နို့စားနွားမွေးမြူရေး လုပ်ငန်း၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ
Posted_Date
Image
Body
နို့သည် ကယ်လ်စီယမ်၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝသော အာဟာရတစ်မျိုးဖြစ်ပြီး လူသားများအပါအဝင် နို့တိုက်သတ္တဝါများသည် မွေးဖွားစဉ်ကတည်းက မိခင်၏နို့နှင့် ရှင်သန်ရပ်တည်ကြသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာရေးအဆင့်သည် နို့သောက်သုံးခြင်းပမာဏအပေါ်တွင် များစွာမူတည်နေသည်။ နို့သောက်သုံးခြင်းသည် အရိုးနှင့်သွားများကိုသန်မာစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့်အတွက် နို့ကိုနေ့စဉ်သောက်သုံးရန် လိုအပ်လှသည်။ မြန်မာနိုင်ငံသည် နို့စားနွားမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန် သင့်လျော်သော ရေမြေရာသီဥတု အခြေအနေများလည်း ရှိနေသည်။
နို့စားနွားမွေးမြူရေး လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် အာဟာရပြည့်ဝသော နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်ပေးနိုင်သည့် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သည်။ သို့သော်လည်း ဤလုပ်ငန်းသည် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေရန်၊ ပြည်သူများကျန်းမာပြီး အာဟာရပြည့်ဝစေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးတောင်သူများ လူနေမှုအဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်၍ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကထား ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏နို့စားနွားမွေးမြူရေးနှင့် နို့၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုအခြေအနေ
၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း အစီရင်ခံစာအရ တစ်နိုင်ငံလုံးအနေဖြင့် စုစုပေါင်း နို့စားနွားကောင်ရေ ၇၂၂၄၄ ကောင်ရှိပြီး အများစုမှာနို့ပေးနွားမများ ဖြစ်ကြသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စုစုပေါင်းနို့စားနွားကောင်ရေ၏ ၅၅ ရာခိုင်နှုန်းကို မွေးမြူကြသည်။
နို့စားနွားကောင်ရေ ၇၂၂၄၄ မှ နို့နှင့် နို့ထွက်ပစ္စည်းတစ်ရက်တန်ချိန် ၂၅၀ ခန့်ထွက်ပြီး တစ်နှစ်တန်ချိန် ၇၆၀၀၀ ကျော်ခန့် ပျမ်းမျှထုတ်လုပ်နိုင်သည်။ နို့စားနွားအပြင် ဒေသနွား၊ နို့စားကျွဲများမှ နို့ညှစ်သော အလေ့အကျင့်လည်းရှိသဖြင့် နို့စားနွား၊ ဒေသနွား၊ နို့စားကျွဲများမှ စုစုပေါင်းနို့ထုတ်လုပ်မှု တန်ချိန် ၁၄၀၀၀၀ ကျော် ထုတ်လုပ်နိုင်သည်။ မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေးတွင် တစ်နိုင်တစ်ပိုင် မွေးမြူခြင်းနှင့် စီးပွားဖြစ်မွေးမြူခြင်းဟူ၍ နှစ်မျိုးရှိသည်။ တစ်နိုင်တစ်ပိုင် မွေးမြူခြင်းတွင် မြက်ခြောက်(Hay)နှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သော ပဲရိုး၊ ပြောင်းရိုး၊ နှမ်းရိုး(Groundnut Residue)၊ ကောက်ရိုး(Straws)များကျွေးမွေးပြီး နို့ပေးချိန်တွင်သာ အစာနု(Concentrates) ဖြစ်သော ပြောင်းဖူးစေ့(Maize)၊ ပြောင်းဖူးဖွဲ (Maize bran)၊ ဆန်ဖွဲ(Rice bran)၊ နှံစားပြောင်း (Sorghum)၊နှမ်းဖတ်/ပဲဖတ် (Sesame cake/Groundnut cake)စသည်တို့ကို ဖြည့်စွက်ကျွေးမွေး၏။ ထုတ်လုပ်စရိတ်၊ လုပ်အားခများ လျော့နည်း သက်သာသော်လည်း ထိရောက်သော အကျိုးအမြတ်မရရှိပါ။
