တောင်သူများနှင့် လက်တွဲဆွေးနွေးခဲ့ကြသည့် “ရေ” ဆိုင်ရာ ဗဟုသုတများ

Posted_Date

Image

တောင်သူများနှင့် လက်တွဲဆွေးနွေးခဲ့ကြသည့် “ရေ” ဆိုင်ရာ ဗဟုသုတများ

Body

ရေသည်  စိုက်ပျိုးရေး၏ အသက်သွေးကြောဖြစ်သောကြောင့် စနစ်ကျသည့် “ရေ  စီမံခန့်ခွဲမှုသည် တောင်သူများ၏  လူမှုစီးပွားဘဝကိုမြှင့်တင်ပေးမည့် သော့ချက်ပင်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုများနှင့် ရင်ဆိုင်နေကြရသည့် ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ရေအရင်းအမြစ်ကို အကျိုးရှိရှိအသုံးချနိုင်ရေးသည် အရေးပါသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ ရေကို အလေအလွင့်မရှိစေဘဲ အပင်၏လိုအပ်ချက်နှင့်အညီ အချိန်ကိုက်၊ အချိုးကျပေးသွင်းနိုင်ခြင်းသည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်၏ အခြေခံအုတ်မြစ်ဖြစ်ရာ တောင်သူဦးကြီးများနှင့် ပညာရှင်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်များကို အခြေခံ၍ ထိရောက်သော ရေသုံးစွဲမှုနည်းစနစ်များ၊ အစိုဓာတ်အပေါ်မူတည်၍ ပြန်လည်ရရှိလာမည့်အထွက်နှုန်းနှင့် ရေတစ်ယူနစ်၏  တန်ဖိုးကိုအမြင့်ဆုံး ဖော်ဆောင်နိုင်သည့် ဗဟုသုတများအား အနှစ်ချုပ်ထုတ်နုတ်တင်ပြသွားမည်ဖြစ်သည်။

ရေအရင်းအမြစ်ရရှိသုံးစွဲမှုဆိုင်ရာ စိန်ခေါ်မှုများ

၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ သန်း ၉၀၀၀ ထိတိုးလာနိုင်ပြီး   အစားအစာလိုအပ်ချက်မှာ ၇၀ ရာခိုင်နှုန်းခန့်ထိတိုး၍လိုအပ်လာမည်ဖြစ်ရာ အဆိုပါလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုရမည့် ရေလိုအပ်ချက်မှာ (၅၀ ရာခိုင်နှုန်း - ၈၀ ရာခိုင်နှုန်း) အထိ တိုးမြင့်လာနိုင်သည်။ ယခုအချိန်အခါသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည့် ရာသီဥတုပြောင်းလဲမှုကြောင့်  မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ ဆည်မြောင်း၊ ကန်၊ ချောင်းများအတွင်း ရေဝင်ရောက်မှုနည်းပါးလာခြင်း၊ ရေဝေရေလဲဧရိယာများပျက်စီးပြီး ရေအရင်းအမြစ်များရှားပါးလာခြင်းနှင့်   နည်းပညာအားနည်း၍ သမားရိုးကျရေသွင်းနည်းစနစ်များကိုသာ အသုံးပြုနေရသောကြောင့် ရေအလေအလွင့်များပြားခြင်း စသည့်အခြေအနေများနှင့်တွေ့ကြုံနေကြရသည့် အချိန်အခါဖြစ်သည်။ “နည်းစနစ်ကျသောရေအသုံးချမှုမှသည်  အမြင့်ဆုံးသော သီးနှံအထွက်နှုန်းဆီသို့ ရောက်ရှိရန်မှာ သီးနှံပင်များ၏ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက   ရေအရည်အသွေးနှင့် မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်မည့် နည်းပညာရပ်များကိုပေါင်းစပ်၍ စိုက်ပျိုးလုပ်ကိုင်မှသာလျှင် အောင်မြင်မှုရရှိနိုင်မည် ဖြစ်သည်။

ထိရောက်သော ရေသုံးစွဲမှု (Effective Water Use Efficiency)

ထိရောက်သော ရေသုံးစွဲမှုဆိုသည်မှာ နည်းပညာကိုအသုံးပြု၍ သီးနှံပင်များ၏ ရေလိုအပ်သည့်အချိန်၊   လိုအပ်သည့် ရေပမာဏကို အလေအလွင့်မရှိ နည်းစနစ်မှန်ကန်စွာ ထည့်သွင်းပေးခြင်းဖြစ်သည်။ ထိုသို့ ရေကိုထိရောက်စွာသုံးစွဲခြင်းကြောင့် ရေ၏အရည်အသွေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ရေတစ်ယူနစ် (Unit of Water) သုံးစွဲမှုအပေါ်မူတည်၍ ထွက်ရှိလာမည့်အထွက်နှုန်းကို တိကျစွာ တွက်ချက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။

