လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများ ပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး

Posted_Date

Image

လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများ ပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး

Body

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့(International Day of Persons with Disabilities)ကို နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တိုင်း ကမ္ဘာတစ်ဝန်းလုံးရှိ မသန်စွမ်းသူများ၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ၂၀၂၅ ခုနှစ်အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်သည် "Fostering disability-inclusive societies for advancing social progress" “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေးဟူ၍ ဖြစ်သည်။ ယခုအထိမ်းအမှတ်သည် ပိုမိုတရားမျှတ၍ လူတိုင်းပါဝင်နိုင်သော ကမ္ဘာတစ်ခုကို ဖော်ဆောင်ရန်အတွက် နိုင်ငံတကာကတိကဝတ်များအပေါ် အခြေခံထားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် မသန်စွမ်းသူများ၏ ပါဝင်ဆောင်ရွက်မှု အပြည့်အဝလိုအပ်ကြောင်း အလေးပေး ဖော်ပြထားသည်။

မသန်စွမ်းသူဆိုသည်မှာ 

     မြန်မာနိုင်ငံတွင် ကိုယ်လက်အင်္ဂါ ချို့ယွင်းအားနည်းသူ၊ အမြင်အာရုံချို့ယွင်းအားနည်းသူ၊ အပြော/အကြား အာရုံချို့ယွင်းအားနည်းသူ၊ ဉာဏ်ရည်ချို့ယွင်းအားနည်းသူများကို မသန်စွမ်းသူဟု ယေဘုယျသတ်မှတ်ထားပြီး ကမ္ဘာတွင်တော့ ယင်းအမျိုးအစားလေးမျိုးအပြင် လူ့အဖွဲ့အစည်း၏ တစ်နည်းမဟုတ်တစ်နည်းခွဲခြား ဆက်ဆံမှုကိုခံကြရသော လူပုလေးများ၊ နှလုံးရောဂါခံစားနေရသူများ၊ ကင်ဆာရောဂါခံစားနေရသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ အေအိုင်ဒီအက်ရောဂါ ဝေဒနာခံစားနေရသူများနှင့် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများကိုပါ မသန်စွမ်းသူများစာရင်းတွင် ထည့်သွင်းလက်ခံထားသည်ကို တွေ့ရှိရသည်။

၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ(၂)(က)တွင် မသန်စွမ်းသူ ဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုသည်ဟု ပြဋ္ဌာန်းထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၂၃ ခုနှစ် မတ်လထုတ်ပြန်ကြေညာချက်အရ ကမ္ဘာ့လူဦးရေ၏ ၁၃၀၀ သန်း(၁၆ ရာခိုင်နှုန်း)သည်တစ်နည်းမဟုတ်တစ်နည်း မသန်စွမ်းသူများဖြစ်သည်ဟုဆိုထားရာ လူခြောက်ဦးလျှင်တစ်ဦးနှုန်း မသန်စွမ်းသူဟုဆိုနိုင်သည်။ ယင်းရာခိုင်နှုန်းကို ကိုးကား၍ တွက်ချက်မည်ဆိုလျှင် မြန်မာနိုင်ငံလူဦးရေ ၅၁ ဒသမ ၃ သန်းတွင် ၈ သန်းကျော်သည် တစ်နည်းမဟုတ်တစ်နည်း မသန်စွမ်းသူများဟု ခန့်မှန်းတွက်ချက်ရသည်။