စီးပွားဖြစ်နို့စားနွားမွေးမြူရေးတွင် အစာကြမ်း၊ အစာနုများ စသော ဖြည့်စွက်စာသွင်းအားစုများကို ဝယ်ယူကျွေးမွေးကြသည်။ အစာကုန်ကျစရိတ်သည် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းထက် ပိုမိုကုန်ကျသော်လည်း နို့ထွက်နှုန်းကောင်းမွန်ကာ သိသာထင်ရှားသော အကျိုးအမြတ်ကိုရရှိသည်။
ထို့ပြင် နို့စားနွားမွေးမြူခြင်းတွင် စီးပွားဖြစ်၊ အလယ်အလတ်နှင့် တစ်နိုင်တစ်ပိုင် မွေးမြူခြင်းရှိရာ နို့ညှစ်စနစ်သည်လည်း ကွဲပြားသွားသည်။ စက်ဖြင့်နို့ညှစ်ခြင်းကို စီးပွားဖြစ်နှင့် အလတ်စားနို့စားနွားမွေးမြူရေးလုပ်ငန်းတွင်အတွေ့ရများပြီး လက်ဖြင့်နို့ညှစ်ခြင်းကို စီးပွားဖြစ်၊ အလတ်စားနှင့်တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းအားလုံးတွင် တွေ့ရသည်။ ရရှိလာသောနို့၏အရည်အသွေးသည် နို့ကောက်စနစ်အပေါ်တွင်လည်း များစွာမှီခိုနေသည်။ ပျမ်းမျှအားဖြင့် နို့ကောက်စနစ်သုံးမျိုးရှိသည်။
• နို့ကောက်စခန်း သို့မဟုတ် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သောနေရာသို့ တိုက်ရိုက်ပို့ခြင်း၊
• နို့ကောက်စခန်း သို့မဟုတ် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သောနေရာမှလူငှားပြီး နို့စုဆောင်းစေခြင်း၊
• နို့ကုန်သည်၊ နို့ပွဲစားများမှ နို့လိုက်ကောက်ပြီး နို့ကောက်စခန်း သို့မဟုတ် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်သောနေရာသို့ တင်သွင်းခြင်း။
ရရှိလာသော နို့များကိုအသုံးချရာတွင် စီးပွားဖြစ်နို့စားနွားမွေးမြူရေးခြံများသည် နို့ Value-added products များဖြစ်သောနို့ထွက်ပစ္စည်းများ ဒိန်ချဉ် (Yogurt) ၊ ထောပတ် (Butter)၊ နို့မှုန့် (Milk Powder)၊ နို့ဆီ (Sweetened Beverage Creamer)၊ နို့ပူတင်း (Milk Pudding) ၊ မလိုင်လုံး (Milk Fudge )နှင့် နို့ယို (Milk Toffee) စသည်တို့ကို တိုက်ရိုက်ထုတ်လုပ်ကြသည်။ နို့ရရှိရန် ကြားခံအဆင့်များမရှိသဖြင့် နို့အရည်အသွေး လတ်ဆတ်မှုရှိနိုင်သည်။ နို့ကောက်စခန်းတွင် နို့ထိန်းသိမ်းနည်းနှစ်မျိုးရှိသည်။ အအေးပေးစနစ်ဖြင့် ထိန်းသိမ်းခြင်းနှင့် သကြားထည့်၍ နို့ကိုနွှေးပြီး ထိန်းသိမ်းနည်းဖြစ်သည်။ မြန်မာနိုင်ငံ နို့စားနွားမွေးမြူရေး လုပ်ငန်း၏ပုံစံသည် ချက်နို့ဆီ (Sweetened Condensed Milk)ထုတ်လုပ်ခြင်းမှသည် တန်ဖိုးမြင့်၍ အရည်အသွေးကောင်းမွန်သော သန့်ရှင်းလတ်ဆတ်သော နို့အေး၊ ဒိန်ချဉ်၊ မလိုင်လုံးစသော နို့ထွက်ပစ္စည်းများကို ထုတ်လုပ်လာနိုင်ပြီဖြစ်သည်။
စိန်ခေါ်မှုများ
- နို့နှင့် နို့ထွက်ပစ္စည်းစားသုံးမှုနည်းပါးခြင်း
