ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

Posted_Date

Image

ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

Body

များမကြာလှသောအချိန်အထိ ကမ္ဘာတွင် ကျေးလက်လူဦးရေက မြို့နေလူဦးရေထက် များနေသေးသော်လည်း ယခုအခါ မြို့နေလူဦးရေသည် ကျေးလက်လူဦးရေထက် ကျော်လွန်သွားပြီဖြစ်သည်။ တသဲသဲဝင်လာနေသော လူတို့အတွက်   နိုင်ငံအတော်များများတွင်   မြို့ပြအကွက်အကွင်းများကို  လျင်မြန်လှသောအရှိန်အဟုန်ဖြင့် ချဲ့ထွင်နေကြရသည်။ အသစ်အသစ်သော အဆောက်အအုံများသာမက မြို့ပြအင်္ဂါရပ်များဖြစ်ကြသည့် ကွန်ကရစ်နှင့် ကတ္တရာပြင်များ၊ လမ်းများသည်လည်း နေ့ချင်းညချင်း ဟိုမှသည်မှ ပေါ်ထွက်လာနေသည်။

ကွန်ကရစ်နှင့် ကတ္တရာပြင်များ၊ လမ်းများကြောင့် သွားလာပို့ဆောင်ရေးတွင် အကျိုးရှိသည်မှာမှန်သော်လည်း မိုးရေများ မြေအောက်စီးဝင်နေမှုကို ပိတ်ဆို့လိုက်သည့် ဘေးထွက်ဆိုးကျိုးက ရှိနေသည်။  မြေကြီးထဲစိမ့်ဝင်၍ မရသောအခါ မိုးရေများသည် မျက်နှာပြင်ပေါ်မှတစ်ဆင့် မြောင်းများ၊ ချောင်းများထဲ စီးဆင်းကြသည်။ မြောင်းများ၊ ချောင်းများက ယခင်ကထက် ထုထည်များပြားသောမိုးရေများကို နုတ်သိမ်း၍ မနိုင်သောအခါ လျှံတက်လာသဖြင့် ကမ္ဘာ့မြို့ကြီးအများအပြားတွင် ဖြေရှင်းရမလွယ်သော ပြဿနာတစ်ခုဖြစ်လာသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ နှစ်စဉ်ကြုံတွေ့နေရသော ရေကြီး၊ ရေလျှံမှုများကို ဖြေရှင်းရန်စဉ်းစားသောအခါ ရှိပြီးရေမြောင်းနှင့် ရေထုတ်စနစ်များကို ချဲ့ထွင်ခြင်းသည် ကုန်ကျစရိတ်များသည့်အပြင် နေရာအခက်အခဲလည်းရှိသဖြင့် ပညာရှင်တို့သည် မိုးရေတို့ကို မြောင်းထဲသို့ တိုက်ရိုက်မဝင်စေဘဲ  ရွာကျလာသည့်နေရာတွင်ပင် ယာယီထိန်းသိမ်းသိုလှောင်ထားပြီး  မိုးတိတ်သောအခါမှ  ဖြည်းဖြည်းချင်းပြန်ထုတ်၍ ရေကြီးမှုကိုလျော့ပါးစေရန် စီစဉ်ခဲ့သည်။  သိုလှောင်ထားသောမိုးရေများကို    အဆင့်ဆင့်သန့်စင်ပြီး သောက်ရေအဖြစ်သုံးနိုင်လျှင်  သုံးရန် သို့မဟုတ် သာမန်ရေစစ်နည်းဖြင့် စစ်ထုတ်ပြီး အိမ်သာနှင့်လမ်းများကို သန့်ရှင်းဆေးကြောခြင်း၊ ပန်းပင်ရေလောင်းခြင်း စသည့်ကိစ္စများတွင်သုံးရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်    ရေကြီးမှုအန္တရာယ်ကို သိသာစွာလျှော့ချနိုင်ရုံတင်မက ရေအရင်းအမြစ်ကိုလည်း ချွေတာရန်ရည်ရွယ်သည်။

