ညီညွတ်မှုအားနဲ့တို့ကူညီ လူသားချင်း စာနာတဲ့ကြက်ခြေနီ

    ကြက်ခြေနီအသင်း၏ အဓိပ္ပာယ်ကိုမြန်မာအဘိဓာန်တွင် ဘေးဒုက္ခရောက်သူတို့ကို ကူညီကယ်ဆယ် စောင့်ရှောက်သော အသင်းဟူ၍ဖော်ပြထားသည်။ကြက်ခြေနီဟူသော စကားလုံးကိုကြားသိလိုက်ရသည်နှင့်နှလုံးသားတွင် လူသားတို့ကို ကောင်းကျိုးပြုသူများဟု မှတ်ယူကြသည်။ ကြက်ခြေနီအသင်း ပေါ်ပေါက်လာပုံသမိုင်းမှာလည်း လူသားတို့၏ဘေးဒုက္ခကို ကယ်တင်စောင့်ရှောက်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

နှစ်စဉ်နှစ်တိုင်း မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်သည်။  ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြက်ခြေနီနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်ကြသည်။  လူသားများကြုံခဲ့ရသည့် ကမ္ဘာစစ်ကြီးနှစ်ခုစလုံးတွင်  ကြက်ခြေနီများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။    မိမိတို့၏ အသက်ကိုပဓာနမထားဘဲ မွန်မြတ်သည့်စိတ်ဓာတ်ဖြင့် ဒဏ်ရာရသူများကို ကူညီကယ်တင်ပေးခဲ့သည့် ကြက်ခြေနီအဖွဲ့ဝင်များ၏ လုပ်ရပ်များကလည်း သမိုင်းမှတ်တမ်းတွင် အထင်အရှားဖြစ်သည်။ 

ကြက်ခြေနီလှုပ်ရှားမှုသမိုင်းကြောင်းကိုပြန်ပြောင်းကြည့်သည့်အခါ  ၁၈၅၉  ခုနှစ်  ဆိုဖာရီနို စစ်မြေပြင်က အစပြုခဲ့သည်။  ထိုစဉ်က ဟင်နရီဒူးနန့်သည် ခရီးသွားလာရင်း အဆိုပါစစ်မြေပြင်သို့ ရောက်ရှိခဲ့သည်။  တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်စလုံးမှ သေဆုံးသူများ၊ ဒဏ်ရာရသူများ များပြားလှသည်။ 

ဤသည်ကိုမြင်တွေ့သော ဟင်နရီဒူးနန့်က သနားကြင်နာသောစိတ်ဖြင့်   လူနာများကိုပြုစုစောင့်ရှောက်ပေးခဲ့သည်။ ထိုသို့စောင့်ရှောက်ပေးရာတွင် နှစ်ဖက်စလုံးမှစစ်သည်များကို စိတ်ထားတူညီစွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်။ထိုမှအစပြု၍ကြက်ခြေနီအသင်းများ ပေါ်ပေါက်လာကာ လူသားတို့ကောင်းကျိုးကို စေတနာဖြူစင်စွာဖြင့် သယ်ပိုးဆောင်ရွက်ကြသည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ လူမှုရေးအသင်း တစ်သင်းအဖြစ် မြန်မာနိုင်ငံကြက်ခြေနီ အသင်းကို ၁၉၂၀ ပြည့်နှစ်တွင်ဖွဲ့စည်းခဲ့သည်။ အသင်း၏ရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန် ဖြစ်သည်။အဆိုပါရည်ရွယ်ချက်အောင်မြင်စေရန်အတွက် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါတားဆီးရန်၊ ဘေးဒုက္ခရောက်သူများကို ကူညီရန်ဟူသော လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။  မြန်မာနိုင်ငံအနှံ့အပြားတွင် လူတို့ကြောင့်ဖြစ်သောဘေး၊ သဘာဝ ကြောင့်ဖြစ်သောဘေးများ တွေ့ကြုံရလေတိုင်း တပ်မတော်၊ မြန်မာနိုင်ငံရဲ၊ မြန်မာနိုင်ငံမီးသတ်တို့နှင့်အတူ အစဉ်အမြဲအသင့်ရှိကာ ပါဝင်ကူညီနေသည်မှာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဖြစ်သည်။ 