မြေဆီလွှာအစိုဓာတ်စစ်ဆေးနည်း

ထိရောက်သော   ရေသုံးစွဲမှုစီမံခန့်ခွဲရေးနည်းပညာများအနက် မြေဆီလွှာအစိုဓာတ်စစ်ဆေးခြင်းမှာ အခြေခံအကျဆုံးဖြစ်ပြီး မဖြစ်မနေလုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်။ လက်တွေ့ကျသည့် မြေဆီလွှာအစိုဓာတ်စစ်ဆေးနည်းမှာ သီးနှံပင်အမြစ်ဇုန်မြေအနက်  (၆-၁၂) လက်မရှိ  မြေကြီးကိုတူးကာ လက်ဖြင့်ဆုပ်ယူ၍ တင်းတင်းဆုပ်ကြည့် စစ်ဆေးသည့်နည်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် မြေကြီးသည် တင်းနေပြီး ပုံသဏ္ဌာန်မပျက်ရှိကာ ရေမထွက်ပါက ရေသွင်းရန် မလိုအပ်သည့်   အခြေအနေဖြစ်သည်။

မြေကြီးသည် ချက်ချင်းကွဲသွားပါက ရေသွင်းရန်လိုအပ်သည့်အခြေအနေဖြစ်သည်။ ဆုပ်ထားသည့်မြေကြီးမှ ရေများစိမ့်ထွက် လာမည်ဆိုပါက ရေများနေသည့် အခြေအနေဖြစ်သည်။ ရေသွင်းရမည့်အနေအထားဖြစ်ပါက ရေသွင်းရမည့်အချိန်နှင့် ပမာဏအား သိရှိရန်လိုအပ်သည်။ ရေသွင်းမိုးမိမဖြစ်စေရန် မိုးရွာနိုင်ခြေ ရှိ/မရှိ ရာသီဥတုကိုကြည့်၍ ရေသွင်းခြင်းကိုဆုံးဖြတ်ရမည်ဖြစ်သည်။ ထို့ပြင် အပူချိန်နှင့်လေတိုက်သည့်အနေအထားပေါ်မူတည်၍ ရေသွင်းအကြိမ်အရေအတွက်ကိုချင့်ချိန်ပြီး သွင်းပေးရမည်ဖြစ်သည်။   နေအပူချိန်ပြင်းသည့်အခါနှင့် လေတိုက်နှုန်းများသည့်အခါတို့တွင်    မြေဆီလွှာခြောက်သွေ့ခြင်းမဖြစ်စေရန်  ရေကိုမကြာခဏသွင်းပေးရမည်။

အပင်မှရေလိုအပ်သည့်လက္ခဏာ

အပင်ရေလိုအပ်သည့်  လက္ခဏာများအနက်  အလွယ်တကူသိမြင်နိုင်သည့် လက္ခဏာများမှာ အရွက်များညှိုးကျခြင်း (မနက်စောစောပိုင်း)၊ အရွက်အရောင်ပြောင်းလဲခြင်း (မွဲခြောက်ခြောက်/  နက်မှောင်သည့် အစိမ်းရောင်)၊ အရွက်များလိပ်သွားခြင်း၊ တွန့်လိမ်ခြင်း စသည်တို့ဖြစ်ရာ အဆိုပါလက္ခဏာများမပြမီ ရေပေးသွင်းသင့်သည်။

သီးနှံပင်၏ ရေလိုအပ်ချက် (Crop Water Requirement)

စိုက်ပျိုးထားသော   သီးနှံပင်များ၏ ကြီးထွားမှုဖြစ်စဉ်တစ်လျှောက် ကျန်းမာသန်စွမ်းပြီး အကောင်းဆုံးအထွက်နှုန်းရရှိစေရန်အတွက် လုံလောက်သည့် ရေပမာဏရှိရန်လိုအပ်သည်။ အဆိုပါလိုအပ်ချက်ကို ပင်ငွေ့ရေငွေ့ပြန်ခြင်း (Evapotranspiration - ET) ဟု ခေါ်ဆိုသည်။ သီးနှံပင်အတွက် လိုအပ်သော  ET  ပမာဏကို  မိုးရေဖြင့် လုံလောက်စွာမရရှိနိုင်ပါက ဖြည့်စွက်ရေပေးသွင်းရန်လိုအပ်သည်။ ET ပမာဏထက်ကျော်လွန်၍ ရေပေးသွင်းခြင်းသည် အပင်အတွက်  အကျိုးမရှိသည့်အပြင် ရေအရင်းအမြစ်များကို နည်းမျိုးစုံဖြင့် အချည်းနှီးဆုံးရှုံးစေနိုင်သည်။

ပင်ငွေ့ရေငွေ့ပြန်ခြင်း     (Evapotran-spiration - ET) 

ပင်ငွေ့ရေငွေ့ပြန်ခြင်း (ET) ဆိုသည်မှာ-

(က) မြေမျက်နှာပြင်မှ ရေငွေ့ပြန်ခြင်း (Evaporation) - နေရောင်ခြည်အပူရှိန်ကြောင့်  မြေဆီလွှာမျက်နှာပြင်ပေါ်ရှိရေများ အငွေ့ပြန်သွားခြင်းဖြစ်သည်။ 