ဥပဒေ၏ သမိုင်းကြောင်း

    မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄  ခုနှစ်မှစတင်၍ နှစ်စဉ်ဒီဇင်ဘာလ ၃  ရက်တွင် နိုင်ငံတော်အဆင့် ကျင်းပခဲ့ရာ ယခုနှစ်တွင်(၃၂)ကြိမ်မြောက်ရှိပြီဖြစ်သည်။ လူမှုအသိုက်အဝန်းအတွင်း မသန်စွမ်းသူများ တန်းတူညီမျှပါဝင် ဆောင်ရွက်ခွင့်ရရှိရေး၊ ခွဲခြားဆက်ဆံခံရမှုနှင့် မညီမျှမှုမရှိစေရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့်ကိုယ်၊ စိတ်ကျန်းမာကြံ့ခိုင်ရန် ပံ့ပိုးဆောင်ရွက်မှုကို မြှင့်တင်ပေးရေးတို့အတွက် အစိုးရအဆက်ဆက်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည်။ မသန်မစွမ်းဖြစ်လာသူများ အလုပ်ရရှိရေး အက်ဥပဒေ(၁၉၅၈ ခုနှစ်)ကို ၁၉၅၈ ခုနှစ် အက်ဥပဒေ အမှတ် ၃၃ ဖြင့် ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၀ ဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ယခင်မသန်မစွမ်းဖြစ်လာသူများအလုပ်ရရှိရေးအက်ဥပဒေ (၁၉၅၈ ခုနှစ်)ကို ရုပ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏အရေးကို ခေတ်အဆက်ဆက်မှ ယနေ့တိုင်အောင် ဆောင်ရွက်နေဆဲဖြစ်သည်။ မသန်မစွမ်း ဆိုသော အသုံးအနှုန်းသည် သန်မာမှုမရှိ၊ စွမ်းဆောင်နိုင်မှုလည်း မရှိဟု  အဓိပ္ပာယ်သက်ရောက်နေ၏။ ထို့ကြောင့် မသန်မစွမ်းအစားမသန်စွမ်းဆိုသည့် စကားကို ပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၁၉၉၄ ခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှ စတင်ပြီး မသန်စွမ်းဟု တရားဝင်သတ်မှတ်ခဲ့သည်။ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပုဒ်မ(၂)(ခ)တွင် မသန်စွမ်းမှုဆိုသည်မှာ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝပါဝင် လှုပ်ရှားနိုင်မှုမရှိခြင်းကို ဆိုသည်။ ပုဒ်မ(၂) (ဂ) မသန်စွမ်းသူများ၏ အခွင့်အရေးဆိုသည်မှာ ဤဥပဒေ၌ပါရှိသော မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေး တစ်ရပ်ရပ်ကိုဆိုသည်။ ပုဒ်မ(၂)(င)တွင် ခွဲခြားဆက်ဆံမှုဆိုသည်မှာ မသန်စွမ်းမှုကိုအကြောင်းပြု၍ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး၊   ပညာရေး၊  ကျန်းမာရေး၊ ယဉ်ကျေးမှု၊   ပြည်သူ့ရေးရာနှင့်   အခြားနယ်ပယ်အသီးသီးတွင် အခြားသူများနည်းတူ အသိအမှတ်ပြုရေးနှင့် သာတူညီမျှရရှိ ခံစားရေးတို့ကို အဟန့်အတားဖြစ်စေသည့် ခွဲခြားခြင်း၊  လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုနိုင်ရန် ဘေးဖယ်ချန်လှပ်ထားခြင်းနှင့် ပါဝင်လှုပ်ရှားဆောင်ရွက်မှုကို ကန့်သတ်ထားခြင်းတို့ကိုဆိုသည်။

တန်းတူအခွင့်အရေးဆိုသည်မှာ

     မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုး အတည်ပြုထားသည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့် ပြည်သူရေးရာ နယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ အခွင့်အရေးများ အပိုဒ်(၂၉)တွင် စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် မသန်စွမ်းသူများနိုင်ငံရေးနှင့် ပြည်သူ့ရေးရာနယ်ပယ်များတွင် အများနည်းတူ ပါဝင်ဆောင်ရွက်ခွင့်ရရှိမှု သေချာစေရန် စီမံဆောင်ရွက်ပေးရမည်။ ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ တန်းတူမဲပေးပိုင်ခွင့်နှင့် ကိုယ်တိုင်ရွေးချယ် ခံပိုင်ခွင့်ရရှိမှု   သေချာစေရေးအတွက် မဲပေးရေးလုပ်ငန်း အစီအစဉ်များ၊ အကူအညီပေးမှုများနှင့် အသုံးအဆောင်ပစ္စည်းများသည် မသန်စွမ်းသူများအတွက် သင့်လျော်အဆင်ပြေစေသည့် အနေအထားဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ ရွေးကောက်ပွဲနှင့်   ပြည်သူဆန္ဒခံယူပွဲတို့တွင် မသန်စွမ်းသူများအား လျှို့ဝှက်ဆန္ဒမဲပေးနိုင်သည့် အခွင့်အရေးကို ခြိမ်းခြောက်ခံရခြင်းမရှိစေဘဲ ဆောင်ရွက်နိုင်ရန် ကာကွယ်ပေးခြင်း၊ မသန်စွမ်းသူများ အနေဖြင့် မဲထည့်ရာတွင် ၎င်းတို့စိတ်ကြိုက်ရွေးချယ် ခေါ်ဆောင်လာသော ပုဂ္ဂိုလ်၏အကူအညီဖြင့် မဲထည့်ခြင်းကို ခွင့်ပြုပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။ 