မြန်မာနိုင်ငံတွင် နို့နှင့်နို့ထွက်ပစ္စည်း စားသုံးမှုအခြေအနေသည် အခြားသားငါး၊ ကြက်ဥစားသုံးမှုကဲ့သို့ မတွင်ကျယ်လှသေးပါ။ အဓိကအစားအသောက်အနေဖြင့် စားသုံးခြင်း အလေ့အထမရှိသေးပါ။ နို့နှင့်နို့ထွက်ပစ္စည်း ပိုမိုစားသုံးနိုင်ရန် နိုင်ငံသားများ၏ ဝင်ငွေဖြင့်လည်းသက်ဆိုင်နေသည်။ နိုင်ငံသားများဝင်ငွေကောင်းမှ အာဟာရပြည့်ဝသော၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ ပိုမိုစားသုံးနိုင်မည်
ဖြစ်သည်။ မြန်မာနိုင်ငံသားများ၏ နို့သောက်သုံးမှုသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အလွန်နည်းပါးသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အရွယ်ရောက်ပြီးသူအတွက် တစ်နှစ်လျှင်အနည်းဆုံး နွားနို့ လီတာ ၂၀၀ သောက်သုံးရန် လမ်းညွှန်ထားသည်။ နှိုင်းယှဉ်ဖော်ပြချက်အရ နယူးဇီလန်နိုင်ငံသားတစ်ဦးက တစ်နှစ်လျှင် နွားနို့လီတာ ၂၇၀ သောက်သုံးနေချိန်တွင် မလေးရှားနိုင်ငံသားတစ်ဦးက တစ်နှစ်လျှင် နွားနို့လီတာ ၆၀ ကိုသာသောက်သုံးပြီး မြန်မာနိုင်ငံသားတစ်ဦးကမူ တစ်နှစ်လျှင် နွားနို့ ၁၀ လီတာသာ သောက်သုံးသည်ကိုတွေ့ရသည့်အတွက် မြန်မာနိုင်ငံသားများ အနေဖြင့် နွားနို့သောက်သုံးမှု ပမာဏမှာ လွန်စွာနည်းပါးနေသည်။ စစ်တမ်းများအရ လူဦးရေ ၄၀၀၀၀ ကျော်တွင် ၉၄၇၀ ဦးသာ နို့သောက်သုံးမှုရှိသည်။ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို နို့သောက်သုံးမှုအလေ့အထ ပိုမိုတိုးလာရန်လည်းလိုအပ်နေသည်။ ငယ်စဉ်ကတည်းက နို့သောက်တတ်သည့် အကျင့်ကို မွေးမြူပေးသင့်ပေသည်။
- မွေးမြူရေးစနစ် အားနည်းခြင်း
မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေး လုပ်ငန်းသည် များသောအားဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးကို အခြေခံထားသဖြင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခက်အခဲတစ်ခုဖြစ်လာစေသည်။ တစ်နိုင်တစ်ပိုင် မွေးမြူသူများသည် နည်းပညာနှင့် အရင်းအနှီး အကန့်အသတ်ရှိသောကြောင့် စနစ်တကျ မွေးမြူနိုင်ခြင်းမရှိပါ။ နွားအစာ၊ ရောဂါကာကွယ်ရေးနှင့် နို့အရည်အသွေး ထိန်းသိမ်းရေးတို့တွင် အားနည်းချက်များ ရှိနေသည်။ နို့စားနွားမွေးမြူရေးဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးပြုမှုနည်းပါးခြင်း၊ မျိုးရိုးဗီဇကောင်းမွန်သော နွားမျိုးများမွေးမြူမှု အားနည်းခြင်း၊ နို့ညှစ်စနစ်၊ နို့ထိန်းသိမ်းစနစ်နှင့် ရောဂါကာကွယ်ရေးတို့တွင် ခေတ်မီနည်းပညာများ အသုံးပြုမှုနည်းပါးခြင်းများ ရှိနေနိုင်သည်။ တစ်နိုင်တစ်ပိုင်မွေးသော နို့စားနွားမွေးမြူသူများသည် နို့မညှစ်ကြပေ။ တစ်နိုင်တစ်ပိုင်နို့စားနွား မွေးမြူရေးခြံမှ နို့ကောက်စခန်း သို့မဟုတ် နို့ထွက်ပစ္စည်း ထုတ်လုပ်သော စက်ရုံသို့နို့ရောက်ရှိရန် ကြားခံစနစ်များလာသည်။ နို့ညှစ်သမား၊ နို့ကုန်သည်အစရှိသော ကြားခံစနစ်များကြောင့် နို့စားနွားမွေးသော တောင်သူများအနေဖြင့် နို့ဈေးကို ထိုက်သင့်သလောက်မရရှိကြသလို ကြားခံအဆင့်များကြောင့် နို့သည်ခြံမှစက်ရုံသို့ရောက်ရှိရန် အချိန်ကြာလာသည်။