(ခ) အပင်မှပင်ငွေ့ပြန်ခြင်း (Transpiration) - အပင်သည် မြေကြီးအတွင်းရှိ အစိုဓာတ်ကို အမြစ်များဖြင့်စုပ်ယူပြီး   အရွက်၏လေရှူပေါက် (Stomata) များမှတစ်ဆင့် လေထုထဲသို့  ရေငွေ့အဖြစ် ပြန်လည်ထုတ်လွှတ်ခြင်း    စသည့်ဖြစ်စဉ်နှစ်ခုပေါင်းစပ်မှုကို ခေါ်ဆိုခြင်းဖြစ်သည်။

ရေပိုပေးသွင်းခြင်းကြောင့်   ဆုံးရှုံးသွားနိုင်သည့်နည်းလမ်းများ

အပင်လိုအပ်ချက် (ET) ထက်ကျော်လွန်ပြီး ရေသွင်းမိပါက- 

(က) မြေမျက်နှာပြင်အောက်သို့ နက်ရှိုင်းစွာစိမ့်ဝင်ဆုံးရှုံးခြင်း (Deep Percolation) - အပင်၏ အမြစ်များ မမီနိုင်တော့သည့် မြေအောက်အနက်ပိုင်းသို့ ရေများစိမ့်ဝင်သွားခြင်းဖြစ်ပြီး ၎င်းနှင့်အတူ မြေဩဇာ (အထူးသဖြင့် နိုက်ထရိုဂျင်) များပါ မျောပါဆုံးရှုံးသွားခြင်းတို့ဖြစ်ပေါ်စေသည်။ 

(ခ) မြေပေါ်မှ   စီးဆင်းဆုံးရှုံးခြင်း (Surface Runoff) - မြေဆီလွှာသည် ရေကိုထပ်မံမစုပ်ယူနိုင်တော့သည့်အခါ ပိုလျှံနေသောရေ

များ စိုက်ခင်းအပြင်ဘက်သို့  စီးဆင်းဆုံးရှုံးသွားခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ထို့ပြင် လိုအပ်သည့်ပမာဏထက် ရေပိုရေလျှံခြင်းဖြစ်စဉ်များကြောင့် မြေဆီလွှာလေဝင်လေထွက်ပိတ်ဆို့ခြင်း၊ တစ်နည်းအားဖြင့် ရေဝပ်ခြင်း(Waterlogging) - ရေများလွန်းသဖြင့်  မြေဆီလွှာရှိ လေဝင်ပေါက်များ ရေနှင့်ပြည့်သွားကာ အမြစ်များအသက်ရှူမရသောကြောင့် အမြစ်ပုပ်ခြင်းကိုဖြစ်စေသည်။

သီးနှံပင်များ၏လိုအပ်သောရေပမာဏ

သီးနှံပင်များ၏လိုအပ်သော ရေပမာဏသည် စိုက်ပျိုးချိန်ရှိ မိုးလေဝသအခြေအနေ၊ မြေအမျိုးအစား၊ စိုက်ပျိုးပင်အမျိုးအစား၊ စိုက်ချိန်နှင့် သက်တမ်းပေါ်မူတည်သောကြောင့် မိမိတို့စိုက်ပျိုးမည့်ကာလဒေသရှိ မိုးရေချိန်၊ မိုးရွာရက်တို့အပြင် စိုက်ပျိုးသီးနှံ၏ မျိုး၊ သက်တမ်းနှင့် ကြီးထွားသည့် အဆင့်အလိုက် ရေလိုအပ်ချက်ကိုသိရှိရန်လိုအပ်သည်။

အပင်၏လိုအပ်ချက်အရ ရေပေးသွင်းမည်ဆိုပါက ရေကိုအကျိုးရှိစွာအသုံးချနိုင်ရန် ရေပေးသွင်းမည့်အချိန် (ဥပမာနံနက်ခင်း၊ ညနေခင်း)နှင့် ရေသွင်းသည့်နည်းစနစ် (ဥပမာ ရေဖျန်းစနစ်၊ အစက်ချရေသွင်းနည်းစနစ်၊ မြောင်းပေါင်ဖြင့်သွင်းသည့်စနစ်၊ စမတ်ရေသွင်းနည်းစနစ်) တို့ကို သိရှိထားပြီး မှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။   အခြေအနေများအပေါ်မူတည်၍ ဖြစ်နိုင်ပါက ရေလိုအပ်သည့်ပမာဏကို မိမိလိုအပ်သည်ထက်၂ ဆမှ ၅ ဆအထိ အပိုဆောင်းထားသင့်သည်။ သီးနှံပင်များ ရေလိုအပ်ချိန်တွင် ပေးသွင်းနိုင်ခြင်းမရှိပါက အထွက်နှုန်း (၁၀-၅၀) ရာခိုင်နှုန်းခန့်လျော့ကျနိုင်သကဲ့သို့ သီးနှံပင်မှ ရေလိုအပ်ခြင်းမရှိဘဲ ရေရရှိခြင်း၊ ရေဝပ်ခြင်းများဖြစ်ပါကလည်း အထွက်နှုန်း (၁၀-၅၀) ရာခိုင်နှုန်းခန့်လျော့ကျနိုင်သည်။ 