မသန်စွမ်းသူများသည် အခြားသူများနည်းတူ ပြည်သူ့ရေးရာနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိစေရမည်။ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ မသန်စွမ်းအဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ခြင်းနှင့် နိုင်ငံတကာ မသန်စွမ်း အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းတို့ ပါဝင်စေရမည်။ အာဆီယံ မသန်စွမ်းသူများဆိုင်ရာ  ဆယ်စုနှစ်လုပ်ငန်းစဉ်မှ   ဦးစားပေးလုပ်ငန်းစဉ်(၆)တွင် မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ ကိုယ်တိုင်ဆန္ဒမဲပေးခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့် အပါအဝင် နိုင်ငံရေးနယ်ပယ်တွင် အပြည့်အဝပါဝင်လာနိုင်စေရေး သေချာစွာစီမံ ဆောင်ရွက်ပေးရန် ဟု လည်းကောင်း၊ ဘာလီကြေညာချက်အမှတ်စဉ်(၇)တွင် မသန်စွမ်းသူများ၏ နိုင်ငံ့အရေးအရာများတွင် ပါဝင်ဆောင်ရွက်ခွင့်ဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ မသန်စွမ်းသူများသည် ပြည်နယ်/ တိုင်းဒေသကြီးအဆင့်နှင့် နိုင်ငံတော်အဆင့် နှစ်ရပ်လုံးတွင်  နိုင်ငံရေးအရ တန်းတူညီတူဖြစ်မှုအပြင် ရွေးကောက်ပွဲများတွင် ဦးဆောင်ခွင့်၊ ပါလီမန်အမတ်များအဖြစ် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ခွင့်များ ရရှိရေးအတွက် လိုအပ်သည့် အထောက်အကူများရရှိရေး တိုက်တွန်းဆောင်ရွက်သွားရန် ဟုလည်းကောင်း ဖော်ပြထားသည်။

ဥပဒေဖြင့် ကာကွယ်ပေးထားခြင်း

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ (၃၂)တွင် နိုင်ငံတော်သည် မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်၊   မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ (၃၄၄) တွင် မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသောသို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေပြဋ္ဌာန်းရမည်ဟု  လည်းကောင်း ပြဋ္ဌာန်းထားပြီးဖြစ်ရာ မသန်စွမ်းသူများအတွက် ဥပဒေကြောင်းအရ အခိုင်အမာ အာမခံချက်ပေးထားကြောင်း တွေ့ရှိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊  ပုဒ်မ (၃၄၇)တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု လည်းကောင်း၊ ပုဒ်မ (၃၄၉)တွင် နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ အလုပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်မှု၊ အတတ်ပညာနှင့်    အသက်မွေးဝမ်းကျောင်းမှု၊ ဝိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု စသည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်းရရှိစေရမည်ဟု လည်းကောင်း၊ ပုဒ်မ (၃၆၉) (က)တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်တွင်  ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်ဟုလည်းကောင်း ပြဋ္ဌာန်းထားရာ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီးတွင် မသန်စွမ်းသူများကို ကန့်သတ်ချုပ်ချယ်ထားသည့် စည်းမျဉ်းဥပဒေများမရှိဘဲ မည်သည့်နယ်ပယ်တွင်မဆို လွတ်လပ်စွာပါဝင်နိုင်ကြောင်း တွေ့ရှိရသည်။ 