ထိုသို့ အချိန်ကြာလာသည်နှင့်အမျှ နို့အရည်အသွေး ကျဆင်းလာသည်။ မြို့ပြဧရိယာကျယ်ပြန့်လာ၍ လူနေထူထပ်လာသည်နှင့်အမျှ ခြံမှထွက်သော အညစ်အကြေး၊ အနံ့အသက်များကြောင့် မွေးမြူ၍အဆင်မပြေသဖြင့် အခြားစီးပွားရေးလုပ်ငန်းများသို့ အသွင်ကူးပြောင်းသွားခြင်းများသည်လည်း နို့စားနွားမွေးမြူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားတစ်ခုဖြစ်သည်။
- ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်းနှင့် စားကျက်စိုက်ပျိုးမှု
မွေးမြူရေးလုပ်ငန်းတစ်ခုတွင် ကုန်ကျစရိတ်၏ ၆၅ ရာခိုင်နှုန်းမှာ အစာစရိတ်ဖြစ်သည်။ အစာကုန်ကျစရိတ်၏ ၆၅ ရာခိုင်နှုန်းထက်လျှော့ချနိုင်မှသာ အောင်မြင်သောမွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်လာမည်။ နို့စားနွားမွေးမြူရေးတွင် စားကျက်စိုက်ပျိုးရေးသည် မရှိမဖြစ်လိုအပ်သည်။ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် မျိုးရိုးဗီဇမြှင့်တင်ရုံသာမက အရည်အသွေး ကောင်းမွန်သော အစာများကိုလည်း ကျွေးမွေးရမည်။ မြန်မာနိုင်ငံတွင် လက်ရှိမွေးမြူသူများ၏ နွားစာများမှာ ကောက်ရိုး/ ပြောင်းရိုးနှင့် အစာနု(စေ့ဖတ်၊ ဖွဲနု၊ ပြောင်းမှုန့်၊ ပဲမှုန့်)တို့ဖြစ်သည်။ အစာကြမ်းနှင့် အစာနုဈေးနှုန်းမြင့်တက်ခြင်းကြောင့် မွေးမြူသူများ တိရစ္ဆာန်လိုအပ်ချက် ပြည့်မီအောင် ကျွေးမွေးနိုင်ခြင်း မရှိသောကြောင့် အကျိုးအမြတ်
လွန်စွာနည်းပါးခဲ့ကြသည်။ ထို့ကြောင့် အစာနုကိုအခြေပြုမွေးမြူသော စနစ်ကိုအသုံးမပြုဘဲ အာဟာရတန်ဖိုးသင့်သော အစာကြမ်း(Roughages)ကို အခြေပြုကျွေးမွေးသော စနစ်သို့ ပြောင်းလဲမွေးမြူရန်လိုအပ်လာသည်။ စားကျက်တစ်ဧကတွင် နို့စားနွား ၂-၄ ကောင်အတွက် တစ်နှစ်စာ အစာဖူလုံမှုရှိသည်။
မြန်မာနိုင်ငံတွင် စားကျက်စိုက်ဧက ၆၀၀၀ ကျော်သာရှိပြီး နို့စားနွား ၇၀၀၀၀ ကျော်အတွက် စားကျက်စိုက်ပျိုးမှု ဧကများစွာလိုအပ်နေသည်။ စိုက်ပျိုးမြေမရှိသော နို့စားနွားမွေးမြူသူများအတွက် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ အရည်အသွေးကောင်းမွန်သော အစာကြမ်းများ မြေပဲရိုး၊ နှမ်းရိုး(Groundnut Residue)နှင့် ပဲမှော်များ(မတ်ပဲမှော်၊ ပဲစင်းငုံမှော်၊ ကုလားပဲမှော်၊ ပဲလွမ်းမှော်၊ ပဲတီစိမ်းမှော်) အစရှိသည်တို့ကိုအသုံးပြုနိုင်သည်။ ပဲမျိုးစုံအခွံ(Husk) ကို ဖြည့်စွက်ကျွေးမွေးနိုင်သကဲ့သို့ ပေါများစွာရရှိနိုင်သော ကောက်ရိုးကိုလည်း အာဟာရတန်ဖိုးမြင့်တက်အောင် ကောက်ရိုးချဉ်ဖတ်ပြုလုပ်ပြီးကျွေးမွေးနိုင်သည်။ သာမန်ကောက်ရိုးတွင် အာဟာရဓာတ်လွန်စွာနည်းပါးသဖြင့် မူလအတိုင်းကျွေးမွေးလျှင် ထုတ်လုပ်မှုစွမ်းရည်မတိုးတက်သဖြင့် ကောက်ရိုးကို ယူရီးယားပုလဲဓာတ်မြေဩဇာဖြင့် ပြုပြင်ကျွေးမွေးသင့်သည်။
- ကျွမ်းကျင်လုပ်သားရှားပါးခြင်း