ဥပဒေလည်းထုတ်၊ ပညာလည်းပေး

      ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ဆိုးလ်မြို့တော်၌ အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် မိုးရေ လှောင်ကန်များကိုထည့်သွင်း တည်ဆောက်ရန် ၂၀ဝ၄ ခုနှစ်က ဥပဒေထုတ်ပြန်သည်။ ဥပဒေထုတ်သည့်အပြင် ယင်းသို့ မိုးရေလှောင်ကန်များထားရှိခြင်းဖြင့် ရနိုင်သောအကျိုးများကို အခြေခံပညာကျောင်းများ မှစကာ  အဆောက်အအုံပိုင်ရှင်များအထိ ပညာပေးသဘောပေါက်စေသည်။ ကျောင်းအချို့တွင် မိုးရေလှောင်ကန်များ တည်ဆောက်ပြီး ယင်းမှရသောအကျိုးကျေးဇူးများကို      ကျောင်းသားလူငယ်တို့ကို လက်တွေ့သိရှိစေသည်။ အချို့မြို့ကြီး များတွင် “မိုးရေပြတိုက်”များဖွင့်လှစ်ခြင်း၊ မိုးရေ၏အရေးပါပုံကို အသံလွှင့်ဟောပြောခြင်း စသည်တို့ကိုဆောင်ရွက်သည်။

အဆောက်အအုံများတွင် မိုးရေလှောင်ကန်များ ထည့်သွင်းတည်ဆောက်လျှင် နေရာပိုယူ၊ စရိတ်ပိုကုန်သဖြင့် မြေပိုင်ရှင်များ၊   ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မနှစ်ခြိုက်ခဲ့ကြပေ။  ဤသည်ကို တောင်ကိုရီးယားအစိုးရက မက်လုံးပေး၍ သိမ်းသွင်းသည်။   ဆိုးလ်မြို့တော်တွင်   နေရာကိုလိုက်၍  မြေကွက်ဧရိယာမည်မျှတွင် အဆောက်အအုံဧရိယာမည်မျှသာ ဆောက်ရမည်ဟု ကန့်သတ်ထားသည်။

ဤသည်ကို အစိုးရက  လျှော့ပေါ့ပေးကာ  ဆောက်လုပ်နိုင်သော ဧရိယာကို တိုးမြှင့်ခွင့်ပြုပေးလိုက်ရာ ယင်းအချက်သည် မိုးရေလှောင်ကန်များကို    ထည့်သွင်းဆောက်လုပ်ရန်  ကောင်းစွာဆွဲဆောင်နိုင်သော အကြောင်းတစ်ခုဖြစ်သွားသည်။

လူအများလက်ခံလာအောင် ပညာပေးစည်းရုံးမှု၊ သင့်လျော်သလို မက်လုံးပေးမှုများကြောင့် အသစ်ပေါ်ထွက်လာသော အဆောက်အအုံများတွင် မိုးရေလှောင်စနစ်များကို ထည့်သွင်းလာကြရာ တစ်ခုမှာ “ကြယ်တာရာမြို့တော်” အိမ်ရာစခန်းဖြစ်သည်။ ကုန်ပဒေသာတိုက်ကြီးတစ်ခု၊ အထပ်မြင့် လူနေကွန်ဒိုလေးလုံးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသော ယင်းအိမ်ရာစခန်းကို ၁၂ ဧကမြေပေါ်တွင် ၂၀ဝ၇ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည်။  လူနေခန်း ၁၃၀ဝ ကျော်ပါရှိပြီး  လူ ၆၀ဝ၀ ကျော်နေထိုင်သည်။