စေတနာ့ဝန်ထမ်းလုပ်အားရှင်များကို အခြေခံကာ   ဖွဲ့စည်းထားသည့် အသင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည်  ဗြဟ္မစိုရ်တရားလေးပါးနှင့်ပြည့်စုံပြီး  ကြင်နာသနားစိတ်၊ ရိုင်းပင်းကူညီလိုစိတ်၊ ပေးကမ်းလိုစိတ်၊ အများကောင်းကျိုး သယ်ပိုးလိုစိတ်ဖြင့် ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်အနေဖြင့်လည်း အစဉ်တစိုက် အသိအမှတ်ပြုအားပေးလျက်ရှိသည်။  ၁၉၅၉ ခုနှစ် အက်ဥပဒေကို ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် ခေတ်စနစ်နှင့် ညီအောင်ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့သည်။  မြန်မာနိုင်ငံကြက်ခြေနီ အသင်းကိုလူမှုကရုဏာ လုပ်ငန်းဆောင်ရွက်ရာတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင်သော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လူထု အခြေပြုအဖွဲ့အစည်း တစ်ခုအဖြစ် ဥပဒေနှင့်အညီ တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။ ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုများ၏ ဥပဒေများအရ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံတော်၏အရန်အင်အားအဖြစ် ရပ်တည်ဆောင်ရွက်ရန် ဥပဒေနှင့်အညီ အသိအမှတ်ပြုထားခြင်းဖြစ်သည်။ 

ကြက်ခြေနီနှင့်လခြမ်းနီ လှုပ်ရှားမှုများတွင် အခြေခံအားဖြင့်မူ(၇)ချက်ရှိသည်။ ယင်းတို့မှာ လူသားချင်းစာနာထောက်ထားခြင်း၊ ကြားနေခြင်း၊ စေတနာ့ ဝန်ထမ်း အကျိုးဆောင်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်း၊ ခွဲခြားမှုမရှိခြင်း၊ လွတ်လပ်ခြင်းနှင့် စည်းလုံးညီညွတ်ခြင်းတို့ဖြစ်သည်။  ကမ္ဘာပေါ်ရှိမည်သည့်နေရာတွင်မဆို လူမှုဒုက္ခများကို တားဆီးရန်နှင့်ကြုံတွေ့ရပါကလည်း လျော့နည်းသက်သာစေရန် ဆောင်ရွက်သည်။  စစ်ပွဲများ၌လည်းကောင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် ဝါဒ ရေးရာအငြင်းပွားမှုများ၌ လည်းကောင်း ဘက်လိုက်မှုမရှိဘဲကြားနေသည်။ လုပ်ငန်းဆောင်ရွက်မှုတိုင်းအတွက် အကျိုးအမြတ်ရရှိရေး ဆန္ဒအလျှင်းမရှိသော    စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးလှုပ်ရှားမှုဖြစ်သည်။  ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုသည်   လူသားတစ်ဦးချင်းစီ၏ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်ဆောင်ရွက်ရာတွင် နိုင်ငံသား၊ လူမျိုး၊ ဘာသာရေးယုံကြည်မှု၊ လူတန်းစား၊ နိုင်ငံရေးခံယူချက်တို့နှင့် ပတ်သက်၍ ခွဲခွဲခြားခြားမပြုပါ။ 

ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ရှိနေရမည့်  လူမှုကူညီရေး အသင်းတစ်ခုဖြစ်သည်။  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားများနှင့်အညီ လူသားတို့ကောင်းကျိုးကို သယ်ပိုးလိုစိတ်ရှိသူများ စဉ်ဆက်မပြတ် ပါဝင်နေကြရမည်ဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် ယနေ့တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့၏ ဆောင်ပုဒ်အတိုင်း  ညီညွတ်မှုအားနဲ့ တို့ကူညီ လူသားချင်းစာနာတဲ့ကြက်ခြေနီ  အဖြစ် ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။

MWD

Subject-Image

  • ညီညွတ်မှုအားနဲ့တို့ကူညီ လူသားချင်း စာနာတဲ့ကြက်ခြေနီ

Posted-Date