တားဆီးကာကွယ် မီးခိုးမြူငွေ့အန္တရာယ်
Posted_Date
Image
Body
ယနေ့အချိန်ခါမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနဲ့တစ်ဝန်း ကြည်လင်ပြာလွင့်နေတဲ့ ကောင်းကင်ပြာကြီးဟာ တစ်စတစ်စ မှေးမှိန်လာနေပြီ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့လေကို ရှူရှိုက်ခွင့်ရမယ့်အစား တောမီးလောင်ကျွမ်းမှုတွေ၊ စိုက်ပျိုးရေးသုံး စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်တွေ မီးရှို့မှုကနေ ထွက်ပေါ်လာတဲ့ အဆိပ်သင့်စေတဲ့ ဖုန်မှုန့်တွေနဲ့ မီးခိုးမြူငွေ့တွေကိုသာ ရှူရှိုက်နေရပြီး ဒါက လူသားတွေရဲ့ အသက်ရှင်သန်နေထိုင်မှုဘဝတွေကို များစွာအန္တရာယ်ပေးလျက်ရှိနေပါတယ်။ ဒီလေထုညစ်ညမ်းမှုပြဿနာဟာ ဒေသတစ်ခုတည်း၊ မြို့တစ်မြို့တည်းမှာသာ သီးခြားဖြစ်ပေါ်နေတဲ့ ကိစ္စရပ်မဟုတ်ဘဲ ကမ္ဘာနဲ့တစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။
အထူးသဖြင့် ရာသီဥတုပူပြင်းခြောက်သွေ့တဲ့ ပွင့်လင်းရာသီကာလတွေကို ရောက်ရှိလာချိန်တိုင်း နိုင်ငံအနှံ့အပြားမှာ မီးလောင်ကျွမ်းတဲ့နေရာတွေ သိသိသာသာများပြား လာလေ့ရှိပြီး လေထုညစ်ညမ်းမှုအန္တရာယ်ကို ပြည်သူလူထုတစ်ရပ်လုံး အလူးအလဲ ခံစားကြရလေ့ရှိပါတယ်။ဒီအခြေအနေဟာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာပြဿနာတွေကို ဖြစ်စေရုံသာမက ကလေးငယ် တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးစိုးရိမ်ဖွယ်ရာအဆင့်အထိ ရောက်ရှိနေတာပဲဖြစ်ပါတယ်။
ကိန်းဂဏန်းအချက်အလက်တွေအရ လေ့လာကြည့်မယ်ဆိုရင် ယခု ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအထိ ကာလအတွင်းမှာတင် နိုင်ငံတစ်ဝန်းမှာ မီးလောင်ကျွမ်းမှုဖြစ်စဉ်ပေါင်း ခုနစ်ထောင်ကျော်အထိ ဖြစ်ပေါ်ခဲ့တာကို စိုးရိမ်ဖွယ်ရာ တွေ့ရှိရပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ရဲ့ အလားတူကာလက ဖြစ်ပေါ်ခဲ့မှုထက် ၂၆ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေပြီး ၂၀၂၄ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်များပြားလာနေတာလည်း ဖြစ်ပါတယ်။ ဂြိုဟ်တုပုံရိပ်တွေအရလည်း ဇန်နဝါရီလကစတင်ကာ မြန်မာနိုင်ငံအနှံ့အပြား၊ အထူးသဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီး စတဲ့ဒေသတွေမှာ မီးလောင်ကျွမ်းမှုတွေ အလွန်သိပ်သည်းစွာဖြစ်ပေါ်နေတာကို ထင်ရှားစွာ မြင်တွေ့နေရပါတယ်။
ဒီလို မီးလောင်ကျွမ်းမှုအများစုဟာ တောမီးလောင်ကျွမ်းခြင်း၊ တောင်ယာ ခုတ်ထွင်ရှင်းလင်းဖို့ မီးရှို့ခြင်းနဲ့လယ်ယာ ထွက်ကုန်ပစ္စည်းတွေကို မီးရှို့ခြင်းတို့ကြောင့် အဓိကဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ အဲဒီကနေ ထွက်ပေါ်လာတဲ့ မီးခိုးမြူငွေ့တွေဟာ လေစီးကြောင်းနဲ့အတူ နိုင်ငံအနှံ့ကိုသာမက အိမ်နီးချင်းနိုင်ငံတွေကိုပါ နယ်စပ်ဖြတ်ကျော် ပျံ့နှံ့သွားပြီး ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုတွေကို ဖြစ်ပေါ်စေလျက်ရှိပါတယ်။
