နိုင်ငံ့စီးပွားပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းဆောင်ရွက်
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မေ ၁၁ ရက်)
ချမ်းသာကြွယ်ဝမှုသည် နိုင်ငံနှင့်ပြည်သူတို့၏ လူနေမှုဘဝကိုမြင့်မားစေပြီး နိုင်ငံ့ဂုဏ်သိက္ခာကိုလည်း ထည်ထည်ဝါဝါဖြစ်စေသည်။ နိုင်ငံတိုင်းကမိမိနိုင်ငံကို စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြရာ မြန်မာနိုင်ငံသည်လည်း မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား လုပ်ဆောင်ရမည်ဖြစ်သည်။ နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်ပြီး ပြည်ပရောင်းတမ်းဝင် ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာမိမိတို့နိုင်ငံသည်လည်း ဒေသတွင်းနိုင်ငံများကဲ့သို့ GDP မြင့်တက်လာမည်ဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပြည်သူလူထု၏လူမှုစီးပွားဘဝများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးနိုင်ရန် အတွက် တစ်ဦးချင်း လူမှုစီးပွားဘဝများ တိုးတက်ရေး၊ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဝင်ငွေများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော် အစိုးရအနေဖြင့် စီးပွားရေးမြှင့်တင်ပေးရန် အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧပြီလ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အမှာစကားပြောကြားစဉ် “နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများ ရရှိရမည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိစေနိုင်ကြောင်း၊ ထုတ်ကုန်များကိုပိုမို တင်ပို့နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကိုမဖြစ်မနေ မြှင့်တင်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက်၌လည်း ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက် သွားကြစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
အမျိုးသားပို့ကုန်မြှင့်တင်ရေးအတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရာတွင် အရေးကြီးသည့် အချက်မှာ ပြည်ပစျေးကွက်ဝင်ပို့ကုန် အမယ်စုံတို့ကို နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီစွာ ထုတ်လုပ်နိုင်ရန်ပင်ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံစသည်တို့ကို ပိုးသတ်ဆေးနှင့် ဓာတုဓာတ်ကြွင်းများ ကင်းစင်ရေး၊ စံချိန်စံညွှန်းမီသန့်စင်ထုပ်ပိုးရေး၊ တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်ရေးတို့ကို အစိုးရသက်ဆိုင်ရာ ဝန်ကြီးဌာနမှ လိုအပ်သည်များ ကူညီပံ့ပိုးပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက မဖြစ်မနေ ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ဦးစားပေးရွေးချယ်ထားသော ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ အားလုံးတွင် အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းမှသာ ပို့ကုန်မြှင့်တင်ရေးကဏ္ဍများ အမှန်တကယ် ကုန်ထုတ်လုပ်နိုင်ကြမည်ဖြစ်သည်။
ကုန်ထုတ်လုပ်မှုမြင့်မားပြီးပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ဦးစားပေးကဏ္ဍများအဖြစ် (၁) ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ (၂) ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ၊ (၃) ရေထွက်ကုန်လုပ်ငန်း၊ (၄) ရော်ဘာလုပ်ငန်း၊ (၅) အထည်အလိပ်နှင့် အဝတ်အထည်၊ (၆) စားသောက်ကုန်ပြုပြင် ထုတ်လုပ်ခြင်း၊(၇) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊(၈)သစ်တောထွက်ပစ္စည်း၊(၉)လျှပ်စစ်နှင့် အီလက်ထရွန်နစ် စက်ပစ္စည်း၊ (၁၀)ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ (၁၁) လက်မှုအနုပညာပစ္စည်း၊ (၁၂) ခရီးသွားလုပ်ငန်း၊ (၁၃) ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုတို့ကို ရွေးချယ်ခဲ့သည်။
အထောက်အကူပြုကဏ္ဍများအဖြစ် (၁)ဘဏ္ဍာရေး ဝန်ဆောင်မှုများရရှိနိုင်ရေး၊ (၂) ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု၊ (၃) အရည်အသွေးစီမံခန့်ခွဲမှု၊ (၄) ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှု၊ (၅) တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦး တီထွင်ဆောင်ရွက်ခြင်းတို့ကို ရွေးချယ်ဆောင်ရွက်ခဲ့သည်။
ပို့ကုန်ပမာဏမြင့်မားလာသည်နှင့်အမျှ သွင်းကုန်တန်ဖိုးပမာဏများပြီး ပို့ကုန်တန်ဖိုး လျော့နည်းမှုကြောင့်ဖြစ်ပေါ်သည့် ကုန်သွယ်မှုလိုငွေကို လျော့ကျလာစေမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုပိုမို မြှင့်တင်၍ ပို့ကုန်ပမာဏကို ပိုမိုမြင့်မားစေပြီး ကုန်သွယ်မှုဘက်ညီလာသည်နှင့်အမျှ ကုန်သွယ်မှုလိုငွေလျော့ကျလာသလို ငွေကြေးဖောင်းပွမှုနှုန်းလည်း ကျဆင်းလာမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်လာခြင်း၊ စားသုံးနိုင်မှု ပမာဏများပြားလာခြင်း စသည့်စီးပွားဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်အမျိုးသား ပို့ကုန်မဟာဗျူဟာကို၂၀၁၃ ခုနှစ်တွင်စတင်ရေးဆွဲခဲ့သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပို့ကုန်အမယ်စုံ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာမြှင့်တင် ဆောင်ရွက်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်ရန်ရည်ရွယ်ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူအားလုံးက နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တက်ညီလက်ညီ အကောင်အထည်ဖော်ကြရန်ဖြစ်ပါကြောင်း။ ။
MWD
