ကမ္ဘာ့ဝေဟင်ကို လွှမ်းမိုးထားတဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး စစ်လေယာဉ်များ
Posted_Date
Image
Body
စစ်ဘက်ဆိုင်ရာ လေကြောင်းလောကမှာတော့ အရင်တုန်းကလို အရှိန်အဟုန်တစ်ခုတည်းနဲ့တင် ဝေဟင်ကိုစိုးမိုးလို့မရတော့ပါဘူး။ “အင်အား” ဆိုတဲ့ အဓိပ္ပာယ်ဟာ အခုဆိုရင် အင်ဂျင်စွမ်းဆောင်ရည်၊လက်နက်သယ်ဆောင်နိုင်မှု၊ ပျံသန်းနိုင်တဲ့အကွာအဝေး၊ အဆင့်မြင့် အာရုံခံစနစ်တွေနဲ့ စစ်မြေပြင်မှာ တကယ်တမ်း ထိရောက်မှုရှိ၊ မရှိဆိုတဲ့အချက်တွေအပေါ်မှာ ဘက်ပေါင်းစုံကနေ တိုင်းတာလာကြတာဖြစ်ပါတယ်။ အခုဆိုရင် ဒီလိုအချက်အလက်နဲ့ အတိုင်းအတာအမျိုးမျိုးကပဲ လေယာဉ်တွေရဲ့ လွှမ်းမိုးနိုင်စွမ်းကို ဆုံးဖြတ်ပေးနေတာပါ။ ဒါကြောင့် စစ်လေယာဉ်တွေကို အမြန်နှုန်း ဒါမှမဟုတ် ကိုယ်ပျောက်စနစ် တစ်ခုတည်းနဲ့တင် အဆင့်မသတ်မှတ်ဘဲ ခေတ်သစ်စစ်ပွဲတွေအပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်သလဲဆိုတာကိုကြည့်ပြီး အကဲဖြတ်ရမှာဖြစ်ပါတယ်။ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေကနေ သတင်းအချက်အလက် စစ်မြေပြင်ကိုထိန်းချုပ်နိုင်တဲ့ တိုက်လေယာဉ်တွေအထိ အခုဖော်ပြပေးမယ့်လေယာဉ်တွေဟာ လက်ရှိကမ္ဘာ့ဝေဟင်ကိုလွှမ်းမိုးထားတဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးစစ်လေယာဉ်များဖြစ်ပါတယ်။
Boeing B-1B Lancer
B-1B Lancer ဗုံးကြဲလေယာဉ်ကြီးဟာ ပေါင် ၁၂၀၀၀၀ ကျော်အထိရှိတဲ့တွန်းအားကိုထုတ်ပေးနိုင်တဲ့ Turbofan အင်ဂျင်လေးလုံး တပ်ဆင်ထားတာပါ။ သူဟာ လက်ရှိအသုံးပြုနေတဲ့ ဘယ်စစ်လေယာဉ်ထက်မဆို ပိုပြီးများပြားတဲ့ သမားရိုးကျလက်နက်တွေကို သယ်ဆောင်နိုင်ပါတယ်။ တိုက်ကြီးတစ်ခုကနေတစ်ခုကို ဖြတ်ကျော်ပျံသန်းပြီး လက်နက်ပေါင်ချိန် ၇၅၀၀၀ အထိတင်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်းB-1B Lancer ဗုံးကြဲလေယာဉ်ကြီးဟာ အမေရိကန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်မှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာပါ။
ဒီလေယာဉ်ဟာ ခေတ်သစ်ကိုယ်ပျောက်စံနှုန်းတွေနဲ့ ကြည့်ရင်တော့ ရေဒါမှာမိနိုင်ပေမယ့် သူ့ရဲ့မြန်ဆန်တဲ့အရှိန်နဲ့ မြေပြင်အနေအထားအတိုင်း ကပ်ပြီးပျံသန်းနိုင်တဲ့ စွမ်းရည်တွေက ရန်သူ့ခံစစ်တွေကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ဖို့ကူညီပေးပါတယ်။ တကယ်တော့ စစ်ဆင်ရေးတစ်ခုတည်းနဲ့တင် စစ်မြေပြင်ရဲ့အခြေအနေကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တဲ့ စစ်လေယာဉ်မျိုးဟာ ကမ္ဘာမှာရှားပါးလွန်းလှပါတယ်။
Lockheed Martin F-22 Raptor