လူ့စွမ်းအားအရင်းအမြစ်နှင့် ပတ်သက်၍ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပညာရှင် အဆင့်များကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ မွေးထုတ်ပေးလျက်ရှိသည်။ နို့စားနွားမွေးမြူခြင်းနှင့် ပတ်သက်သော ကျွမ်းကျင်သူများကို မွေးထုတ်ပေးရန် လိုအပ်သည်။ နို့စားနွားခြံရှိ လုပ်သားများအား နို့စားနွားနှင့်ပတ်သက်သော ဗဟုသုတများရှိစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် သင်တန်းများပေးရန် လိုအပ်သည်။ ကျွမ်းကျင်လုပ်သားများတွင် သင်တန်းဟူ၍မရှိဘဲ လက်ဆင့်ကမ်းပြီး သင်ကြားရသည့်အတွက် ကျွမ်းကျင်လုပ်သား ရှားပါးမှုကလည်း အခက်အခဲတစ်ခုဖြစ်သည်။ ကျွမ်းကျင်သောနို့စားနွားမွေးမြူသူ လုပ်သားများရရှိရန် လေ့ကျင့်သင်ကြားပေးရန် လိုသည်။ လက်တွေ့အောင်မြင်နေသော နို့စားနွားမွေးမြူသူများ၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းရှင်များထံမှ သင်ယူခြင်းကို ပိုမိုလက်ခံနိုင်ဖွယ်ရှိသဖြင့် လစဉ် Farmer Meeting လုပ်ပေးသင့်သည်။
- နို့နှင့်နို့ထွက်ပစ္စည်းဈေးကွက်အားနည်းခြင်း
နွားနို့ဈေးကွက်ခိုင်မာစေရန် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်မှု အရည်အသွေးကို ယခုလက်ရှိထုတ်လုပ်နေမှုထက် ပိုမိုကောင်းမွန်အောင် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းလာသော နို့နှင့်နို့ထွက်ပစ္စည်း အရည်အသွေးချင်း ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ဥပမာ Walco အသင့်သောက်နွားနို့သည် ပြည်ပမှတင်သွင်းသော နွားနို့ကိုယှဉ်ပြိုင်နိုင်ပြီး စားသုံးသူများ နှစ်သက်ကြသည်။ Walco ကဲ့သို့ထုတ်လုပ်နိုင်ပါက ပြည်ပမှတင်သွင်းနေသော နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုကိုလျှော့ချနိုင်ပြီး ပြည်ပသို့ထွက်နေသော ငွေများကိုတားဆီးနိုင်မည်ဖြစ်သည်။ အသင့်သောက် နွားနို့သာမက နို့ဆီ၊ နို့မှုန့်၊ ဒိန်ချဉ်၊ ဒိန်ခဲ စသောနို့ထွက်ပစ္စည်းများကိုလည်း ပိုမိုထုတ်လုပ်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ ထို့ပြင် ထုတ်လုပ်လိုက်သော နို့နှင့်နို့ထွက်ပစ္စည်းများကို ကြာရှည်စွာ ထိန်းသိမ်းနိုင်ပြီး ရောင်းချနိုင်ရန်နှင့် စားသုံးသူများ ဘက်ကလည်း ဝယ်ယူပြီးသား နို့နှင့်နို့ထွက်ပစ္စည်းများကို အချိန်ကြာရှည်စွာ ထိန်းသိမ်းစားသုံးနိုင်အောင်လည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။ နို့နှင့်နို့ထွက်ပစ္စည်း ဈေးကွက် ခိုင်မာရေးအတွက် ငယ်စဉ်ကတည်းက နို့သောက်သုံးမှု အလေ့အကျင့်ရရှိစေရန်၂၀၁၂-၂၀၁၃ မှ စတင်ခဲ့သော School Milk Program ကို ပြန်လည်အကောင်အထည်ဖော်သင့်သည်။ အရည်အသွေးမြင့်သော နို့နှင့်နို့ထွက်ပစ္စည်းရရှိရန် နို့အရည်အသွေး ကုန်ကြမ်းလတ်ဆတ်ရန်လိုသည်။ အရည်အသွေးမြင့် နို့ရအောင် ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာ၊ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများရှိရန်လိုသည်။ လတ်ဆတ်သောနို့ရရန် သုံးစွဲနေသောနို့ပုံးများမှအစ သန့်ရှင်းရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုသည်။ နို့ကောက်နို့သိမ်းရာတွင် အအေးချစနစ်ဖြင့် ကောက်သိမ်းရန်လိုသည်။ ထိုသို့ဖြစ်ရန် ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ရမည်ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာမှ ပျောက်ကွယ်သွားခဲ့သော နို့ဆီစားသုံးမှုကို ပြန်လည်မြင့်တက်အောင် ပြုလုပ်နိုင်မည်ဆိုပါက နို့ဆီဈေးကွက် ပြန်ရရှိနိုင်ဖွယ်ရှိသည်။