ဒီလို သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထားပြီး တားဆီးကာကွယ်မှုတွေကို စနစ်တကျဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ထိရောက်မှုရှိစေဖို့အတွက် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီကို စနစ်တကျဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ ကော်မတီအနေနဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ နှစ်စဉ်မီးခိုးမြူငွေ့ စတင် ဖြစ်ပေါ်လေ့ရှိတဲ့ နိုဝင်ဘာလမတိုင်မီ အောက်တိုဘာလမှာ တစ်ကြိမ်၊ မီးခိုးမြူငွေ့ အများဆုံးဖြစ်ပေါ်လေ့ရှိတဲ့ မတ်လ၊ ဧပြီလနဲ့ မေလတွေ မတိုင်မီ ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ မီးခိုးမြူငွေ့ ပြန်လည်လျော့ကျသွားတဲ့ ဇွန်လမှာတစ်ကြိမ် စုစုပေါင်း တစ်နှစ်ကို အစည်းအဝေးသုံးကြိမ် ကျင်းပပြီး ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တွေကို အနီးကပ်ကြပ်မတ် ဆောင်ရွက်လျက် ရှိနေပါတယ်။
ကော်မတီရဲ့ အဓိကရည်မှန်းချက်တစ်ခုကတော့ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ မီးလောင်ကျွမ်းမှု အခြေအနေတွေကိုအခြေခံထားပြီး ယခု ၂၀၂၆ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေကို ယခင်ကထက် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေးကို ပြတ်ပြတ်သားသား ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ ဒီရည်မှန်းချက်အောင်မြင်စေဖို့အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်ဖို့နဲ့ လိုအပ်ရင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့တွေကို ထပ်မံဖွဲ့စည်း ဆောင်ရွက်နေပါတယ်။
ရည်မှန်းချက်တွေ အောင်မြင်စေဖို့နဲ့ ပြည်သူလူထုအတွင်း အသိပညာများ တိုးပွားရရှိစေဖို့အတွက် အစိုးရဌာနဆိုင်ရာတွေဟာ အသိပညာပေးလုပ်ငန်းတွေကို သမားရိုးကျနည်းလမ်းတွေနဲ့သာမက ခေတ်မီနည်းပညာတွေကိုပါ ပေါင်းစပ်ပြီး နည်းမျိုးစုံနဲ့ထိရောက်အောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အသိပညာပေးလုပ်ငန်းတွေမှာ မြေပြင်ကွင်းဆင်းဟောပြောတာ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာ တွေကတစ်ဆင့် နှိုးဆော်တာတွေသာမက ယခုအခါ ပြည်သူတွေ အလွယ်တကူ လက်လှမ်းမီနိုင်တဲ့ အွန်လိုင်းမီဒီယာ ပလက်ဖောင်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလုပ်ဆောင်နေပြီဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်အစိုးရနဲ့ သတင်းမှန် ပြန်ကြားရေးကွန်ရက်တွေကတစ်ဆင့် လူမှုကွန်ရက် စာမျက်နှာအသီးသီးကို အသုံးပြုပြီး ပြည်သူတွေဆီ အချိန်နဲ့တစ်ပြေးညီ သတင်းစကားတွေ ပါးလျက်ရှိပါတယ်။
ဒါ့အပြင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကာ ပြည်သူလူထုရဲ့ လက်ကိုင်ဖုန်းတွေဆီကို အိမ်ကထွက်ရှိတဲ့ အမှိုက်တွေ မီးမရှို့ဖို့၊ တောင်ယာနဲ့ သစ်တောတွေအတွင်း မီးမဆင်မခြင် အသုံးပြုတာကို ရှောင်ကြဉ်ဖို့ စာတိုတွေပေးပို့ အသိပေးတာတွေကိုပါ မကြာခဏ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ တိုင်းစစ်ဌာနချုပ်တွေမှာ ဖွဲ့စည်းထားတဲ့ သတင်းမှန်ပြန်ကြားရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အရပ်ဘက် ဝန်ကြီးဌာနတွေက မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေး သတင်းတွေကိုလည်း သက်ဆိုင်ရာနယ်မြေတွေမှာ ထပ်မံဖြန့်ဝေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဘက်စုံထောင့်စုံကနေ ထိုးဖောက်ပြီး ပြည်သူတစ်ရပ်လုံးဆီကို မီးခိုးမြူငွေ့အန္တရာယ် တားဆီးရေးသတင်းစကားတွေ ပိုမိုထိရောက်လျင်မြန်စွာ ရောက်ရှိစေရေး အလေးထားလုပ်ဆောင်လျက်ရှိနေပါတယ်။