အခြေခံအဆောက်အအုံများ 

     အခြေခံအဆောက်အအုံများဖြစ်သည့် လူသွားစင်္ကြံ၊ ဘူတာရုံ၊ သင်္ဘောဆိပ်၊ လေဆိပ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အစိုးရအဖွဲ့ရုံးစိုက်ရာ ရုံးဌာနများ၊ ဘဏ်များနှင့် သန့်စင်ခန်း၊ အိမ်သာများတွင်  မသန်စွမ်းသူများအနေဖြင့် အထောက်အကူပစ္စည်း တစ်ခုခုကို အသုံးပြု၍လည်းကောင်း၊ ဘီးတပ်ကုလားထိုင်ဖြင့် လည်းကောင်း လွယ်လင့်တကူ သွားလာအသုံးပြုနိုင်အောင် ဆင်ခြေလျှောအတက်အဆင်းများ၊ လက်ကိုင်တန်းများကို အဆောက်အအုံ ဆောက်လုပ်စဉ်ကတည်းက ထည့် သွင်း ဆောက်လုပ်ထားရမည်။ ထိုမျှမက မီးရထား၊ ကား၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများတွင်လည်း မသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ ခရီးသွားနိုင်အောင် ခုံနေရာသတ်မှတ်ပေးထားခြင်း၊ စနစ်တကျ ဝန်ဆောင်မှုပေးခြင်းများဆောင်ရွက်ပေးရမည်။ စာကြည့်တိုက်၊ ရုပ်ရှင်ရုံ၊ အားကစားကွင်းများ၊ မဲရုံများတွင်လည်း လွယ်ကူသက်သာစွာ လာရောက်နိုင်အောင် စီစဉ်ထားရှိရမည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအချို့တွင် လူသွားလမ်းစင်္ကြံများ၊ လေဆိပ်၊ ဘူတာရုံများတွင်လည်း  အမြင်အာရုံချို့ယွင်းသူများ သွားလာနိုင်အောင် အမှတ်အသားများ ထည့်သွင်းပြုလုပ်ထားခြင်း၊ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာရသူများအတွက် သီးသန့်ဓာတ်လှေကား စီစဉ်ပေးထားခြင်း၊ သီးသန့်ဝင်ပေါက်၊ထွက်ပေါက်များ စီစဉ်ပေးထားခြင်းများ ရှိသည်ကို တွေ့ရသော်လည်း   ပြုလုပ်ပေးနိုင်သည့်   နိုင်ငံအရေအတွက်အားဖြင့် နည်းလွန်းကြောင်း တွေ့ရှိရသည်။

အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်း

     မသန်စွမ်းသူများတွင် မွေးရာပါမသန်စွမ်းခြင်းနှင့် ထိခိုက်ဒဏ်ရာရောဂါ တစ်ခုခုကြောင့် မသန်စွမ်းဖြစ်သွားခြင်းတို့ရှိရာ ၎င်းတို့ကို ကိုယ့်ဘဝကိုယ့်ဝမ်းစာအတွက် အသက်ရှင်သန် ရပ်တည်နိုင်အောင် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးရမည်ဖြစ်သည်။ မသန်စွမ်းဟုဆိုရာတွင် လူအများ၏စိတ်ထဲ၌ အရပ်သားမသန်စွမ်းသူများကိုသာ ပြေးမြင်တတ်ကြသည်။ သို့ရာတွင် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးနှင့် ပြည်တွင်းပြည်ပရန်များကို ကာကွယ်နေရသော တပ်မတော်သားများတွင်လည်း ထိခိုက်ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်ရသူများလည်းရှိသည်။ မသန်စွမ်း တပ်မတော်သားများအတွက် တပ်မတော်အသက်မွေးမှု အတတ်ပညာသင်စခန်းများတွင် ဓာတ်ပုံရိုက်၊ ပိုးဇာပုံနှိပ်၊ ကွန်ပျူတာ၊ ဇာထိုးပန်းထိုး၊ ကြိမ်ထိုးဝါးရက်၊ ပန်းရန်၊ ဆံသ၊ နာရီပြင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာများကို သင်ကြားပေးလျက်ရှိသည်။ 

မသန်စွမ်းသူတို့ဘ၀ မြင့်မားတိုးတက်ရန် လူမှု၀န်ထမ်းကဲ့သို့ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်းကာ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်ကိုလည်း တွေ့မြင်နေရသည်။ လူမှု၀န်ထမ်းဦးစီးဌာနသည် လူမှုရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍  သက်ကြီးမသန်စွမ်းသူများအား အဆင့်မြင့်စက်ချုပ်၊ ဆံသ၊ အလှပြင် စသည့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေး၍   ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသူများအတွက် ကွန်ပျူတာ၊ စက်ချုပ်အတတ်ပညာ၊ ကြိမ်ထိုး၊ ပန်းထိုး၊ အနင်းအနှိပ်အတတ်ပညာများကို   သင်ကြားပေးလျက်ရှိရာ မသန်စွမ်းသူများအတွက် နေ့စဉ်ဘ၀မိသားစု၀င်ငွေ ကောင်းသဖွယ်ရရှိလာစေသည်။ ထို့ပြင် မသန်စွမ်းသူ ပြုစုစောင့်ရှောက်ရေးဂေဟာနှင့် သင်တန်းကျောင်းရှစ်ကျောင်းကိုလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