Lockheed Martin F-22 Raptor ရဲ့ တွန်းအားနဲ့ အလေးချိန်အချိုး (Thrust-to-weight ratio) ဟာ 1.25 ထက်တောင် ကျော်လွန်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ အရှိန်မြှင့်တင်တာ၊ ဒေါင်လိုက်ထိုးတက်တာတွေမှာ အလွန်ကောင်းမွန်တဲ့အပြင် အင်ဂျင်ကို အတင်းတွန်းမောင်းခြင်းမရှိဘဲနဲ့တောင် အသံထက်မြန်တဲ့အရှိန်နဲ့ အကြာကြီးပျံသန်းနိုင်တာပါ။ ဒါ့အပြင် အိတ်ဇောထွက်ပေါက်ကို လိုသလိုလှည့်နိုင်တဲ့ Thrust-vectoring စနစ်ပါဝင်တာကြောင့် မျက်မြင်ချင်းယှဉ်တိုက်ရတဲ့ တိုက်ပွဲမျိုးမှာ ဘယ်လိုပြိုင်ဘက်ကိုမဆို အသာအယာလှည့်ပတ်ပျံသန်းပြီး အနိုင်ယူနိုင်စွမ်းရှိပါတယ်။
ဒီလေယာဉ်က ရေဒါမှာမိနိုင်တဲ့ဧရိယာကလည်း အလွန်သေးငယ်တာကြောင့် ရန်သူက သူ့ကိုမမြင်ခင်မှာတင် ကြိုတင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ တကယ်တော့ F-22 ရဲ့ အစွမ်းဟာ ကိုယ်ပျောက်နိုင်စွမ်း၊ အရှိန်အဟုန်နဲ့ တိကျမှုတွေကိုပေါင်းစပ်ပြီး ရန်သူက ဘာမှပြန်မလုပ်နိုင်တဲ့ အနေအထားမှာ စစ်မြေပြင်ကို စိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့ အသာစီးရမှုအပေါ်တည်ရှိနေတာပဲ ဖြစ်ပါတယ်။
Boeing F-15EX Eagle II
F-15EX ကတော့ လက်နက်သယ်ဆောင်နိုင်စွမ်း ဘယ်လောက်အထိကြီးမားသလဲဆိုတာကို ပြသပြီး “အင်အား” ဆိုတဲ့ အဓိပ္ပာယ်ကို အသစ်တစ်မျိုးဖွင့်ဆိုလိုက်တဲ့ လေယာဉ်ပါ။ လက်နက်ချိတ်ဆွဲနိုင်တဲ့နေရာ ၂၃ ခုအထိ ပါဝင်ပြီး လက်နက်ပေါင်ချိန် ၃၀၀၀၀ နီးပါးကို သယ်ဆောင်နိုင်တာကြောင့် သူ့ကို “ပျံသန်းနေတဲ့ လက်နက်တိုက်ကြီး” လို့တောင် ခေါ်လို့ရပါတယ်။ ဒီလောက်အထိ လက်နက်တင်ဆောင်နိုင်တဲ့အတွက် ဝေဟင်ကနေ အဝေးကပစ်နိုင်တဲ့ လက်နက်တွေကို အများကြီးတပ်ဆင်အသုံးပြုနိုင်တာပါ။
သူ့ရဲ့ အင်ဂျင်နှစ်လုံးက အသံထက်နှစ်ဆခွဲကျော်တဲ့အထိ အမြန်နှုန်းကိုပေးနိုင်တာကြောင့် လေယာဉ်ကိုယ်ထည်ကြီးပေမယ့် ရန်သူ့ကြားမှာ လုံခြုံအောင် ပျံသန်းနိုင်ပါတယ်။ F-15EX ဟာ ကိုယ်ပျောက်စနစ်ထက် အလုံးအရင်းနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့လိုအပ်တဲ့ စစ်ဆင်ရေးမျိုးမှာ အထူးပဲ စွမ်းဆောင်ရည်ကောင်းပါတယ်။ ခေတ်သစ်ဝေဟင်တိုက်ပွဲတွေမှာတော့ ဒီလိုလက်နက်အင်အား အမြောက်အမြားနဲ့ ပစ်ခတ်နိုင်တာဟာ အောင်နိုင်ဖို့အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အသာစီးရမှုတစ်ခုဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။
Sukhoi Su-57
ရုရှားရဲ့ Su-57 ကတော့ လေထဲမှာ လှုပ်ရှားစစ်ကစားနိုင်စွမ်းဟာသူ့ရဲ့ အဓိကစွမ်းအားပဲ ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ 3D Thrust-vectoringအင်ဂျင်တွေတပ်ဆင်ထားတဲ့အတွက် အနောက်အုပ်စုတိုက်လေယာဉ်တွေ လိုက်မမီနိုင်တဲ့ အလွန်ခက်ခဲပြီး ထောင့်ချိုးကျတဲ့ ပျံသန်းမှုပုံစံတွေကို လုပ်ဆောင်နိုင်ပါတယ်။ အနီးကပ်ဝေဟင်တိုက်ပွဲတွေမှာ ကိုယ်ပျောက်စနစ်က အလုပ်မဖြစ်တော့ဘူးဆိုရင် ဒီလိုမျိုးလျင်မြန်ဖျတ်လတ်မှုကပဲ ရန်သူ့အပေါ်မှာ အသာစီးရစေတာပါ။
