ဝမ်းဗိုက်အဆီကျပြီး ချပ်ရပ်မှုရှိစေမည့် ဆောင်ရန် ရှောင်ရန်နည်းလမ်းများ
Posted_Date
Image
Body
ကျန်းမာရေးအသိပညာပေးရာမှာ ဝမ်းဗိုက်ချပ်ရပ်မှုရှိအောင် အားကစားပြုလုပ်ဖို့ ညွှန်ပြလေ့ရှိပါတယ်။ကိုယ်အလေးချိန်လျှော့ချရာမှာ ဝမ်းဗိုက်အဆီချတာက အဓိကကျပါတယ်။ ဝမ်းဗိုက်အဆီများတာက တကယ်တော့အန္တရာယ်ရှိပါတယ်။ အဝလွန်တာ၊ ဆီးချို၊ သွေးချိုအမျိုးအစား(၂)ရောဂါ၊ နှလုံးရောဂါ စတဲ့ရောဂါတွေနဲ့ဆက်စပ်နေပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီချဖို့ဆိုတာ အလှအပရေးရာသာမကဘဲ ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။
ဝမ်းဗိုက်အဆီတိုင်းတာဖို့ ခါးပတ်လည်ကို ပေကြိုးနဲ့တိုင်းနိုင်ပါတယ်။ တကယ်လို့ အမျိုးသားတွေမှာ လက်မ ၄၀ သို့မဟုတ် ၁၀၂ စင်တီမီတာ နဲ့အထက်၊ အမျိုးသမီးတွေမှာ ၃၅ လက်မ သို့မဟုတ် ၈၈ စင်တီမီတာနဲ့အထက်ရှိနေပြီဆိုရင် အဝလွန် စာရင်းဝင်နေပါပြီ။ ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်အများစုရဲ့ အဓိကရည်မှန်းချက်ကလည်း ဝမ်းဗိုက်ကအဆီတွေကို လျှော့ချဖို့ဖြစ်ပါတယ်။
သကြား၊ အချိုကဲတဲ့အဖျော်ယမကာတွေ ရှောင် ကြဉ်သင့်တယ်။ သကြား ဒါမှမဟုတ် အချိုကဲ တဲ့အဖျော်ယမကာတွေက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကိုယ်အလေးချိန်ကိုလည်း တက်စေပါတယ်။ စားကောင်းအောင်ပြုပြင်တဲ့အနေနဲ့ လိုတာထက်ပိုထည့်ထားတဲ့ သကြားတွေက ဇီဝဖြစ်စဉ်ကို ဒုက္ခပေးပါတယ်။
သုတေသနအရ သကြားပမာဏလွန်ကဲခြင်းက ဝမ်းဗိုက်နဲ့အသည်းမှာ အဆီတွေစုဝေးစေပါတယ်။ အထူးသဖြင့် ဖရက်တို့စ်သကြားဖြစ်ပါတယ်။ အိမ်သုံး သကြားက ဂလူးကို့စ်တစ်ဝက်၊ ဖရက်တို့စ်တစ်ဝက် ဖြစ်ပါတယ်။ သကြားအများအပြားစားရင် အသည်းမှာ ဖရက်တို့စ်စုပုံလာပြီး အဆီဓာတ်အဖြစ်ပြောင်း လဲစေပါတယ်။ ဒါ့ပြင် သကြားရည်တွေမှာလည်း ကယ်လိုရီအများအပြားပါဝင်ပြီး အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နေ့တာစားသောက် တဲ့အထဲမှာ သကြားပါဝင်မှုကိုလျှော့ချပြီး အချိုဓာတ်များတဲ့အရည်တွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဆော်ဒါ၊ အချိုရည်၊ အားကစားသမားတွေသောက်တဲ့ စွမ်းအားဖြည့်အချိုရည် စတာတွေပါဝင်ပါတယ်။
ပရိုတင်းပိုစားသင့်တယ်။ ပရိုတင်းက ကိုယ်အလေးချိန်လျှော့ချရာမှာ အရေးအကြီးဆုံးအာဟာရ ဓာတ်ဖြစ်ပါတယ်။ သုတေသနတွေအရ အစာစားချင် စိတ်ကို ၆၀ ရာခိုင်နှုန်းကျစေပြီး တစ်နေ့တာဇီဝရုပ်ဖြစ်ပျက်မှုကို(၈၀-၁၀၀)ကယ်လိုရီအထိ အားကောင်း စေပါတယ်။ တစ်ရက်မှာ ကယ်လိုရီ ၄၀၀ ကျော် လောက်စားသုံးခြင်းကနေ သက်သာစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ပရိုတင်းကို လုံလောက်စွာ စားသုံးသင့်ပါတယ်။