     မသန်စွမ်းသူများသည်လူသားများ၊ တစ်နည်းအားဖြင့် နိုင်ငံသားများဖြစ်ခြင်းကြောင့် အများနည်းတူ  ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိခွင့်၊ တန်းတူပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ လွတ်လပ်လွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ခွင့်နှင့်  လူမှုရေးနှင့် ဖွံ့ဖြိုးရေးနယ်ပယ်များတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်များ လိုအပ်သည်။ ယနေ့နိုင်ငံတော်တွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူအများပါဝင်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြီး နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်လျက်ရှိချိန်တွင်   မသန်စွမ်းသူများ၏ အရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်   အရေးကြီးပြီး လူအများပျော်ရွှင်သလို၊    အဆင်ပြေသလို မသန်စွမ်းသူများကိုလည်းပျော်ရွှင်၊   အဆင်ပြေအောင်ခွဲခြားဆက်ဆံမှုများ     လျော့နည်းပပျောက်သွားအောင် လုပ်ဆောင်သွားရမည်ဖြစ်သည်။

ခွဲခြားဆက်ဆံမှုမရှိသည့် လူမှုပတ်ဝန်းကျင်

   ယနေ့ကမ္ဘာကြီးတွင် မသန်စွမ်းသူများအတွက် မည်သို့ပင်အခွင့်အရေးများ ဖန်တီးပေးနေစေကာမူ မသန်စွမ်းသူများမှာ လူမှု၀န်းကျင်တွင် အခြားသူများနှင့် တန်းတူအခွင့်အရေးရှိရန် အခြေအနေနည်းပါးနေဆဲ ခွဲခြားဆက်ဆံမှုခံနေရဆဲဖြစ်သည်။ ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် (၁၇)ရပ်အနက် ပန်းတိုင်(၈)တွင် မသန်စွမ်းသူများအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် လုပ်ခလစာတန်းတူရရှိမည့် အခွင့်အလမ်းများ ဖန်တီးခြင်းနှင့် လူငယ်များအလုပ်လက်မဲ့ဖြစ်မှုလျှော့ချရေး၊ အလုပ်သမားဈေးကွက်တွင် ၀င်ဆံ့နိုင်ရေးတို့ပါ၀င်ပြီး ပန်းတိုင်(၁၀)တွင် မသန်စွမ်းသူများကို လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် ပါ၀င်လုပ်ဆောင်နိုင်စေရန် ဖော်ပြထားသည်။ ထို့ကြောင့် မသန်စွမ်းသူများအား  လူ့အဖွဲ့အစည်းအတွင်း  အပြည့်အ၀ပါ၀င်လာနိုင်ပြီး တူညီသော အခွင့်အရေးများရရှိလာစေရန်အတွက်   လူ့အသိုက်အဝန်းတစ်ခုလုံးက ဝိုင်း၀န်းပံ့ပိုးကူညီကြရမည်ဖြစ်သည်။

ကုန်ထုတ်စွမ်းအားရှိသောနိုင်ငံဖြစ်ဖို့လို

    ကျွန်တော်တို့မြန်မာနိုင်ငံသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ( Agrobased Industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို  စဉ်ဆက်မပြတ်မြှင့်တင်ရေးဆောင်ရွက်သွားရန် ဦးတည်လုပ်ဆောင်လျက်ရှိရာ မသန်စွမ်းသူရှစ်သန်းကျော်၏ လုပ်အားများသည်လည်း တိုင်းပြည်အနာဂတ်အတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဟူသော ဆောင်ပုဒ်အတိုင်း ကုန်ထုတ်လုပ်မှုကဏ္ဍများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် မသန်စွမ်းသူများ၏ အတွေ့အကြုံ၊ ဗဟုသုတနှင့် စွမ်းအားများကို အံဝင်ခွင်ကျဖြစ်အောင် ပါဝင်အားဖြည့်အသုံးပြုနိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုတိုးတက်ရုံသာမက နိုင်ငံတော်၏ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP)ကိုပါ တိုးတက်လာစေမည်ဖြစ်သည်။ 

လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင် 

     မသန်စွမ်းသူများ၏ ဘဝကိုမြင့်မား တိုးတက်အောင် လုပ်ဆောင်ပေးရာတွင် ဥပဒေများထုတ်ပြန် ပြဋ္ဌာန်းပေးခြင်း၊ လူမှုဖူလုံရေးအတွက်ပံ့ပိုးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ မသန်စွမ်းသူများအပေါ် စာနာနားလည်လက်ခံပေးနိုင်သည့် ခွဲခြားဆက်ဆံမှုမရှိသည့် လူမှုပတ်ဝန်းကျင်တစ်ခု ပေါ်ပေါက်လာရေးသည်လည်း အလွန်အရေးကြီးသည်။ ထိုမျှမက မသန်စွမ်းသူများကို   အခြားသောသူများ နည်းတူ သွားလာနေထိုင် လုပ်ကိုင်နိုင်ရေးအတွက် အခြေခံအဆောက်အအုံများမှစ၍ လူမှုစီးပွားဘဝမြင့်မား တိုးတက်မှုအဆုံး  ဘဝတစ်သက်တာလုံး   သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းသည် လူသားတို့၏ကမ္ဘာကို လှပအောင်အလှဆင်ခြင်းဖြစ်ပြီး အနာဂတ်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်သော ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည်။ မသန်စွမ်းသူများ၏ အရေးကိစ္စသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပရဟိတလုပ်ငန်း ဆောင်ရွက်နေသူများ၊ အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်သည့် သာမညကိစ္စ တစ်ရပ်မဟုတ်ဘဲ   လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင်သည့်   အဓိကကိစ္စတစ်ခုဖြစ်ကြောင်း သတိပြုမိဖို့လိုသည်။

အချုပ်အားဖြင့်ဆိုရသော် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့သည် လူ့အဖွဲ့အစည်းအဆင့်တိုင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် လူမှုစီးပွားဘဝကို မြှင့်တင်ပေးပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဘဝကဏ္ဍပေါင်းစုံတွင် မသန်စွမ်းသူများ ပါဝင်ခွင့်ရရှိလာအောင် မြှင့်တင်ပေးရန် အသိပညာတစ်ခု တိုးပွားလာစေပြီး လက်တွေ့လုပ်ဆောင်ရန် အတွက်လည်း သတိတရားရစေသည့် နေ့တစ်နေ့ဖြစ်သည်။ လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့ အစည်းများမြှင့်တင်ပေးဟူသော ယခုနှစ် ၂၀၂၅ ခုနှစ်အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်သည် မသန်စွမ်းသူများကို လူမှုဘဝအသီးသီးမှ ဖယ်ကြဉ်မထားရန်၊ ခွဲခြားဆက်ဆံမှုမပြုရန်၊ ၎င်းတို့ကိုတူညီသော အခွင့်အရေးပေးရန်နှင့် ၎င်းတို့၏စွမ်းအားများကို အံဝင်ခွင်ကျဖြစ်အောင် အကျိုးရှိရှိ အသုံးပြုတတ်စေရန် မီးမောင်းထိုးပြထားသည်။  မသန်စွမ်းသူများကို အခြားသူများနည်းတူ သာတူညီမျှအခွင့်အရေးများ ရရှိစေရန်ဆောင်ရွက်ပေးခြင်း၊ ၎င်းတို့ပါဝင်သော  အဖွဲ့အစည်းများကို မြှင့်တင်ပေးခြင်းဖြင့်   နောင်လာမည့်အနာဂတ်တွင် မသန်စွမ်းသူတို့၏  စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ     ကြံ့ခိုင်ကောင်းမွန်လာကာ မသန်သော်လည်းစွမ်းပါသည်ဆိုသည့်စကားနှင့်အညီ  စွမ်းအားရှင်များအဖြစ် နိုင်ငံတော်နှင့်လူမျိုးအကျိုးကို သယ်ပိုးရွက်ဆောင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   ။

MWD