“ရဲရင့်သူတို့၏ ဂုဏ်ယူဖွယ်ရာ အိမ်အပြန်ခရီး”
Posted_Date
Image
Body
“ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့်ယောကျ်ားမြတ်ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့” စစ်သည်တော်ဟောင်းတစ်ဦး၏ မရိုးနိုင်သော စကားတစ်ခွန်းဖြစ်သည်။
ထိုစကားတစ်ခွန်းတွင် တပ်မတော်သား တစ်ဦးဖြစ်ရခြင်း၏ အနှစ်သာရနှင့် အဓိပ္ပာယ်များ ပေါင်းစပ်ပါဝင်နေသည်။ ယခုဆိုလျှင် ယောကျ်ားကောင်း ယောကျ်ားမြတ်ဖြစ်စေနိုင်သော ထိုကျောင်းကြီးများမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
အမိနိုင်ငံတော်အား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် နိုင်ငံသား တိုင်း၏တာဝန်ဖြစ်သည်ကို နားလည်ခံယူထားကြသူများဖြစ်သည်နှင့်အညီ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ကြခြင်းကြောင့် ထိုသားကောင်းစစ်သည် ပြည်သူ့စစ်မှုထမ်းများထဲမှပင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူး ဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦးအထိရှိပြီဟုလည်း ဂုဏ်ယူဖွယ်သိရှိရပါသည်။ လူငယ်ဆိုသည်မှာနိုးကြား၏။ တက်ကြွ ၏။ ဖျတ်ဖျတ်လတ်လတ်ရှိ၏။ ရိုးသား၏။ ဖြူစင်၏။ ပရိယာယ်ဝေဝုစ်ကင်း၏။ အရာရာ၌ စိတ်နှင့်ကိုယ်သည် တစ်ထပ် တည်းမျှထင်ရလောက်အောင် လှုပ်ရှား ရှင်သန်နေကြသူများဖြစ်၏။
နိုင်ငံရေးအရ မင်းသားကြီးမလုပ်ရ၍ ပတ်မကြီးထိုးဖောက်လိုသော သန္ဓေမမှန်သည့်နိုင်ငံရေးသမားတချို့က လူငယ်တို့၏ ရိုးသားဖြူစင်မှုနှင့် နိုးကြားတက်ကြွမှုကို တလွဲဆံပင်ကောင်းအသုံးချ၍ လမ်းမှား သို့ရောက်စေခဲ့ကြသည်။ သို့ဖြင့် တိုင်းပြည်၏ အဖူးအညွန့်များဖြစ်ကြသော လူငယ်များစွာမှာ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေများ၌ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ် ဘဝဖြင့် ထမင်းစားကျွန်ခံဇာတ်သိမ်းနေကြရသည်။ အချို့သောတိုင်းရင်းသား လက်နက်ကိုင်များနှင့် အကြမ်းဖက် သောင်းကျန်းသူများအတွက် အကြမ်းဖက် စစ်ပွဲများတွင် ရှေ့ဆုံးမှအဓိပ္ပာယ်မဲ့အသက် စွန့်တိုက်ခိုက်ပေးနေရသည်။ အကြမ်းဖက် သောင်းကျန်းသူများ၏ နောက်မြီးဆွဲ PDF များအဖြစ် ကျင်လည်နေကြရသည်။
သူတို့ လက်ချက်ဖြင့် မြို့ရွာများပျက်စီးခြင်း၊ ဒေသခံပြည်သူများ အတိဒုက္ခရောက်ရခြင်းများကို အောင်မြင်မှုအသီးအပွင့်အဖြစ် လွဲမှားစွာကြွေးကြော်နေကြရသည်။ စေ့စေ့တွေးကြည့်လျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သွေးဆောင်မှုဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေကြသော PDF များနှင့် လမ်းမှားရောက်နေသော လူငယ်များ၏အဖြစ်မှာ သားတစ်သာမြင်၍ ကျော့ကွင်းမမြင်ကြသူများနှင့် ပုံပမာတူသည်။ စင်စစ် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသော အကြမ်းဖက်သောင်းကျန်းသူများမှာ နောက်မြီးဆွဲ PDF များကို ခုတုံးလုပ်၍ ‘‘မျောက်မြီးနှင့် မျောက်ချည်’’နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံတော်နှင့် ပြည်သူ့အတွက် ဆိုသော စကားလုံးများကို တွင်တွင်ဟစ်နေကြသော်လည်း လက်တွေ့တွင်မူ နိုင်ငံတော်နှင့်ပြည်သူ့အကျိုး ပျက်စီးရာပျက်စီးကြောင်းများကိုသာ ထပ်ပြန်တလဲလဲကျူးလွန်နေကြသူများဖြစ်သည်။ ၎င်းတို့လွှမ်းမိုးခြယ် လှယ်ထားသော အရပ်ဒေသမှတိုင်းရင်း သားများ၏ ဘဝမှာတောင်ယာရှင် မျောက် မောင်းခံရသည့်နှယ်ဖြစ်နေကြရရှာသည်။ သူခိုးက လူပြန်ဟစ်ခြင်းကို ခံနေကြရရှာသည်။ မသိနိုးနား နိုင်ငံရေးအပါးမဝသောလူငယ်များအပေါ် အမြတ်ထုတ်နေသည်မှာ ရင်နာဖွယ်ကောင်းလှသည်။ တစ်တော တစ်ကြက်ဖတွန်၍ သေနတ်ပြောင်းဝ၌ အာဏာတည်သော သူတို့လောကတွင် ‘‘အကန်းထဲမှာ မျက်ကန်းကလူမော်’’လုပ်နေ ကြသည်ကို ရှင်းရှင်းပြတ်ပြတ်သိမြင်ကြဖို့လိုပါသည်။
တစ်ဖက်တွင်မူ နိုင်ငံ့သားကောင်း ရတနာလေးများသည် တပ်မတော်၏ စနစ်တကျဖွဲ့စည်းထားသော လေ့ကျင့်ရေး ကျောင်းအသီးသီး၌ စစ်ပညာရပ်များကို အပတ်တကုတ်ကြိုးစား သင်ယူကြလျက်ရှိသည်။ စစ်နည်းဗျူဟာဘာသာရပ်များ၊ လက်နက်နည်းပညာဆိုင်ရာ ဘာသာရပ်များ၊ ကြံ့ခိုင်မှုဆိုင်ရာ ဘာသာရပ်များ၊ ခေါင်းဆောင်မှုဆိုင်ရာ ဘာသာရပ်များ၊ စစ်စည်းကမ်းနှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များ၊ အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များ အစရှိသည့် ယောကျ်ားကောင်း ယောကျ်ားမြတ်ဖြစ်စေနိုင်သော သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်လျက်ရှိသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ၎င်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် အလေးအနက်ထား သင်ကြားနေကြခြင်းဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် အပင်ပန်းအဆင်းရဲခံ၍ ဇွဲနပဲဖြင့် သင်ကြားနေကြခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းလူငယ်များ၏ ရည်ရွယ်ချက်မှာ PDF အကြမ်းဖက်သမားများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဟု ဆိုရလိမ့်မည်။ လူချင်းတူသော်လည်း အသက်ရှူပုံချင်းကွဲသည်ဟု ဆိုရလိမ့်မည်။ ငယ်စဉ်က သင်ကြားခဲ့ရသည့် ကျေးညီနောင်ပုံပြင်ကိုပင် ပြန်၍အမှတ်ရဖွယ်ဖြစ်သည်။ သူတော်ကောင်းတို့၏အေးရိပ်၌ ခိုလှုံခွင့် ရသောကျေးသားနှင့် ခိုးသားဓားပြတို့ လက်တွင် ကြီးပြင်းရသော ကျေးသားမှာ ညီရင်းအစ်ကိုပင်ဖြစ်လင့်ကစားမနှိုင်းသာ မယှဉ်သာအောင် ကွာခြားနေပုံမျိုးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများနှင့် PDF အကြမ်းဖက်သမားများမှာ လည်း ထိုနည်းတူပင်ဖြစ်သည်။ လူငယ်များ၏စွမ်းပကားသည် နိုင်ငံတော် ၏အားများပင်ဖြစ်ပါ၏။