တာဝန်ရှိသူများအနေနဲ့ အသိပညာပေးခြင်း သက်သက်နဲ့သာ ရပ်တန့်မနေဘဲ မူဝါဒရေးရာနဲ့ စည်းရုံးရေးလမ်းကြောင်းတွေကိုပါ စနစ်တကျချမှတ်အကောင်အထည်ဖော်နေမှုတွေ ကလည်း အထူးစိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ပြည်သူတွေ၊ အထူးသဖြင့် တောင်သူလယ်သမားတွေ အနေနဲ့ ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်မီးရှို့မယ့်အစား ကုန်းမြင့်လယ်ယာ စိုက်ပျိုးရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာစေဖို့နဲ့ စိုက်ပျိုးရေးကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမယ့်အစား သဘာဝမြေဩဇာအဖြစ် ပြောင်းလဲပြုလုပ် အသုံးပြုလာစေဖို့ လက်တွေ့ကျကျ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဦးဆောင်ပြီး ရိုးပြတ်တွေကို ထယ်မှောက်မြေဆွေးပြုလုပ်တာ၊ ကုန်းစောင်းစိုက်ပျိုးတာနဲ့ သီးနှံ သစ်တော ရောနှောစိုက်ပျိုးတာတွေကိုပါ နမူနာပြသ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
စီးပွားရေးအရ တွန်းအားပေးတဲ့ မူဝါဒတွေကိုလည်း ရဲရဲဝံ့ဝံ့ကျင့်သုံးလာတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြောင်းအများဆုံး စိုက်ပျိုးထွက်ရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကနေ အိမ်နီးချင်းနိုင်ငံတွေကို ပြောင်းတင်ပို့မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ပြောင်းစိုက်ခင်း တွေမှာ အမှိုက်တွေ မီးရှို့မှု ကင်းရှင်းကြောင်း အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းအဖွဲ့က စိစစ်ထုတ်ပေးတဲ့ မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ရရှိမှသာ တင်ပို့ခွင့်ပြုမယ့် မူဝါဒကို ၂၀၂၆ ခုနှစ် မတ်လ အတွင်းကစတင်ပြီး တင်းကျပ်စွာ စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စီးပွားရေးအကျိုးအမြတ်ကို တိုက်ရိုက်ချိတ်ဆက် ပေးလိုက်တဲ့ အလွန်ထိရောက်တဲ့ စည်းရုံးရေး လက်နက်တစ်လက်ပဲ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်း စီမံချက်တွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်လျက်ရှိနေတာကလည်း နိုင်ငံတော် အစိုးရရဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖြေရှင်းလိုတဲ့ ဆန္ဒပြင်းပြမှုကို ပြသနေခြင်းဖြစ်ပါတယ်။
ဒီစီမံချက်အရ နှစ်နိုင်ငံအကြား သတင်းအချက်အလက်ဖလှယ်တာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပြုလုပ်တာနဲ့ တောမီးငြှိမ်းသတ်ရေး လုပ်ငန်းတွေမှာ ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်တာတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် ဒေသတွင်း မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် နိုင်ငံတကာအစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာ တက်ကြွစွာ ပါဝင်ဆွေးနွေးပြီး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တင်ပြကာ လိုအပ်တဲ့ ပံ့ပိုးမှုတွေရရှိနိုင်ရေး အတွက်လည်း ကြိုးပမ်းလျက်ရှိပါတယ်။ ဒီလိုမျိုး မူဝါဒရေးရာ ခိုင်မာမှုနဲ့ နိုင်ငံတကာချိတ်ဆက်မှုတွေဟာ ရေရှည်မှာ လေထုညစ်ညမ်းမှုကို သိသိသာသာလျှော့ချပေးနိုင်မယ့် အခြေခံကောင်းတွေပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲ ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ထားစေကာမူ၊ အစိုးရဌာနဆိုင်ရာတွေက ဘယ်လိုကြိုးစားပမ်းစား အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေစေကာမူ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင် ဒီမီးခိုးမြူငွေ့ အန္တရာယ်ကို အမြစ်ပြတ်တိုက်ဖျက်နိုင်မှာ မဟုတ်တာသေချာပါတယ်။
လေထုညစ်ညမ်းမှုဟာ လူတန်းစားမရွေး၊ ဆင်းရဲချမ်းသာမရွေး အားလုံးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ဘုံရန်သူကြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်မှု လျှော့ချရေးနဲ့ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးကို အစိုးရရဲ့ လုပ်ငန်းတာဝန်သက်သက်အဖြစ်သာ မရှုမြင်ဘဲ ပြည်သူလူထု တစ်ရပ်လုံးက မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ခံယူကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ အထူးပဲလိုအပ်လှပါတယ်။
အိမ်တွင်းအမှိုက်တွေကို လွယ်လွယ်ကူကူ မီးရှို့ပစ်တာမျိုးကစလို့ တောင်ယာနဲ့ သစ်တောတွေအတွင်း သတိလက်လွတ် မီးအသုံးပြုတာတွေအထိ လုံးဝရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်နဲ့ သစ်တောတွေကို ထိန်းသိမ်းတာ၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေကို မြေဆွေးအဖြစ် ပြန်လည်အသုံးချတာစတဲ့ အလေ့အကျင့်ကောင်းတွေကို လူမှုအသိုင်းအဝိုင်းအတွင်း စိမ့်ဝင်ပျံ့နှံ့အောင် တစ်ဦးချင်းစီကစလို့ အသိတရားနဲ့ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာ မီးခိုးမြူငွေ့နဲ့ လေထုညစ်ညမ်းမှု ပြဿနာဟာ ကျွန်တော်တို့အနေနဲ့ လုံးဝမျက်ကွယ်ပြုထားလို့မရတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါတယ်။ လေထုကို နယ်နိမိတ်စည်းတား ထားလို့မရသလိုပဲ ညစ်ညမ်းတဲ့ လေထုရဲ့ဆိုးရွားတဲ့ အကျိုးဆက်တွေဟာလည်း လူသားတိုင်းအပေါ်ကို ဧကန်မလွဲ ကျရောက်လာမှာပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဘက်စုံထောင့်စုံကနေ ကြိုးပမ်းဆောင်ရွက်နေတဲ့ အခုလိုအချိန်အခါမျိုးမှာ ပြည်သူလူထုအနေနဲ့လည်း နိုင်ငံတော်နဲ့အတူ တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။
ကြည်လင်ပြာလွင့်တဲ့ ကောင်းကင်ယံကို ပြန်လည်ရယူဖို့နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေထုကို ကျွန်တော်တို့ရဲ့ နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် အမွေအနှစ်အဖြစ် ချန်ရစ်ခဲ့နိုင်ဖို့အတွက် မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးကို နိုင်ငံသားတိုင်းက မလွှဲမရှောင်ရမယ့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အခိုင်အမာခံယူကျင့်သုံးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ဒီလိုစုပေါင်းအင်အားနဲ့ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ် ကမ္ဘာကြီးဟာ ပိုမိုလှပပြီး ကျန်းမာပျော်ရွှင်ဖွယ်ကောင်းတဲ့ လူနေမှုဝန်းကျင်တစ်ခုအဖြစ် ရေရှည်တည်ရှိနေမှာဖြစ်တဲ့ အကြောင်း တိုက်တွန်း ရေးသား အပ်ပါတယ်။ ။
MWD