အပင်မှအလွယ်တကူရရှိနိုင်သောရေစွမ်းအား (Plant Available Water Capacity, PAWC) အပင်မှအလွယ်တကူရရှိနိုင်သောရေစွမ်း

အားဆိုသည်မှာ   မြေဆီလွှာအတွင်းသိုလှောင်ထားသော ရေပမာဏထဲမှ အပင်၏အမြစ်များက အမှန်တကယ်စုပ်ယူအသုံးချနိုင်သည့် ရေပမာဏကိုဆိုလိုခြင်းဖြစ်သည်။

(က) မြေဆီလွှာမှ ရေထိန်းနိုင်စွမ်း (Field Capacity - FC) 

မိုးရွာသွန်းပြီး သို့မဟုတ် ရေသွင်းပြီး ၁-၂ ရက်အကြာတွင် မြေဆီလွှာအတွင်းရှိ ပိုလျှံသောရေများ မြေ၏ဆွဲအားကြောင့် အောက်သို့စိမ့်ဆင်းသွားပြီး ကျန်ရှိနေသည့် အများဆုံးရေပမာဏဖြစ်သည်။ ၎င်းသည် အပင်အတွက် ရေအများဆုံးရရှိနိုင်သောအခြေအနေဖြစ်သည်။

(ခ) ထာဝရပင်ညှိုးမှတ် (Permanent Wilting Point - PWP)

မြေဆီလွှာအတွင်း ရေဓာတ်အလွန်နည်းပါးသွားပြီး ကျန်ရှိနေသောရေဓာတ်ကို အပင်၏အမြစ်များက ဆွဲယူနိုင်စွမ်းမရှိတော့သည့် အခြေအနေဖြစ်သည်။ ဤအဆင့်တွင် အပင်သည် စတင်ညှိုးနွမ်းလာပြီး ရေထပ်မံမရရှိပါက သေဆုံးသွားနိုင်သည်။ 

အပင်မှရရှိနိုင်သော   ရေပမာဏကို အောက်ပါအတိုင်း သတ်မှတ်သည်။

PAWC = FC - PWP

မြေဆီလွှာအမျိုးအစားပေါ်မူတည်၍ PAWC ကွဲပြားသည်။ သဲမြေ (Sandy Soil) - ရေကို ကြာရှည်မထိန်းထားနိုင်သဖြင့် PAWC ပမာဏနည်းသည်။   ရွှံ့စေးမြေ (Clay Soil) - ရေပမာဏများစွာထိန်းထားနိုင်သော်လည်း ရေအချို့မှာ မြေစေးမှုန်များကြားတွင် အလွန်မြဲမြံစွာကပ်နေသဖြင့် အပင်က  အကုန်အစင်မစုပ်ယူနိုင်ပါ။ သမမြေ (Loamy Soil) - ရေကို သင့်တင့်စွာထိန်းထားနိုင်ပြီး    အပင်ကလည်း အလွယ်တကူပြန်လည်စုပ်ယူနိုင်သဖြင့် PAWC အကောင်းဆုံးဖြစ်သည်။

အပင်မှအလွယ်တကူရရှိနိုင်သောရေစွမ်းအားကို မြှင့်တင်နိုင်သည့်နည်းလမ်းများ

အပင်မှ   အလွယ်တကူရရှိနိုင်သောရေစွမ်းအားသည် ရေသွင်းရမည့်အချိန်နှင့် ရေပမာဏကိုဆုံးဖြတ်ရန်အတွက် အလွန်အရေးကြီးသော တိုင်းတာချက်တစ်ခုဖြစ်သည်။ စိုက်ပျိုးမြေတွင်  အော်ဂဲနစ်ပစ္စည်းကြွယ်ဝလေ၊ အပင်အတွက် ရေရရှိနိုင်မှုပိုမိုကောင်းမွန်လေဖြစ်သည်။ မြေဆွေးထည့်ခြင်း၊ မြေဖုံးပေးခြင်း၊ မြေဖုံးပင်စိုက်ခြင်း၊  ကွန်တိုအလိုက်စိုက်ခြင်း၊ လေကာပင်များစိုက်ခြင်း၊ ဇီဝ/သဘာဝမြေဩဇာများထည့်သွင်းခြင်း၊ သွင်းရေကိုစနစ်တကျစီမံခန့်ခွဲခြင်း  (Irrigation Management) သည် သီးနှံပင်များစိုက်ပျိုးထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပြန်လည်ရရှိနိုင်မည့်ရလဒ်တို့ကို အချိုးကျကျထိန်းညှိပေးနိုင်သည့် အဓိကအချက်များပင်ဖြစ်သည်။ ယနေ့ခေတ်တွင် အသုံးပြုနေကြသည့် ခေတ်မီရေသွင်းနည်းပညာစီမံခန့်ခွဲခြင်းများဖြစ်သော  မြေဆီလွှာစိုထိုင်းဆတိုင်းကိရိယာများ  သို့မဟုတ် မိုးလေဝသအချက်အလက်များကို အသုံးပြု၍      ရေသွင်းချိန်ဆုံးဖြတ်ခြင်းကို ဆောင်ရွက်သွားမည်ဆိုပါက သီးနှံအထွက်နှုန်းနှင့် သီးနှံ၏အရည်အသွေးတိုးတက်လာခြင်း၊  မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်း၊ အာဟာရဓာတ်ဆုံးရှုံးမှုလျော့နည်းစေခြင်း၊ မြေဆီလွှာဆားပေါက်မှုကို ထိန်းချုပ်ပေးနိုင်ခြင်းနှင့် ကုန်ကျစရိတ်၊ အဖိုးတန်ရေ အရင်းအမြစ်သယံဇာတများ  အလေအလွင့်ဖြစ်မှုလျော့နည်းသက်သာစေခြင်းနှင့် စိုထိုင်းဆအလွန်အကျွံ များပြားခြင်းကြောင့် ပိုးမွှားရောဂါကျရောက်မှုကို ထိန်းချုပ်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