ကန်သုံးကန်

      ကြယ်တာရာမြို့တော်အိမ်ရာစခန်း အတွက်ရေကို  ဗဟိုရေပေးရေးစနစ်မှ ရေအပြင် စခန်းမြေပြင်နှင့်အဆောက်အအုံများပေါ် ရွာကျလာသော မိုးရေများကို ဖမ်းယူသိုလှောင်အသုံးပြုသည်။ စခန်း၌ အေ၊ ဘီ၊ စီ၊ ဒီ ဟူ၍  ကွန်ဒိုလေးလုံးရှိရာ ကွန်ဒို “ဘီ”၏ စတုတ္ထမြေအောက်ထပ်တွင်  ရေလှောင်ကန်သုံးလုံးကို ထည့်သွင်းတည်ဆောက်ထားသည်။ ကန်တစ်ကန်လျှင် ဂါလန် ၂၂၀ဝဝဝ နှုန်းဖြင့် စုစုပေါင်းရေဂါလန် ၆၆၀ဝဝဝ ကို သိုလှောင်ထားနိုင်သည်။

ကန်သုံးကန်အနက်  ပထမကန်ကို မိုးများလာသည့်အခါ လမ်းပေါ်ရေမလွှမ်းစေရန် ထိန်းညှိဖို့ ရည်ရွယ်တည်ဆောက်သည်။ မိုးရာသီ၌ ယင်းကန်ကို ပုံမှန်အခြေအနေတွင် ရေရှိမနေစေဘဲ အလွတ်ထားပြီး မိုးရွာသောအခါ လမ်းပေါ်မှမိုးရေများစီးဝင်စေခြင်းဖြင့်  ရေမလျှံအောင်ထိန်းပေးသည်။ ကန်ထဲတွင် ပြည့်လာသည့်အခါ မြောင်းထဲစီးစေသည်။ မိုးတိတ်သည့်အခါ ပထမကန်ထဲမှရေများဖြင့် အိမ်ရာဝင်းအတွင်း သစ်ပင်ပန်းပင်များကို ရေလောင်းခြင်း၊ လမ်းရေဖျန်းခြင်းတို့ကို လုပ်ဆောင်သည်။  ဖျန်းပြီးလောင်းပြီးသော ရေများကို အနည်များစစ်ထုတ်ပြီး ကန်ထဲပြန်ဝင်စေ၍ ပြန်အသုံးချသည်။

အဆောက်အအုံအမိုးများပေါ်မှ စီးကျလာသောရေကို   ဒုတိယကန်ထဲထည့်သည်။  ဒုတိယကန်ထဲမှရေကို အများသုံးအိမ်သာ၊ သစ်ပင်ပန်းပင်ရေလောင်းရန်တို့အတွက် အသုံးပြုသည်။ ဒုတိယကန်၏ ရေဝင်ပေါက်၌ ရေစစ်တပ်ဆင်ထားပြီး ကန်တွင်းရှိရေကို   နောက်ကျိမှုယူနစ် ၁ ဒသမ ၅ ထက်မပိုစေရန် ထိန်းထားသည့်အပြင် အနည်ထိုင်မှုကိုဖြစ်စေသည့် ရေတားများကို လုပ်ထားသည်။

တတိယကန်ကိုလည်း ဒုတိယကန်အတိုင်းပင် တည်ဆောက်ထားသည်။ ယင်းကန်ရေကို မီးသတ်ရန် စသည့်အရေးပေါ်ကိစ္စများအတွက်သာသုံးရန်လျာထားသဖြင့် ပုံမှန်အချိန်တွင် ရေပြည့်နေသည်။ ရေပြည့်နေသော်လည်း   ရေသေဖြစ်မသွားစေရန်  သတ်မှတ်အချိန်ရောက်သောအခါ  ရေကိုအခြားကန်ထဲပို့၍ အချိန်မှန် ထုတ်သုံးပြီး ချက်ချင်းပြန်ဖြည့်သည်။

ကြယ်တာရာမြို့တော် မိုးရေပေးစနစ် တည်ဆောက်စရိတ်သည် မြေကြီးတူးခြင်း၊ ရေလှောင်ကန်ဆောက်ခြင်း၊  ပိုက်များတပ်ဆင်ခြင်းတို့အတွက် အမေရိကန်ဒေါ်လာ ၁၅၀ဝဝဝ၊ လျှပ်စစ်နှင့်စက်မှုဆိုင်ရာလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃၀ဝဝဝ၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅၀ဝဝဝ ကုန်ကျသည်။ ယင်းအိမ်ရာစခန်းရှိ တိုက်ခန်းတစ်ခန်း၏  ဈေးနှင့်ညီမျှသည်။