ကာဗိုဟိုက်ဒရိတ်လျှော့စားသင့်တယ်။ ဝမ်းဗိုက် အဆီကျချင်ရင် ကာဗိုဟိုက်ဒရိတ် လျှော့စားရမှာ ဖြစ်ပါတယ်။ သုတေသနတချို့အရ ကာဗိုဟိုက်ဒရိတ် ကို လျှော့စားပြီး ကိုယ်အလေးချိန်လျှော့ချသူတွေက အဆီနည်းတဲ့အစားအစာတွေစားပြီး ကိုယ်အလေး ချိန်လျှော့ချသူတွေထက် (၂-၃) ဆ ပိုမိုထိရောက် တယ်လို့ဆိုပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာ စားသင့်ပါတယ်။ များသောအားဖြင့် အမျှင်ဓာတ်ကို အသီးအနှံ တွေ၊ အသီးအရွက်တွေကနေရရှိပါတယ်။ အမျှင်ဓာတ် များများစားခြင်းက ကိုယ်အလေးချိန်လျှော့ချရာမှာများစွာအထောက်အကူပြုပါတယ်။တစ်နေ့ကို အမျှင်ဓာတ် ၁၃ ဂရမ်ခန့်ပိုစားပေးခြင်းက ကယ်လိုရီ စားသုံးမှု ၁၀ ရာခိုင်နှုန်းလျှော့ချပေးပြီး ကိုယ်အလေး ချိန်ကို လေးလအတွင်း ၄၅ ပေါင် ကျဆင်းစေတယ် လို့သိရပါတယ်။ တခြားသုတေသနတစ်ခုမှာ နေ့စဉ် အမျှင်ဓာတ် ၁၀ ဂရမ်စားခြင်းက ဝမ်းဗိုက်အဆီ ၃ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းစေတယ်လို့သိရပါတယ်။ အမျှင်ဓာတ်ရရှိဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုးစားသုံးသင့်ပါတယ်။
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သင့်တယ်။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက အသက် ရှည်ရာ အနာမဲ့ကြောင်း အကြောင်းရင်းတစ်ခုဖြစ် ပါတယ်။ လူတိုင်း နေ့စဉ် နာရီဝက်ကနေ တစ်နာရီ ကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ ချွေးထွက်အောင်ပြုလုပ် ခြင်းက နေ့စဉ် အစာစားလို့ ပိုလျှံတဲ့ကယ်လိုရီကို အဆီအဖြစ် မစုဆောင်းမီမှာ ချွေးထွက်စေလို့ အဆီ စုဝေးခြင်း၊ အဝလွန်ခြင်းမဖြစ်စေဘဲ ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါတို့ ကင်းဝေးစေပါတယ်။
ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် ဝမ်းဗိုက်ကအဆီက ကျန်းမာရေးအတွက် အဆိုးရွားဆုံး ဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ဝန်းရံထားတဲ့ ဝမ်းတွင်းဆီဖြစ်တဲ့အတွက် နှလုံးရောဂါ၊ လေဖြတ်တာ၊ ဆီးချို၊ သွေးချိုရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ဒါကြောင့် ဝမ်းဗိုက်ချပ်ရပ်အောင် လေ့ကျင့်ခန်းပြုလုပ်တာက လှပပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိရုံသာမက ကျန်းမာရေးကောင်းမွန်ပြီး အသက်ရှည်ရှည်နေနိုင်ပါတယ်။