မြေဖုံးခြင်း (Mulching) - မြေဆီလွှာမျက်နှာပြင်မှ ရေငွေ့ပြန်ခြင်းကို လျော့နည်း

စေသည်။

မြေဆီလွှာအတွင်း  အော်ဂဲနစ်ပစ္စည်း (Organic Matter) ဖြည့်တင်းခြင်းသစ်ဆွေးမြေ သို့မဟုတ် သဘာဝမြေဩဇာများ ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာ၏ ရေထိန်းစွမ်းအားကို တိုးတက်စေသည်။

ရေစီမံခန့်ခွဲမှုကောင်းမွန်ရန်  အဘယ်ကြောင့် အရေးကြီးသနည်း။

ဂေဟစနစ်ကို မထိခိုက်စေဘဲ ရေအရင်းအမြစ်ကို   စနစ်တကျစီမံခန့်ခွဲသည့် အလေ့အထကောင်းများရရှိစေရန်အတွက် တောင်သူများအနေဖြင့် မိမိတို့၏ စိုက်ခင်းအတွင်း ရေကိုအလေအလွင့်မရှိစေဘဲ အကျိုးရှိရှိအသုံးပြုနိုင်ရေးကို ကိုယ်တိုင်ဆုံးဖြတ်ကြီးကြပ် လုပ်ဆောင်ရမည်ဖြစ်သည်။    ရေစီမံခန့်ခွဲမှုကောင်းစေရန် အောက်ပါရေစီမံခန့်ခွဲသည့် အလေ့အကျင့်ကောင်းများလိုက်နာဆောင်ရွက်သင့်သည်။

(က) မြေဆီလွှာနှင့်ရေထိန်းသိမ်းခြင်း

မြေဆီလွှာနှင့် ရေထိန်းသိမ်းခြင်းသည် စိုက်ပျိုးမြေ၏အကျိုးဖြစ်ထွန်းမှုစွမ်းရည်ကို ထိန်းသိမ်းရန်နှင့် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ ဥပမာ- ကွန်တိုကန်သင်းများ (မြေသား/ ကျောက်စီ)၊ နုန်းတားကန်သင်းပြုလုပ်ခြင်း၊ မိရိုးဖလာနုန်းတား ဆည်ပြုပြင်ခြင်း၊ ကွန်တိုအလိုက်မြောင်းဖောက်ခြင်း၊ ရေစုကန်တူးခြင်း၊ ကျင်းတူး၍အပင်စိုက်ခြင်းများ စသည်တို့ကိုလုပ်ဆောင်ရမည်ဖြစ်သည်။ ဇီဝဂုဏ်သတ္တိကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းများဖြစ်သော ကွန်တိုကန်သင်းစည်းရိုးပင်စိုက်ခြင်း၊ လေကာပင်စိုက်ခြင်း၊ သဘာဝရေထုတ်လမ်းတစ်လျှောက် တိုက်စားမှုမရှိစေရန် မြက်များစိုက်ပျိုး၍ အမြဲဖုံးအုပ်ထားခြင်း၊ သစ်တောများပြန်လည်စိုက်ပျိုးခြင်းနှင့် သီးနှံများကိုအကန့်လိုက်စိုက်ခြင်း၊ သီးရော/သီးညှပ်စိုက်ခြင်း၊ တစ်ခါတစ်ရံမြေလှပ်ထားခြင်း၊ မြေဖုံးခြင်း၊ ကွန်တိုအလိုက်စိုက်ခြင်းနှင့် သီးနှံသစ်တောရောနှောစိုက်ခြင်း စသည်တို့  လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းအပြင် မိုးရွာသွန်းမှုလျော့နည်းလျှင် မြေတွင်းသို့ ရေစိမ့်ဝင်အားကောင်းစေရန်နှင့် ရေထိန်းစွမ်းအားကောင်းမွန်စေရန် မြေဆွေး၊ စက်ဖွဲပြာ၊ ဇီဝမီးသွေးများထည့်သွင်းခြင်း၊ ရေထိန်းပေါင်များပြုလုပ်ခြင်း၊ ရေငတ်ဒဏ်ခံနိုင်သော သီးနှံများကို သင့်တော်သောစီမံခန့်ခွဲမှု နည်းလမ်းများဖြစ်သည့်  သီးလှည့်စိုက်ခြင်း၊ အပင်များကျဲကျဲစိုက်ခြင်း စသည်တို့လုပ်ဆောင်ရမည်ဖြစ်သည်။  အကယ်၍ မိုးရွာသွန်းမှုညီမျှလျှင် မြေဆီလွှာအတွင်း ရေထိန်းစွမ်းအားကောင်းအောင် စီမံဆောင်ရွက်ပြီး ရွာချသည့်မိုးရေကို မြေအောက်ရေအစားထိုးရန်၊ ရေကြီးမှုအန္တရာယ်ကိုလျှော့ချရန်၊ ရေပြတ်လပ်မှုများကိုလျှော့ချရန်နှင့် မြေဆီလွှာအတွင်း ဆားစုဆောင်းခြင်းကို လျှော့ချနိုင်ရန်တို့အတွက် စုဆောင်းထိန်းသိမ်းခြင်းများလုပ်ဆောင်ရမည်။ မိုးရေရရှိမှုပိုလျှံလျှင် ရေတိုက်စားခြင်းကိုလျှော့ချနိုင်ရန်အတွက် ရေပိုရေလျှံများကို ထုတ်ပစ်ခြင်းနှင့် နောင်အသုံးပြုရန်အတွက် သိုလှောင်ခြင်းများကို စနစ်တကျဆောင်ရွက်ရမည်။