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန် များကို ပခုံးပြောင်းတာဝန်ယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင် ရွက်သွားကြရမည့်သူများဖြစ်သည်။ ထို့ကြောင့် လူငယ်တိုင်းလူငယ်တိုင်းသည် နိုင်ငံတော်အတွက် သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ဟု ဆိုရလောက်အောင် ထူးမြတ်သောသားကောင်းများ ဖြစ်ကြရန် လိုသည်။ နိုင်ငံတော်က မိမိတို့အပေါ် ပေးအပ်လိုက်သည့်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်လိုသည့် သန္နိဋ္ဌာန်စိတ်ရှိဖို့ လိုအပ်ပါသည်။ ကုန်ကုန်ဆိုရပါလျှင် ‘‘တာဝန်သိစိတ်’’ ရှိရုံမျှဖြင့်ပင် လုံလောက်သေးသည် မဟုတ်ပါ။ ‘‘တာဝန်ယူလိုစိတ်’’ ပြင်းပြင်းပြပြ ထက်ထက်သန်သန်ရှိနေရန်လည်း လိုပါသည်။
ကိုယ်လုပ်နေသည့်အလုပ်၊ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်တိုင်းကိုယ့်ပြည်တွင် ကိုယ်နှင့်သက်ဆိုင်သည့် တာဝန်များစွာ ရှိနေပါသည်။ ထိုသို့ ယူသင့်ယူအပ်သည့်တာဝန်များကို ကိုယ့်သဘောနှင့်ကိုယ်ယူပြီး ဆောင်ရွက်တတ်သူများကို ‘‘လူ့အဖိုးတန်’’ ဟု လူ့အဖွဲ့အစည်းက သတ်မှတ်လေ့ရှိပါ၏။ သာမန်လူတစ်ယောက်အတွက် ဘဝမှာအရေးအကြီးဆုံးအရာကိုပြပါဆိုလျှင် သူတို့၏ဘဝကိုသာ ပြဆိုမည်ဖြစ်သော်လည်း တပ်မတော်သားတစ်ယောက်အတွက်မူ ဘဝတွင် အရေးအကြီးဆုံးအရာ ဆိုသည်မှာ သူ့နိုင်ငံတော်ကို ကာကွယ်ရန်ပင်ဖြစ်ပါသည်။
သူ၏အမွန်မြတ်ဆုံးသောတာဝန်လည်း ဖြစ်ပါသည်။ ယခုဆိုလျှင် ထိုမွန်မြတ်သောတာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသားကောင်း စစ်သည်များမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)နှင့်(၂)တို့မှာ သတ်မှတ်ကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပြည်သူ့ စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို အခမ်းအနားများဖြင့် ချီးမြှင့်ပေးအပ်၍ နေရပ်ဒေသအသီးသီးရှိ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီးဖြစ်ပါသည်။
၎င်းတို့၏ အိမ်အပြန်ခရီးမှာ နိုင်ငံသားတစ်ယောက် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် မိမိအလုပ်အပေါ် ဂုဏ်ယူမြတ်နိုးစိတ်၊ နှစ်သက်ကြည်နူးစိတ်တို့နှင့်အတူ မိသားစုနှင့် ပြန်လည်ဆုံဆည်းရသည့်အတွက် ဝမ်းသာပျော်ရွှင်မှုတို့သည်လည်း အတိုင်းမသိ ပြည့်လျှမ်း၍ နေပါလိမ့်သည်။ ထိုထိုသော သားကောင်းစစ်သည်တို့၏ ဂုဏ်ယူဖွယ်ရာ အိမ်အပြန်ခရီးကို မိဘဆွေမျိုးများသာမက ဒေသခံပြည်သူများကပါ ဝမ်းပန်းတသာလှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြသည့် မြင်ကွင်းပုံရိပ်များကို ဆိုရှယ်မီဒီယာလူမှုကွန်ရက် အသီးသီးတွင် ကြည်နူးဖွယ်တွေ့မြင်နေရသည်မှာလည်း ပကတိအရှိတရားတစ်ခုပင်ဖြစ်ပါသည်။
နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့မှုအပေါ် ၎င်းတို့၏မိသားစုဝင်များသာမက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများကလည်း အထူးပင် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ကြရသည်။ ထို့အတွက် ကြိုတင်တိုင်ပင်ထားကြရသည်မဟုတ်ပါဘဲ ရင်တွင်းဆန္ဒကိုယ်စီဖြင့် လှိုက်လှဲဝမ်းသာကြိုဆိုကြပုံများမှာ နံဘေးမှ မြင်တွေ့ရသူများအဖို့ပင် ကြည်နူးဖွယ်ကောင်းလှပါသည်။ သူတို့တစ်တွေ၏ ဝမ်းသာပျော်ရွှင်မှု၊ ကြည်နူးပီတိဖြစ်ရမှုများကို ကူးစက်ခံစားရစေပါသည်။ ဒေသခံပြည်သူတို့ကလည်း မိမိတို့၏ တူသားနောင်မယ်များသဖွယ် ဂုဏ်ပြုပန်းခြင်းများ၊ အောင်သပြေအောင်ပန်းများဖြင့် သောင်းသောင်းဖြဖြကမ်းလှမ်း ကြိုဆိုကြပါသည်။ ချီးမြှင့်ငွေများအပ်နှင်းကြပါသည်။ ထိုမျှမကသေး အိုးစည်ဒိုးပတ်များ၊ အတီးအမှုတ်အကအခုန်များဖြင့်ပါ ပျော်ပျော်ပါးပါး ဂုဏ်ပြုကြိုဆိုကြပါသေးသည်။ သူတို့တတွေ၏ အပြုံး မျက်နှာများများတွင် ဂုဏ်ယူမဆုံးသော ခံစားချက်ပုံရိပ်များကိုလည်း အထင်းသား တွေ့မြင်နေရပါသည်။
ပြည်သူ့စစ်မှုထမ်းများ၏ ခံစားခွင့်များကိုကြည့်လျှင် စစ်မှုထမ်းဆောင်ဆဲကာလနှင့် စစ်မှုထမ်းဆောင်ပြီးကာလဟူ၍ နှစ်ပိုင်း တွေ့နိုင်ပါသည်။ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက်လစာနှင့် စရိတ်အတိုင်း ခံစားခွင့်ရရှိစေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ယင်းတာဝန်ထမ်းဆောင်နေသည့်ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပါသည်။ ပြည်သူ့စစ်မှုထမ်းကာလ ပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူအလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်ဖြစ်ပါသည်။
သတ်မှတ်ကာလပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူတစ်ဦးသည် မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်မှုထမ်းခွင့် ပြုနိုင်ပါသည်။ ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူ များနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း သိရပါသည်။ စစ်မှုထမ်းဆောင်ပြီးကာလအနေဖြင့် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများသည် ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်သို့ အလားတူ ရာထူးအတိုင်းပြန်လည်ခန့်အပ်ခံကြရပြီး နိုင်ငံတော်က ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်ပါသည်။ ယခင်အလုပ်အကိုင်မရှိသူများ အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍ ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်တွင်း/ ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု သိရပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ ပြည်ပကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့်၎င်းတို့ ၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်နိုင်ရန် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဖွဲ့စည်းထားပြီး ၎င်းစီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီငါးခုဖွဲ့စည်း၍ စီမံဆောင်ရွက်နေခြင်းဖြစ်ပါ သည်။ စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာသင်တန်းများ ပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာဌာနအသီးသီးနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တက်ညီလက်ညီ စီမံဆောင်ရွက်ပေးလျက်ရှိသည်မှာ များစွာ အားတက်ဖွယ်ဖြစ်ရပါသည်။