-ရောဂါများ
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းကို စိန်ခေါ်နေသော အဓိကရောဂါများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁။ ခွာနာလျှာနာရောဂါ
(Foot and Mouth Disease - FMD) အဓိကလက္ခဏာများ - ပါးစပ်၊ ခြေထောက်နှင့် နို့သီးခေါင်းများတွင် ရေကြည်ဖုများ ပေါက်ခြင်း၊ အစားစားချင်စိတ်လျော့နည်းခြင်း၊ အားနည်းခြင်း၊ နို့ထွက်နှုန်းကျဆင်းခြင်း။
- ပျံ့နှံ့ပုံ - ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပြီး တိရစ္ဆာန်အချင်းချင်းထိတွေ့ခြင်း၊ ရောဂါပိုးပါဝင်သောအစာ၊ ရေနှင့် ပစ္စည်းကိရိယာများမှတစ်ဆင့်ပျံ့နှံ့သည်။
- ဆိုးကျိုးများ - ထုတ်လုပ်မှုစရိတ်မြင့်တက်ခြင်း၊ နို့ထွက်နှုန်းကျဆင်းခြင်း၊ တိရစ္ဆာန်
သေဆုံးမှုများဖြစ်ပေါ်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှု ကန့်သတ်ခံရခြင်း။
၂။ နို့အုံရောင်ရောဂါ (Mastitis)
- အဓိကလက္ခဏာများ - နို့အုံရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အပူချိန်မြင့်ခြင်း၊ နို့အရည်အရောင်ပြောင်းခြင်း၊ နို့ထွက်နှုန်းလျော့နည်းခြင်း။
- ပျံ့နှံ့ပုံ - ဗက်တီးရီးယားပိုးများကြောင့်ဖြစ်ပြီး နို့ညှစ်စဉ်သန့်ရှင်းမှုအားနည်းခြင်း၊ နို့အုံထိခိုက်ဒဏ်ရာရခြင်းများမှတစ်ဆင့်ပျံ့နှံ့သည်။
- ဆိုးကျိုးများ - နို့အရည်အသွေးကျဆင်းခြင်း၊ နို့ထုတ်လုပ်မှုလျော့နည်းခြင်း၊ ကုသစရိတ် မြင့်တက်ခြင်း၊ နွားမများဖယ်ရှားပစ်ရခြင်း။
၃။ ကူးစက်တတ်သော ကိုယ်ဝန်ပျက်ကျရောဂါ (Brucellosis)
- အဓိကလက္ခဏာများ - ကိုယ်ဝန်ဆောင်နွားမများတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ အဆစ်အမျက်များရောင်ရမ်းခြင်း၊ အားနည်းခြင်း။
- ပျံ့နှံ့ပုံ - ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ရောဂါပိုးပါဝင်သော အစာ၊ ရေနှင့် တိရစ္ဆာန်၏ အရည်များမှတစ်ဆင့်ပျံ့နှံ့သည်။
- ဆိုးကျိုးများ - မွေးဖွားနှုန်း ကျဆင်းခြင်း၊ နို့ထွက်နှုန်းလျော့နည်းခြင်း၊ လူသို့ကူးစက်နိုင်ခြင်း။
၄။ တီဘီရောဂါ (Tuberculosis - TB)
- အဓိကလက္ခဏာများ - အဆုတ်ရောဂါလက္ခဏာများ၊ အားနည်းခြင်း၊ ကိုယ်အလေးချိန် လျော့နည်းခြင်း။
- ပျံ့နှံ့ပုံ - ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ရောဂါပိုးပါဝင်သော လေ၊ အစာ၊ ရေနှင့် တိရစ္ဆာန်၏ အရည်များမှတစ်ဆင့် ပျံ့နှံ့သည်။
- ဆိုးကျိုးများ - တိရစ္ဆာန်သေဆုံးမှုများဖြစ်ပေါ်ခြင်း၊ လူသို့ကူးစက်နိုင်ခြင်း။
၅။ အစာအိမ်အူလမ်းကြောင်းရောဂါများ (Gastrointestinal Diseases)
- အဓိကလက္ခဏာများ - ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အစားမစားခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း။
- ပျံ့နှံ့ပုံ - ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ပရိုတိုဇွာပိုးများကြောင့်ဖြစ်ပြီး ရောဂါပိုးပါဝင်သော အစာ၊ ရေနှင့် ပစ္စည်းကိရိယာများမှတစ်ဆင့်ပျံ့နှံ့သည်။