ထိရောက်သောရေသွင်းနည်းစနစ်များ

ကျင်းခွက်စနစ်ဖြင့် ရေသွင်းခြင်း (Basin Irrigation System) - စိုက်ပျိုးမြေကို ကန်သင်းများဖြင့် အကွက်ငယ်လေးများ သို့မဟုတ် ကျင်းများသဖွယ်ပေါင်ခတ်ပြီး ၎င်းအကွက်ထဲသို့ ရေကိုအပြည့်ဖြည့်သွင်းသည့် ရေသွင်းနည်းစနစ်တစ်ခုဖြစ်သည်။ကန်သင်းပေါင်ခတ်   ရေသွင်းခြင်း (Border Strip Flooding) - မြေကွက်အား ရှည်လျားပြီး ကျဉ်းမြောင်းသည့် မြေကွက် (Strip) များအဖြစ် ကန်သင်းများခတ်၍ ရေသွင်းခြင်းဖြစ်သည်။

  ပေါင်ကြီးတင်စနစ်ဖြင့် ရေသွင်းခြင်း (Broad bed and Furrow) - အပင်တန်းများ

ကြားတွင် မြောင်းငယ် (Furrows) များ ဖော်ထားပြီး ၎င်းမြောင်းများထဲသို့ ရေသွင်းသည့်စနစ်ဖြစ်သည်။ မြောင်းပေါင်ဖြင့် ရေသွင်းသည့်နည်းစနစ်သည် နုန်းမြေနှင့် မြေစေးများအတွက် သင့်တော်ပြီး ရေဆုံးရှုံးမှုနည်းကာ  အပင်မှအမြစ်နက်နက်ဆင်းစေသည်။ 

အကျိုးကျေးဇူးများ

ရေစီမံခန့်ခွဲမှု ပိုမိုလွယ်ကူခြင်း - လိုအပ်သလို ရေသွင်းရေထုတ်ပြုလုပ်နိုင်ခြင်း၊ ရေချွေတာနိုင်ခြင်း။ရေစီးရေလာကောင်းမွန်ခြင်း - ရေဝပ်ခြင်းမရှိ၊ လေဝင်လေထွက်ကောင်းသဖြင့် အမြစ်များကျန်းမာကောင်းမွန်စေခြင်း။ ထို့ပြင် မြေကျစ်လျစ်မသွားခြင်း၊ မြေဆွေးနှင့် မြေဩဇာ စသည်တို့ကို ပေါင်ပေါ်တွင် သီးသန့်ဖြည့်တင်းနိုင်ခြင်းကြောင့် မြေဆီလွှာအရည်အသွေးပိုမိုကောင်းမွန်စေနိုင်သည်။   အပင်ပြုစုထိန်းသိမ်းရလွယ်ကူစေနိုင်သည်။ ပေါင်ဖော်ရာတွင် မြေအမျိုးအစားနှင့် စိုက်ပျိုးမည့်သီးနှံတို့ ပေါ်မူတည်ပြီး ပေါင်အမြင့်၊ ပေါင်အကျယ်၊ ကြားအကွာအဝေးတို့ကိုချိန်ညှိ၍ ပြုလုပ်ရမည်ဖြစ်သည်။ 

အစက်ချရေပေးသွင်းနည်းစနစ် - အပင်အမြစ်ဇုန်သို့ တိုက်ရိုက်ရေပေးသွင်းခြင်းဖြစ်ပြီး ရေအလေ   အလွင့်ဆုံးရှုံးမှုလျှော့ချ ပေးသည့်စနစ် ဖြစ်သည်။

