အများက လေးစားအတုယူရမည့် စံပြလူငယ်မောင်မယ်များ

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ မေ ၇  ရက်)

     လူမှုပတ်ဝန်းကျင်တွင် အများထက်ပိုမိုထူးကဲစွာ  သာလွန်ကောင်းမွန်သူများကို  ဂုဏ်ပြုချီးကျူးလေ့ရှိသည်မှာ မြန်မာ့ဓလေ့ကောင်းတစ်ခုဖြစ်သည်။ သက်ဆိုင်ရာနယ်ပယ်များအလိုက် ထူးချွန်သူများကို ရွေးချယ်ဂုဏ်ပြုပေးလျက်ရှိရာတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း  လူရည်ချွန်များအဖြစ်ရွေးချယ်ကာ နိုင်ငံတော်က အရေးတယူဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။ လူရည်ချွန်ဆိုသည်မှာ ထူးချွန်ထက်မြက်သူ၊ အသိဉာဏ်ပညာပြည့်ဝသူ၊ အများထက်သာလွန်အောင် ကြိုးစားအားထုတ်နိုင်သူ၊ ပင်ကိုစွမ်းရည်မြင့်မားသူများ ဖြစ်ကြသည်။

လူရည်ချွန်စီမံကိန်းဆိုသည်မှာ ကျန်းမာသန်စွမ်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်ပြီး ဗလငါးတန်ပြည့်ဝသည့် လူကောင်းလူတော်များ၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများမှတစ်ဆင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင်  ပါဝင်ဆောင်ရွက်နိုင်သည့် ပညာတတ်လူငယ်များ ပေါ်ထွန်းလာရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူအချင်းချင်း လူရည်ချွန်ရွေးချယ်ခံရသူများကို အားကျအတုယူလိုစိတ်၊ မိမိကိုယ်တိုင်လူရည်ချွန်ဖြစ်အောင် ကြိုးစားလိုစိတ်များနှင့် ကောင်းသောယှဉ်ပြိုင်မှုများနှင့် အဘက်ဘက်မှ လေ့လာသင်ယူလိုစိတ်များကို မြှင့်တင်ပေးခြင်းလည်းဖြစ်သည်။ ထိုသို့ကောင်းမြတ်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် လူရည်ချွန်စီမံကိန်းသည် ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးရာ အစဉ်အလာကောင်းသည့် ပညာရေးစီမံကိန်း တစ်ခုလည်းဖြစ်သည်။ ယခင်က လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသူများသည် ယခုအချိန်တွင် နိုင်ငံ့တာဝန်များကို အဆင့်မြင့်စွာထမ်းဆောင်နေကြသူများ ရှိနေပြီး လက်ရှိအစိုးရအဖွဲ့ အသီးသီးတို့၌ပင် လူရည်ချွန်ရွေးချယ်ခံခဲ့ရသူ ၁၂ ဦးပါဝင်သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို မေလ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်ပြီး ဩဝါဒအမှာစကားပြောကြားစဉ် မောင်တို့မယ်တို့အနေဖြင့် မိမိတို့ရရှိထားသည့်လူရည်ချွန်ဟူသည့် ဂုဏ်ပုဒ်၊ အဆင့်အတန်းနှင့်အညီ ပြောဆိုနေထိုင်ပြုမူလုပ်ကိုင်မှုများကိုမြှင့်တင်နိုင်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ အတ္တနှင့်ပရမျှတမှုရှိအောင် ကျင့်ကြံနေထိုင်ကြရန်နှင့် ခေတ်စနစ်၏ တိုးတက်မှုနည်းလမ်းများကို  အမြဲမပြတ်ရှာဖွေနေရန် လိုအပ်သကဲ့သို့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ် မသွားအောင်လည်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ လူငယ်ဘဝတွင်ရှိသင့်သည့် ကျင့်ဝတ်များဖြစ်သည့် သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များကို လိုက်နာနေထိုင်ကြရန်နှင့်  မိဘ၊ ဆရာသမားတို့ကို  ရိုသေလေးစားပြီး ဘာသာတရား၏ အဆုံးအမနှင့်အညီကိုယ်ချင်းစာမှု၊ သည်းခံခွင့်လွှတ်မှုဟူသည့် အခြေခံစိတ်ဓာတ်ကောင်းများမွေးမြူကြရမည်ဖြစ်ကြောင်း၊ အများက လေးစားအတုယူရမည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ကြရန်ထည့်သွင်းမှာကြားခဲ့သည်။

ဒီမိုကရေစီနိုင်ငံတော်သစ်ကို  စတင်လျှောက်လှမ်းသည့် အချိန်ကာလတွင် နိုင်ငံတော်က အားထားရသည့် လူရည်ချွန်မောင်မယ်များအနေဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရာ၌ စွမ်းအားနှင့်ပူးပေါင်း ပါဝင်မှုသည် အထူးအရေးကြီးပေသည်။ လူရည်ချွန်မောင်မယ်များမှာ စာပေဘာသာရပ်များကိုသာ ကျွမ်းကျင်ပိုင်နိုင်ခြင်းမဟုတ်ဘဲ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ တစိုက်မတ်မတ်လေ့ကျင့်မှု စသည့် ကာယ၊ ဉာဏစွမ်းအားများနှင့် စစ်ဆေးအကဲဖြတ်မှုအဆင့်ဆင့်ကို ယှဉ်ပြိုင်ကျော်ဖြတ်နိုင်ခဲ့ကြသူများဖြစ်သည်။

ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့သဖြင့် အောင်မြင်မှုများရရှိပြီး မိမိမိသားစု၊ မိမိကျောင်း၊ မိမိဒေသအတွက်  ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။  နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ၏ အင်အားဖြင့် တည်ဆောက်ရခြင်းဖြစ်သည်။ လူငယ်တိုင်းသည် နိုင်ငံကိုဦးဆောင်နိုင်သူ မဖြစ်သော်လည်း  လူငယ်အားလုံးသည် နိုင်ငံတော်၏အနာဂတ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ‌ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန် လူရည်မွန်များ ပေါ်ထွက်လာအောင် လူငယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

လူငယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အဓိက အင်အားစုဖြစ်သည့်အတွက် အသိပညာ အတတ်ပညာပြည့်ဝရန် လိုအပ်သကဲ့သို့ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး အများအကျိုး၊  နိုင်ငံ့အကျိုး သယ်ပိုးမည့်သူများဖြစ်ကြရမည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့်မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့် အစဉ်အလာနှင့် ဓလေ့ထုံးစံများ၊  သမိုင်းကြောင်းများ၊  သဘာဝတောတောင်ရေမြေများ၊ သယံဇာတအရင်းအမြစ်များကို တန်ဖိုးထားပြီး  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် လူရည်ချွန်မောင်မယ်များအနေဖြင့် အများက လေးစားရမည့်စံပြ လူငယ်အဖြစ် ထာဝစဉ်ရပ်တည်နိုင်ပါစေကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။     ။

MWD

Subject-Image

  • အများက လေးစားအတုယူရမည့် စံပြလူငယ်မောင်မယ်များ

Posted-Date