Su-57 ဟာ အမေရိကန် တိုက်လေယာဉ်တွေနဲ့ယှဉ်ရင် ကိုယ်ပျောက်နိုင်စွမ်းပိုအားနည်းပေမယ့် အဲဒီအားနည်းချက်ကို သူ့ရဲ့ပြောင်မြောက်တဲ့လေကြောင်းထိန်းချုပ်မှုစွမ်းရည်နဲ့ ပြန်ပြီးအစားထိုးထားပါတယ်။တကယ်တော့ ဒီလေယာဉ်ကို ရှုပ်ထွေးပြင်းထန်တဲ့ ဝေဟင်စီးချင်းထိုးတိုက်ပွဲတွေမှာ အနိုင်ယူနိုင်စေဖို့ ရည်ရွယ်တည်ဆောက်ထားတာပါ။ ရန်သူ့မျက်စိအောက်က ပျောက်နေတာထက် မနားတမ်းလှုပ်ရှားပျံသန်းနေခြင်းကပဲ လေယာဉ်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ မူဝါဒကို ဒီလေယာဉ်မှာတွေ့ရှိနိုင်ပါတယ်။
Lockheed Martin F-35 Lightning II
F-35 ဟာ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာသာမက သတင်းအချက်အလက်ပိုင်းစိုးမိုးနိုင်မှုမှာလည်း အစွမ်းထက်လှပါတယ်။ ရေဒါ၊ အနီအောက်ရောင်ခြည်နဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးတွေကနေ ရလာတဲ့အချက်အလက်တွေကို တစုတစည်းတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ Sensor System Fusion ပါဝင်တာကြောင့် လေယာဉ်မောင်းသူတွေဟာ ရန်သူကို မျက်စိနဲ့မမြင်ရခင် အဝေးကြီးကတည်းက ကြိုတင်သိရှိပြီးတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။
တကယ်တော့ F-35ရဲ့ အမြန်နှုန်းနဲ့ လက်နက်သယ်ဆောင်နိုင်စွမ်းဟာ တခြားလေယာဉ်တွေနဲ့ယှဉ်ရင် ပုံမှန်လောက်ပဲရှိပေမယ့်သူ့ရဲ့ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို အဆပေါင်းများစွာ တိုးတက်စေပါတယ်။ F-35 တစ်စင်းတည်းနဲ့တင် ပျံသန်းနေတဲ့ လေကြောင်းကွပ်ကဲမှုဌာနတစ်ခုလို လုပ်ဆောင်ပြီး တပ်စုတစ်စုလုံးကို ဦးဆောင်နိုင်ပါတယ်။ ခေတ်သစ်စစ်ပွဲတွေမှာတော့ သတင်းအချက်အလက်ကို ထိန်းချုပ်နိုင်တာဟာ အမြန်နှုန်းထက်စာရင် ပိုပြီးတော့ ခရီးရောက်စေတာဖြစ်ပါတယ်။
Eurofighter Typhoon
အမြန်နှုန်း၊ လျင်မြန်ဖျတ်လတ်မှုနဲ့ လုပ်ငန်းခွင်အတွင်း ယုံကြည်စိတ်ချရမှုတွေမှာ ဟန်ချက်ညီအစွမ်းထက်တဲ့ Eurofighter Typhoon မှာတော့ အရှိန်မြှင့်တင်တာနဲ့ အသံထက်မြန်တဲ့အရှိန်ကို အကြာကြီးထိန်းထားနိုင်ဖို့အတွက် အင်ဂျင်နှစ်လုံးတပ်ဆင်ထားပါတယ်။ သူဟာ ဝေဟင်စိုးမိုးရေးအတွက် အဓိကရည်ရွယ်တည်ဆောက်ထားတာဖြစ်သလို ပစ်မှတ်ကိုတိတိကျကျချေမှုန်းနိုင်တဲ့ စစ်ဆင်ရေးတွေကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။
သူ့ရဲ့ ထူးခြားချက်ကတော့ တြိဂံပုံတောင်ပံကြီးတွေနဲ့ ရှေ့ဘက်က တောင်ပံငယ်လေးတွေကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းပါ။ ထိုဒီဇိုင်းကြောင့် ဝေဟင်တိုက်ပွဲအများစု ဖြစ်ပွားလေ့ရှိတဲ့ အသံနှုန်းဝန်းကျင်တိုက်ပွဲတွေမှာ တခြားလေယာဉ်တွေထက် ပိုပြီး လျင်မြန်ဖျတ်လတ်စွာကွေ့ပတ်စစ်ကစားနိုင်ပါတယ်။ NATO တပ်ဖွဲ့ဝင်နိုင်ငံများရဲ့ လေတပ်တွေမှာ ဒီလေယာဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာကလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ။