ရေဖျန်းစနစ် - ရေကို ပိုမိုညီမျှစွာဖျန်းပေးခြင်းဖြင့် ပုံမှန်ရေသွင်းနည်းစနစ်ထက် ရေအလေအလွင့်    နည်းပါးစေရန် ဆောင်ရွက်သည့်စနစ်ဖြစ်သည်။

 စမတ်ရေသွင်းနည်းပညာ  - မြေဆီလွှာ အာရုံခံကိရိယာ၊ မိုးလေဝသအချက်အလက်နှင့် ဂြိုဟ်တုပုံရိပ်များကိုအသုံးပြု၍ ရေသွင်းချိန်၊ ရေပမာဏကို  အလိုအလျောက် ဆုံးဖြတ်ပေးသောစနစ်ဖြစ်သည်။

 အကျိုးကျေးဇူးများ

ရေသုံးစွဲမှုကို လျှော့ချနိုင်ခြင်း၊ အာဟာရဓာတ်ဆုံးရှုံးမှုလျှော့ချနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုကိုလျှော့ချနိုင်ခြင်း၊ လုပ်သားအင်အား လျှော့ချနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်သည်။

မြေဆီလွှာကို ဖုံးအုပ်စိုက်ပျိုးခြင်း

ကောက်ရိုး၊ သစ်ရွက်ဆွေး၊ ပလတ်စတစ်များဖြင့် မြေဆီလွှာမျက်နှာပြင်ကို ဖုံးအုပ်ပေးခြင်းဖြင့် ရေကို ၄၀ ရာခိုင်နှုန်းထိချွေတာနိုင်ရုံသာမက ပေါင်းပေါက်ရောက်မှုကို ၉၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်သည်။ မြေကြီးမှ ရေငွေ့ပြန်မှု ၄၀ ရာခိုင်နှုန်း-၈၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ခြင်းကြောင့် အစိုဓာတ်ကို  ကြာရှည်စွာထိန်းထားနိုင်သည်။ မကြာခဏရေမသွင်းရသောကြောင့် သွင်းရေနှင့်အတူပါနိုင်သည့် ဆားများစုပုံလာခြင်းမှ ကာကွယ်နိုင်ခြင်း၊ မြေဆီလွှာအပူချိန်ကို ထိန်းညှိပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်သည်။

သီးနှံများဖြစ်ထွန်းဖို့  ရေသွင်းတာကို ချင့်ချိန်စို့

ရေတစ်စက်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်လိုအပ်သည်။ သို့မှသာလျှင် ပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးမှုမရှိစေဘဲ  ရေရှည်တည်တံ့သော  စိုက်ပျိုးထုတ်လုပ်မှုသို့ ဦးတည်လာနိုင်မည်ဖြစ်သည်။ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုသည် စားရေရိက္ခာဖူလုံမှုကို အထောက်အကူပြုနိုင်သည့်အပြင် တောင်သူလယ်သမားများအတွက် ကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်နှုန်းတိုးစေကာ ဝင်ငွေတိုးလာနိုင်မည်ဖြစ်သည်။

စပါးသီးနှံတွင် ရေသုံးစွဲမှုလျှော့ချသော်လည်း အထွက်နှုန်းမပြောင်းလဲနိုင်သည့် စိုက်ပျိုးနည်းစနစ်များဖြစ်သော တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း၊ စိုတစ်ခါခြောက်တစ်လှည့်ရေပေးသွင်းသည့်  နည်းစနစ်များအသုံးပြုစိုက်ပျိုးသင့်သည်။

 အကြံပြုတိုက်တွန်းချက်

          ဆည်ရေသောက် သို့မဟုတ် မြစ်ရေတင်ဒေသများတွင် လယ်ကြားမြောင်းများပြုပြင်ထိန်းသိမ်းပါ။

          တောင်သူများအနေဖြင့် လက်ရှိဆည်မြောင်းမှ ကျင့်သုံးလျက်ရှိသည့် 4R စနစ်များဖြစ်သော ရေအရင်းအမြစ်များရှာဖွေဖော်ထုတ်ခြင်း၊   ရေအသုံးချမှုလျှော့ချခြင်း၊  အသုံးချပြီးရေများအားပြန်လည်အသုံးပြုနိုင်ရန်  ဆောင်ရွက်

ခြင်း၊ တည်ဆောက်ပြီး ရေအရင်းအမြစ်များကို ကောင်းမွန်အောင်ပြင်ဆင်ခြင်း စသည်      တို့အပေါ် မိမိနှင့်သက်ဆိုင်သည့်အပိုင်များ

တွင် စနစ်တကျလိုက်နာဆောင်ရွက်ကြပါ။

          ကွင်းမှပိုလျှံရေကို ရနိုင်သလောက်ပြန်လည်အသုံးချပါ။ 

          ရေအသုံးချသူများ     စုပေါင်းဆောင်ရွက်သည့်    အလေ့အကျင့်များကျင့်သုံးပါ။

          မြောင်းရင်းတွင် တစ်ကွင်းတစ်ဆက်တည်း စိုက်ချိန်တူ၊ သီးနှံတူမျိုးတူစိုက်ပျိုးမှုကို တတ်နိုင်သမျှ ကျင့်သုံးပါ။