များသောအားဖြင့် ခါးတစ်ဝိုက်နေရာက အဆီတွေ အရင်ဆုံးစုဝေးတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်မှာ အဆီတွေလျော့ကျသွားဖို့က အချိန်တစ်ပတ်နဲ့တော့ မလုံလောက်ပါဘူး။
အနည်းဆုံး ခုနစ်လကျော်လောက် အချိန်ယူရပါ တယ်။ဝမ်းဗိုက်တစ်နေရာတည်း အဆီလျှော့ချမယ် ဆိုတဲ့စိတ်ကူးကိုမေ့ထားသင့်ပါတယ်။ အဆီကနေ ကြွက်သားအဖြစ်ပြောင်းလဲသွားဖို့က မဖြစ်နိုင်ပါဘူး။ ကိုယ့်အနေနဲ့ ထိုင်ထလေ့ကျင့်ခန်းပေါင်း အကြိမ်ရေသန်းပေါင်းများစွာပြုလုပ်ပေမယ့် ဝမ်းဗိုက်ကြွက်သားတွေပဲ သန်မာလာနိုင်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျသွားမှသာ ဝမ်းဗိုက်အဆီတွေလျော့နည်းသွားမှာပါ။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းက ကယ်လိုရီများများလောင်ကျွမ်းနိုင်တဲ့ ခန္ဓာကိုယ် တစ်ခုလုံးအလုပ်လုပ်ရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။
ခါးတုတ်ဗိုက်ပူနေတာကို သတိမထားမိအောင် လက်ကောက်အများကြီး ဝတ်ထားတာ ဒါမှမဟုတ် လက်မောင်းမှာ တန်ဆာတွေနဲ့အလှဆင်ထားတဲ့ လက်ပတ်ပတ်ထားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ အာရုံစိုက်နိုင်အောင် ဆွဲကြိုး၊ ဘယက်ဝတ်ဆင်တာ၊ နားဆွဲဝတ်ထားတာ ဒါမှမဟုတ် တောက်ပတဲ့တီရှပ်တွေ ဝတ်ဆင်သင့်ပါတယ်။
ခန္ဓာကိုယ်ကောက်ကြောင်း လှပစေနိုင်တဲ့ အတွင်းခံအင်္ကျီတွေကို ဒီခေတ်မှာ တော်တော်လေးအသုံး ပြုနေကြပြီဖြစ်ပါတယ်။ ပိန်တယ်လို့ထင်စေတဲ့ အဝတ်အစားဝတ်ဆင်သင့်ပါတယ်။ ဝမ်းဗိုက်ချပ်ရပ်ပြီး ခါးသေးဖို့ အချိန်ပေးရတဲ့အတွက် ဖက်ရှင်နဲ့ပတ်သက်ပြီး ပိန်တယ်လို့ထင်ရနိုင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။
ရှပ်အင်္ကျီကို ပေါင်လယ်အထိရောက်အောင် ရှည်ရှည်ဝတ်မယ့်အစား စကတ် ဒါမှမဟုတ် ဘောင်းဘီထဲ ထည့်ပြီး တင်ပါးဆုံအရှည်လောက်သာဝတ်ဆင် သင့်တယ်။ ခြေတံရှည်ပြီး ပိန်ပိန်မြင့်မြင့်လို့ ထင်မှတ် နိုင်တယ်။ ခါးပတ်ကြောင့် ခါးနေရာကိုချက်ချင်းအာရုံမရောက်ရှိနိုင်ပေမယ့် သူ့ကြောင့် ခန္ဓာကိုယ်ကိုအလယ်ကနေ ဖြတ်ထားသလိုဖြစ်တဲ့အတွက် ခြေတံရှည်ပြီး သွယ်လျအောင်ဖန်တီးနိုင်ပါတယ်။ အေးတဲ့ရာသီဥတုမှာ အနွေးထည်ဝတ်ပြီး ကြယ်သီးမတပ်ထားသင့်ပါဘူး။ အင်္ကျီရှည်ဝတ်ထားတာကြောင့် ကိုယ့်ကိုပိန်ပြီး အရပ်ရှည်တယ်လို့ ထင်စေနိုင်ပါတယ်။ ။
MWD