ရှစ်နှစ်အတွင်းအရင်းကျေ

      ကြယ်တာရာမြို့တော်သည် တစ်နှစ်လျှင် မိုးရေပမာဏဂါလန် ၉၀ဝဝဝ၀ဝ ခန့်ကို စုဆောင်းသိုလှောင် အသုံးပြုသည်။ တစ်နည်းဆိုရလျှင် ဗဟိုရေပေးရေးစနစ်မှ ယင်းပမာဏရှိသောရေကို ဝယ်မသုံးဘဲ ချွေတာနိုင်ခြင်းဖြစ်သည်။ ကြယ်တာရာမြို့တော်သည် ရေဖိုးတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၈၀ဝဝဝ မျှသက်သာသည်။ သက်သာသောငွေကို မိုးရေသုံးစနစ်တည်ဆောက်စရိတ်၊ ထိန်းသိမ်းပြုပြင်လည်ပတ်သည့် စရိတ်များနှင့်တွက်ချက်ပါက စတင်အသုံးပြုပြီး ရှစ်နှစ်အတွင်း အရင်းပြန်ရသည်ဟုဆိုသည်။

ရေဖိုးသက်သာရုံမျှမဟုတ်၊   မိုးရေလှောင်ကန်များက သည်းထန်စွာရွာသော မိုးရေကိုလည်း လမ်းပေါ်လျှံထွက်မသွားအောင် ထိန်းပေးထားနိုင်သဖြင့် အိမ်ရာစခန်းမှထွက်လာသော    မိုးရေအတွက် ရေထုတ်မြောင်းများကို တိုးချဲ့ဆောက်လုပ်ရန်မလိုတော့ပေ။ ထို့ပြင် ဗဟိုရေပေးရေးစနစ်မှ ရေကိုချွေတာနိုင်သည့်အတွက် ယင်းရေကို စခန်းတွင်းဖြန့်ဖြူးသယ်ပို့ရန်လိုအပ်သော တစ်နှစ်လျှင် လျှပ်စစ်ဓာတ် ကီလိုဝပ်နာရီ ၁၀ဝဝဝ ကိုလည်း ချွေတာလိုက်နိုင်သည်။  

မိုးရေသုံးမှုအချိုး

     အဆောက်အအုံတစ်ခု၊ ဒေသတစ်ခု၏ မိုးရေအသုံးချမှုကို မိုးရေအသုံးချမှုအချိုးဖြင့် တိုင်းတာသည်။ မိုးရေအသုံးချမှုအချိုးဆိုသည်မှာ နေရာတစ်ခုပေါ်ရွာကျလာသော မိုးရေပမာဏနှင့် ယင်းမိုးရေကိုသောက်သုံးရန်    အသုံးချနိုင်သော ပမာဏ၏အချိုးကိုခေါ်သည်။ ကြယ်တာရာမြို့တော်၏ မိုးရေအသုံးချမှု အချိုးသည် ၆၇ ရာခိုင်နှုန်းရှိသည်။ ယင်းအိမ်ရာစခန်း မြေပြင်ပေါ်ရွာကျလာသော  မိုးရေစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းကို သုံးစွဲနိုင်သည့်သဘောဖြစ်သည်။ တောင်ကိုရီးယားတစ်နိုင်ငံလုံး၏ မိုးရေအသုံးချနှုန်းသည်  ၂၆ ရာခိုင်နှုန်းဖြစ်ရာ ကြယ်တာရာမြို့တော်၏ မိုးရေအသုံးချနိုင်မှုသည် တောင်ကိုရီးယားနိုင်ငံပျမ်းမျှထက် များစွာမြင့်မားသည်။