           စပါးစိုက်ရာတွင် ရေသွင်းရေခန်းစနစ်ကျင့်သုံးပါ။ 

          မြေအောက်ရေ၊ ချောင်းပိတ်၊ မြောင်းပိတ်များတွင် ရေကို အဟောသိကံမဖြစ်စေဘဲ  မိုးရေပြန်ဖြည့်တင်းခြင်း၊ ရေအရည်

အသွေးစစ်ဆေးခြင်းတို့လုပ်ဆောင်ပါ။

          မိုးကောင်းသောက်ဒေသများတွင် ရေထိန်းစွမ်းအားကောင်းအောင် မြေပြုပြင်ပါ။  ရေချွေတာနိုင်မည့်နည်းလမ်းများ ကျင့်သုံးပါ။ (ရေလိုအပ်ချက်နည်းသောသီးနှံများ၊ မိုးခေါင်ဒဏ်ခံမျိုးများစိုက်ရန်)            ရေဆုံးရှုံးမှုနည်းရန် ဆောင်ရွက်ရမည့် နည်းလမ်းများဖြစ်သည့် သင့်တော်သောပင်ကြားတန်းကြားစိုက်ခြင်း၊ မြေဖုံးပေးခြင်း၊ မြေညီအောင် ဆောင်ရွက်ခြင်း၊ ထွန်ယက်မှု‌လျော့နည်းစေခြင်း၊ သီးနှံအကြွင်းအကျန်များ/   မြေဆွေးထည့်ခြင်း၊ လေကာပင်များစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ပါ။ 

(ရေမကြာခဏသွင်းရခြင်း ကင်းဝေးမှသာလျှင် မြေဆီလွှာအတွင်း ကာဗွန်ကို ပြန်လည်သိုလှောင်နိုင်မည်ဖြစ်သောကြောင့် အကျိုးပြုအဏုဇီဝသက်ရှိများရှင်သန်နိုင်ပြီး အပင်များ ရေကိုကြာရှည်စွာအသုံးပြုနိုင်မည်ဖြစ်သည်။ ရေသွင်းချိန်ကြားကာလကြာရှည်လေကောင်းလေဖြစ်သည်။)

ရေငွေ့တစ်ပေါက် အငွေ့ပြန်သွားလျှင် လယ်သမားများ၏အိတ်ထဲမှပိုက်ဆံများ ရေငွေ့နှင့်အတူ ပါသွားသည်ဖြစ်သောကြောင့် ရေပမာဏအနည်းဆုံးအသုံးပြု၍  အပင်၏အမြစ်ဇုန်ဧရိယာသို့ တိုက်ရိုက်ရေပေးသွင်းနိုင်မည့်နည်းလမ်းကို အသုံးပြုရမည်ဖြစ်သည်။ အပင်အတွက်အရေးကြီးသောအချိန်တွင် ပေးလိုက်သည့်ရေသည် ရွှေနှင့်တူသည်ဟုမှတ်ယူကာ ရေသွင်းခြင်း၊ အစိုဓာတ်ထိန်းနိုင်စွမ်း မြင့်အောင်ဆောင်ရွက်ခြင်းသည် အပင်ကိုအစာကျွေးခြင်းဟုခံယူရမည်ဖြစ်သည်။ မြေဆီလွှာ၏ ရေထိန်းနိုင်စွမ်းကောင်းလာစေရန် ဆောင်ရွက်ပေးခြင်းသည်  ရေရှားပါးမှုဒဏ်ကိုကာကွယ်ပေးသည့် အကောင်းဆုံးဒိုင်း

တစ်ခုဖြစ်သည်။ ရေမရှိလျှင် မြေဩဇာကို အပင်မှမစုပ်ယူနိုင်ပေ။  မြေဆီလွှာအစိုဓာတ်လုံလောက်မှသာလျှင် အသုံးပြုသည့်မြေဩဇာသည် အကျိုးဖြစ်ထွန်းမည်ကို သတိပြုသိရှိရမည်။    ရေထိန်းနိုင်စွမ်းကောင်းသည့်မြေဆီလွှာသည် မိုးရွာသွန်းမှုနည်းပါးသည့်နှစ်များတွင် အထွက်နှုန်းထိခိုက်မှုမရှိစေရန် ထိန်းပေးထားနိုင်သည်။ အသုံးပြုလိုက်သည့် ရေတစ်စက်၊ မြေဩဇာတစ်မှုန့်စီတိုင်းမှ အမြတ်များရရှိစေရန် စုဆောင်းပေးနေသည်ဟုမှတ်ယူပြီး    စနစ်တကျစိုက်ပျိုးမည်ဆိုပါက  အထွက်နှုန်းကောင်းပြီး ဝင်ငွေတိုးလာနိုင်မည်ဖြစ်သည်။     ။

MWD