- ဆိုးကျိုးများ - အားနည်းခြင်း၊ ကိုယ်အလေးချိန် လျော့နည်းခြင်း၊ နို့ထွက်နှုန်း ကျဆင်းခြင်း၊ တိရစ္ဆာန်သေဆုံးမှုများဖြစ်ပေါ်ခြင်း။
ဤရောဂါများသည် နို့စားနွားမွေးမြူရေး လုပ်ငန်းအတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်သောကြောင့် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်သည်။ ရောဂါများမဖြစ်အောင် ကာကွယ်နိုင်မှသာ ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့နည်းပြီး မကုန်သင့်တာတွေ မကုန်ရအောင် စီမံဆောင်ရွက်နိုင်မှသာ အကျိုးအမြတ်များသော မွေးမြူရေးဖြစ်လာပေမည်။
- နို့စားနွားမွေးမြူရေးအတွက် အရေးပါသော နွားငယ်လေးပြုစုစောင့်ရှောက်မှု
စီးပွားဖြစ် နို့စားနွားမွေးမြူရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေရမည်ဖြစ်သော Sustainable Development လုပ်ငန်းအမျိုးအစားတွင် ပါဝင်သဖြင့် နို့စားနွားမနေရာတွင် နောင်တစ်ချိန်အစားထိုးမည့် နွားငယ်လေးပြုစု စောင့်ရှောက်ခြင်းသည်လည်း များစွာအရေးပါလှသည်။ မွေးပြီးပြီးချင်း နို့စားနွားငယ်လေး၏ ခန္ဓာကိုယ်အလေးချိန် သိရှိရန်လိုသည်။ နို့စားနွားမွေးမြူရေး၊ နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများ ဖြစ်သည့်အတွက် ထိုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် စီးပွားရေးအရဆွဲဆောင်မှုရှိသော လုပ်ငန်းများအဖြစ်သို့ ဝိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်သည်။ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများမှသည် နို့စားနွားမွေးမြူသူများ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များအထိ အကျိုးရှိစေရန် စဉ်းစားဆောင်ရွက်ကြရန်လိုသည်။ တစ်နိုင်တစ်ပိုင်မွေးမြူသူများသည် ကိုယ်တိုင်နို့ညှစ်ပြီး နို့ကောက်စခန်းသို့ တိုက်ရိုက်သွင်းနိုင်ပါက နို့အရည်အသွေးမကျဆင်းဘဲ ကောင်းမွန်နိုင်သည့်အပြင် နို့ဈေးပိုရနိုင်သည်။
နို့စားနွားမွေးမြူရေး လုပ်ငန်းအောင်မြင်ပြီး အကျိုးအမြတ်ရရှိရန်အတွက် ရနိုင်သမျှပိုရအောင် လျှော့ချနိုင်သမျှလျှော့ချရန် ဆောင်ရွက်ရန်လိုသည်။ အစာကုန်ကျစရိတ်များလာပါက ဈေးကြီးသော အစာနုကိုလျှော့ချပြီး အာဟာရပြည့်ဝသော တိရစ္ဆာန်အစာပင်များ စိုက်ပျိုးကျွေးမွေးသင့်သည်။ နို့စားနွားမွေးမြူရေး အောင်မြင်စေရန် မြန်မာပြည်ရာသီဥတုနှင့် ကိုက်ညီသော နို့စားနွားမျိုးဖြစ်ရမည်။ နို့ထုတ်လုပ်မှု အရည်အသွေးသည်လည်း စံချိန်မီရမည်။
နို့စားနွားခြံများတွင် ကျရောက်တတ်သော ရောဂါများမှလည်း ကြိုတင်ကာကွယ်နိုင်စွမ်း ရှိရမည်။ နို့စားနွားမွေးမြူရေး လုပ်ငန်း၏ အစာကုန်ကျစရိတ် လျှော့ချရာတွင် အစာအရည်အသွေးလည်း မလျော့အောင် ကုန်ကျမှုစရိတ်လည်း သက်သာအောင် ဆောင်ရွက်သင့်သည်။ ထုတ်လုပ်လိုက်သော ထုတ်ကုန်များအတွက် ဈေးကွက်ခိုင်မာရမည်။ စားသုံးသူအကြိုက်ဖြစ်ရမည်။ ပြည်ပသွင်းကုန် အစားထိုးနိုင်သည်အထိ ချိတ်ဆက်ပြီးအဖြေရှာရန်လိုသည်။
