ်း များပြည်သူတို့ ရွှင်ရွှင်လန်း

Posted-Date