ဤသည်တို့မှာ နိုင်ငံတော်ကလိုအပ်သည့်အချိန်တွင် မိမိအသက်နှင့်ခန္ဓာကို ပဓာနမထားဘဲ တစ်သားတည်းပါဝင် ပေါင်းစပ်ခဲ့သူတို့အတွက် နိုင်ငံတော်နှင့် တပ်မတော်မှလည်း တန်ဖိုးထားလေး စားဂုဏ်ယူလျက်ရှိကြောင်း ဖော်ညွှန်းပြဆိုနေသည့် ပြယုဂ်များပင်ဖြစ်ပါသည်။ မေတ္တာနှင့်ယှဉ်သော အပြန်အလှန်ကျေးဇူးတုံ့တင်သည့် မင်္ဂလာရှိသောမြင်ကွင်းများပင်ဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းလူငယ်တစ်ဦးတစ်ယောက်ချင်းစီမှာ နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သည့် ကျောက်ကောင်းကလေးများပင် ဖြစ်ကြပါသည်။
သားကောင်းတစ်ယောက်ကျောက်ကောင်း တစ်စေ့ဆိုသည့်အတိုင်း နိုင်ငံ၏လက်ရုံး၊ နိုင်ငံ၏ပခုံး၊ နိုင်ငံ၏စွမ်းပကားများပင် ဖြစ်ကြပါသည်။ ပြည်သူ့ရင်မှဖြစ်သော ပြည်သူ့သား ကောင်းစစ်သည်တို့သည် သံတောင်ကြီး နဲ့ကျောက်ထီးပမာ တညီးညီးတပြောင်ပြောင်တောက်လောင်နေသည့် နေရောင်ကိုလည်း မမှု၊ မီးအရှိန်ကိုလည်း မဖြုံ၊ တကယ့်ကို နိုင်ငံတော်လုံခြုံစိတ်ချရအောင် အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ “သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစ်စစ်တစ်မက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်ရည်၍၊ ဦးလည်မသုန်” တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ကျားကိုခလုတ်၊ သစ်ငုတ်သင်ဖြူး၊ ဆူးကိုမွေ့ယာ ပမာသဘောထား၍ အမိနိုင်ငံတော်၏ ပိုင်နက်နယ်မြေအနှံ့ခရီး ဆန့်ခဲ့ကြသူများ ဖြစ်ပါသည်။
သို့နှယ် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကြီးလေးမွန်မြတ်သော တာဝန်ဝတ္တရားများကို ဦးဆွေးဆံမြည့်ထမ်းဆောင်ခဲ့ကြသည့် တိုင်းပြည်၏သားကောင်းရတနာများအား တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက နှစ်ထောင်းအားရ ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုနေကြပုံများမှာ အားတက်ဖွယ်၊ ဂုဏ်ယူ ဖွယ်၊ လှိုက်လှဲကြည်နူးဖွယ် ကောင်းလှပါသည်။
နိုင်ငံတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့ ကလည်း ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးတက် မြင့်မားရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိသည်မှာ အခြားသော လူငယ်များအဖို့ အား ကျဂုဏ်ယူဖွယ် ကောင်းလှပါသည်။ အနှစ်ချုပ်ဆိုရပါသော် ရဲရင့်သူတို့၏ ဂုဏ်ယူဖွယ်ရာ အိမ်အပြန် ခရီးမှာ နိုင်ငံတော်နှင့် ပြည်သူတို့၏ မေတ္တာ၊ စေတနာမိုးတို့ သွန်ဖြိုးစွေရွာလျက် ကောင်းခြင်းအဖြာဖြာ မင်္ဂလာအပေါင်းတို့နှင့် ပြည်လျှမ်း၍ နေပါတော့သတည်း။ ။
MWD