ကြယ်တာရာမြို့တော် မိုးရေအသုံးချရေးအောင်မြင်မှုသည် အခြားသောနေရာများတွင် မိုးရေလှောင်ကန်များကို ထည့်သွင်းဆောက်လုပ်ကြဖို့ တွန်းအားတစ်ရပ်ဖြစ်သွားသည်။   အင်ချွန်း၊  ကွမ်ဂျူး၊   ဒေဂူး   စသည့်မြို့များအပါအဝင် မြို့ပေါင်း ၆၀ ခန့်တွင် မိုးရေသုံးစနစ်များကို ထည့်သွင်းတည်ဆောက်လာကြသည်။

မိုးရေကို တိုက်ရိုက်ခံယူအသုံးချခြင်းသည် ကျေးလက်တောရွာ မြို့စွန်ဒေသများ အတွက်သာမဟုတ် ခေတ်မီအိမ်ရာစခန်းများတွင်လည်း အောင်မြင်အကျိုးရှိစွာအသုံးပြုနိုင်ကြောင်း ကြယ်တာရာမြို့တော်က ပြသလိုက်သည်။

ရေပလာဇာ

      မိုးရေကို ထိန်းချုပ်စီးဆင်းစေခြင်းဖြင့် ရေကြီးရေလျှံမှုကို လျော့နည်းစေသော အခြားဥပမာတစ်ခုကို နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့တွင်  တွေ့နိုင်သည်။ နယ်သာလန်နိုင်ငံ၏အစိတ်အပိုင်း အတော်များများသည် ပင်လယ်ရေပြင်အောက်နိမ့်နေသော ဒေသများဖြစ်သည်။ နယ်သာလန်နိုင်ငံတောင်ပိုင်းရှိ ရော့တာဒမ်မြို့သည် ဆိပ်ကမ်းမြို့တော်ဖြစ်ပြီး မြို့မြေပြင်သည် ပင်လယ်ရေပြင်ထက် ပေ ၂၀ ခန့်နိမ့်သည်။ မြို့တွင်းရှိရေများကို ရှေးယခင်ကတည်းက ယခုအထိ လေရဟတ်များ၊ ရေစုပ်စက်များဖြင့် စုပ်ထုတ်နေခဲ့ရသည်။ နောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးပိုရွာလာသောအခါ မိုးရေများကို သမားရိုးကျနည်းများဖြင့်နိုင်အောင်စုပ်ထုတ်၍ မဖြစ်နိုင်တော့ဘဲ နည်းလမ်းသစ်များကိုကြံဆကြရာ  တစ်ခုမှာ “ရေပလာဇာ”  များ၊ “ရေရင်ပြင်” များထားရှိခြင်းဖြစ်သည်။

ရေပလာဇာ၊   ရေရင်ပြင်ဆိုသည်မှာ မိုးမရွာသည့်အခါ အများပြည်သူ အပန်းဖြေနေရာနှင့် ကစားကွင်းများအဖြစ်သုံးပြီး မိုးသည်းထန်သည့်အခါ ရေလှောင်ကန်ဖြစ်သွားသော ကွက်လပ်များဖြစ်သည်။ မြို့ကြီးများရှိ တိုက်တာအဆောက်အအုံများကြားနှင့် ရပ်ကွက်များရှိ မြေလွတ်များ၌ တည်ဆောက်ထားသော ရေပလာဇာတစ်ခု၏  အနိမ့်ဆုံးအပိုင်းတွင်  ကစားကွင်းများ၊ ပို၍မြင့်သောနေရာများတွင် ထိုင်ခုံတန်းများ၊ မြက်ခင်းများ၊ လျှောက်လမ်းများ စသည်ဖြင့် အနိမ့်အမြင့်မတူစေဘဲ ဖွဲ့စည်းသည်။