အနာဂတ်နို့စားနွားမွေးမြူရေးအခြေအနေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နို့စားနွားမွေးမြူသူများကို နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ရင်းနှီးမတည်ငွေထုတ်ပေးပြီး နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိသည်။ မြို့ပြဧရိယာကျယ်ပြန့်လာပြီး လူနေထူထပ်လာ၍ နွားမွေးမြူရေးခြံများ မပျောက်ကွယ်သွားစေရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မွေးမြူရေးဇုန်များ၊ နို့စားနွားမွေးမြူရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုပြုထားသော နို့စားနွားမွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေး၊ နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်ပမှတင်သွင်းသောနို့နှင့်နို့ထွက်ပစ္စည်း လျှော့ချနိုင်ရေးဟူသော ရည်ရွယ်ချက်ဖြင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မေထုန်မဲ့သားစပ်ခြင်းဖြင့် နို့စားနွားကောင်ရေ ၆၆၀၀၀ တိုးမြှင့်မွေးမြူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း၊ တိရစ္ဆာန်အစာထိန်းသိမ်း သိုလှောင်နည်းစနစ် သင်တန်း၊ မြက်ချဉ်ဖတ်၊ ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း သင်တန်းများအား မြို့နယ်များတွင် သင်တန်းပေးခဲ့ပြီးဖြစ်သည်။ နို့စားနွားဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ခရိုင်အခြေပြုမေထုန်မဲ့ သားစပ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ နို့စားနွားမျိုးမြှင့်တင်ခြင်း အနေဖြင့် အီတလီနှင့် နယူးဇီလန်နိုင်ငံမှ ၁၀၀ ရာခိုင်နှုန်း နွားမျိုးတွေကို မျိုးရည်ခဲချောင်းအဖြစ် တင်သွင်းဖြန့်ဖြူးပေးခဲ့သည်။ ဈေးနှုန်းသင့်လျော်သော ပြည်တွင်းဖြစ် နို့စားနွား ၁၀၀ ရာခိုင်နှုန်းမျိုးချောင်းများကို ဖြန့်ဖြူးသားစပ်ပေးလျက်ရှိသည်။ နို့စားနွားမွေးမြူရေးသည် မွေးမြူသူကို ဆွဲဆောင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်စေရန် အကျိုးအမြတ်များရန်လိုသည်။ မွေးမြူရေးလုပ်ငန်းတစ်ခုတွင် ကုန်ကျစရိတ်အားလုံး၏ ၆၅ ရာခိုင်နှုန်းသည် အစာဖြစ်သည်။ ထိုအစာကုန်ကျစရိတ် ၆၅ ရာခိုင်နှုန်းအောက်ချနိုင်ပါက နို့စားနွားမွေးမြူရေးသည် အကျိုးအမြတ် များသော လုပ်ငန်းတစ်ခုဖြစ်လာမည်။ တန်ဖိုးကြီးမြင့်သော စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများ အစာအာဟာရတန်ဖိုးသင့်တင့်သော တိရစ္ဆာန်အစာပင်များ စိုက်ပျိုးကျွေးမွေးမည်ဆိုလျှင် အစာကုန်ကျစရိတ်ကို ထိန်းသိမ်းလျှော့ချနိုင်မည်ဖြစ်သည်။ အစာကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်များလာပါက မွေးမြူရေးတောင်သူကို ဆွဲဆောင်မှုရှိသော စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်လာမည်ဖြစ်သည်။
“သင်...ဒီနေ့ နို့သောက်ပြီးပြီလား”
“ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး ဒိန်ချဉ်ကိုနေ့တိုင်းစား”
စသောဆောင်ပုဒ်များဖြင့် နို့သောက်သုံးမှုကို တိုးတက်အောင်လုပ်နိုင်ပါက နို့နှင့် နို့ထွက်ပစ္စည်းများ၏ ဈေးကွက်သည် ယခုထက် ပိုမိုကျယ်ပြန့်လာနိုင်သည်။ ။
MWD