နွေအခါတွင် ရေပလာဇာတစ်ကွင်းလုံးသည် မြို့သူမြို့သား အရွယ်သုံးပါးတို့ လာရောက်ဆော့ကစား အပန်းဖြေကြသည့်နေရာဖြစ်သည်။  မိုးတွင်းကာလ မိုးပုံမှန်ရွာသောအခါ ကနဦးမိုးရေသည် ရေပလာဇာ၏ အနိမ့်ဆုံးအပိုင်းဖြစ်သော ကစားကွင်းထဲသို့ စီးဝင်လာသဖြင့် ကစားကွင်းသည် ရေကန်အဖြစ်ပြောင်းသွားသည်။ မိုးဆက်ရွာသောအခါ ကစားကွင်းထက် ပိုမြင့်သော လူသွားလမ်းအချို့နှင့် ကွက်လပ်အချို့သို့ ရေရောက်လာပြီး မျက်စိပသာဒဖြစ်ဖွယ် ရေတသွင်သွင်စီးနေသော မြောင်းငယ်များ၊ ရေတိမ်အိုင်များဖြစ်လာသည်။ ကျန်လူသွားလမ်းနှင့် မြေပြင်သည် ပုံမှန်မိုးရွာနေသမျှရေမဖုံးဘဲ လျှောက်လမ်းနှင့် နားခိုနေရာများအဖြစ် ဆက်လက်အသုံးပြုနိုင်ကြသည်။

အချိန်အတန်ကြာ မိုးသည်းထန်စွာရွာသောအခါတွင်မူ ရေပလာဇာတစ်ခုလုံး ရေပြည့်သွားသည်။ ရေပလာဇာသည် ဘေးပတ်ဝန်းကျင် ရပ်ကွက်နှင့်လမ်းများအပေါ် ရေမလျှံအောင် ယာယီရေထိန်းပေးထားသော ကန်ကြီးဖြစ်သွားသည်။ ရော့တာဒမ်မြို့ ဘင်ထမ်ပလိန်းရေရင်ပြင်သည် ရေဂါလန်  ၅၀ဝဝဝ၀  ခန့်ကို လက်ခံသိမ်းဆည်း ပေးထားနိုင်သည်။

မိုးတိတ်၍ ရေပလာဇာထဲမှရေများကို ပြန်ထုတ်လိုက်သောအခါ ကစားကွင်းနှင့်  အပန်းဖြေနေရာပြန်ဖြစ်လာသည်။ ရေပလာဇာ၊ ရေရင်ပြင်များကို တည်ဆောက်ထားရှိခြင်းဖြင့်  မြို့နေလူထုအတွက် အပန်းဖြေနေရာများ မပျောက်ပျက်သည့်အပြင် မြို့တွင်းရေကြီးရေလျှံမှုကိုလည်း များစွာသက်သာရာ ရစေလျက်ရှိသည်။ ရော့တာဒမ်မြို့၏ ရေပလာဇာ၊ ရေရင်ပြင်စိတ်ကူးစိတ်သန်းကို ဗီယက်နမ်မြို့ကြီးအချို့အပါအဝင် အခြားကမ္ဘာ့မြို့ကြီးများတွင်လည်း အကောင်အထည်ဖော်တည်ဆောက်၍ မြို့ပြရေလျှံမှုကို ထိန်းချုပ်ရန်စီစဉ်နေကြသည်။

မြန်မာနိုင်ငံ၏မြို့အချို့တွင်မူ ပန်းခြံနှင့်  ကစားကွင်းများကိုသာမက ရှိပြီးရေထိန်းကန်များကိုပါ အလွတ်မပေးဘဲ မြေဖို့ကာ အဆောက်အအုံများဖြင့် အစားထိုးလိုက်၍ ရေကြီးရေလျှံမှု တစ်ချိန်ထက်တစ်ချိန် ဆိုးရွားလာနေခြင်းသည် မြို့ရွာအုပ်ချုပ်ရေးနှင့် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု၏ လွဲမှားချက်၊ အားနည်းချက်၊ လိုအပ်ချက်များကို  ကွက်ကွက်ကွင်းကွင်း ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်။      ။

MWD