ပြည်သူ့ဘဝလုံခြုံရေးကို အာမခံမည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေသစ်

Posted_Date

Image

ပြည်သူ့ဘဝလုံခြုံရေးကို အာမခံမည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေသစ်

Body

      ယနေ့ခေတ်ကာလမှာ နည်းပညာတွေ အရှိန်အဟုန်နဲ့တိုးတက်လာတာနဲ့အမျှ  ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့  နေ့စဉ်လူမှုစီးပွားဘဝတွေအပြင် ကမ္ဘာကြီးတစ်ခုလုံးရဲ့  လည်ပတ်မှုစနစ်တွေအထိ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်ကွန်ရက်တွေအပေါ်မှာ အပြည့်အဝမှီခိုနေရတဲ့အခြေအနေကို ရောက်ရှိလာနေပါတယ်။ နည်းပညာရဲ့ တိုးတက်မှုကနေ လျင်မြန်မှု၊ အဆင်ပြေလွယ်ကူမှုစတဲ့ အကျိုးကျေးဇူးကောင်းတွေ အများကြီးရရှိလာပေမယ့်လည်း တစ်ဖက်မှာတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ၊   အန္တရာယ်တွေကလည်း   ဒွန်တွဲပြီးပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအန္တရာယ်တွေထဲမှာမှ အဆိုးရွားဆုံးနဲ့ အများဆုံးကြုံတွေ့နေရတာကတော့ အွန်လိုင်းကနေ တစ်ဆင့် လိမ်လည်လှည့်ဖြားတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ(Cyber Scams)ပဲ ဖြစ်ပါတယ်။

အခုဆိုရင်  ဒီလိုအွန်လိုင်းလိမ်လည်မှုတွေဟာ သာမန်ပြဿနာအဆင့်ကနေ  ကျော်လွန်သွားပြီး ကမ္ဘာတစ်ဝန်းလုံးမှာ အမြန်ဆုံးကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုလိုမျိုး အလွန်ဆိုးရွားစွာ ဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်။ ဒီဆိုက်ဘာရာဇဝတ်ကောင်တွေဟာ ပြည်သူလူထုရဲ့ နိစ္စဓူဝပင်ပန်းဆင်းရဲစွာ ရှာဖွေစုဆောင်းထားရတဲ့ ချွေးနှဲစာငွေကြေးတွေကို မသမာတဲ့နည်းလမ်းပေါင်းစုံနဲ့   လိမ်လည်ယူငင်နေကြရုံသာမကဘဲ ပြည်သူတွေရဲ့ အေးချမ်းတဲ့ လူမှုစီးပွားဘဝတွေနဲ့ အသက်အန္တရာယ်ကိုပါ ပြိုလဲသွားအောင် ကြီးမားစွာခြိမ်းခြောက်ဖျက်ဆီးလာနေပြီဖြစ်ပါတယ်။

ဒီလိုမျိုးပြည်သူတွေအနေနဲ့ အွန်လိုင်းပေါ်မှာငွေလိမ်ခံရပြီး   နစ်နာဆုံးရှုံးနေရတဲ့   ဆိုးရွားတဲ့ အခြေအနေတွေကို   နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လိုမှလျစ်လျူရှုပြီး   လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။   ဒါကြောင့်လည်း   ပြည်သူတွေထပ်မံမနစ်နာရအောင်နဲ့  အွန်လိုင်းပေါ်မှာ  လုံခြုံ စိတ်ချရအောင်  နိုင်ငံတကာအဆင့်မီခိုင်မာတဲ့ ကာကွယ်တားဆီးရေး ယန္တရားတစ်ခုကို အချိန် နှောင့်နှေးကြန့်ကြာမှု လုံးဝမရှိစေဘဲ အမြန်ဆုံးနဲ့အထိရောက်ဆုံးဖြစ်အောင် အထူးဦးစားပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ 

ဒီလိုမျိုး  ပြည်သူလူထုရဲ့   အကျိုးစီးပွားကို အမှန်တကယ် အလေးထားပြီး ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတဲ့ သက်သေတစ်ခုအနေနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေ ဆိုတဲ့ ဥပဒေသစ်တစ်ခုကို မူကြမ်းရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာတွေ၊ မီဒီယာတွေကနေ အများပြည်သူသိအောင်    တရားဝင်မိတ်ဆက်ထုတ်ပြန်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီဥပဒေထဲမှာ ဘာတွေပါဝင်သလဲဆိုတာကို ကြိုတင်ဖတ်ရှုလေ့လာပြီး အကျိုးရှိမယ့် အကြံဉာဏ်တွေနဲ့ သဘောထားမှတ်ချက်တွေကို    ပြည်ထောင်စုလွှတ်တော်ရုံးဆီ  တိုက်ရိုက်လိပ်မူပေးပို့နိုင်အောင် အစိုးရအနေနဲ့    အခုလိုပွင့်လင်းမြင်သာမှုရှိရှိ ကြိုတင်အသိပေးထားခြင်းဖြစ်ပါတယ်။

တကယ်တော့    ဒီလိုအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေကြမ်းကြီး   ပေါ်ထွက်လာတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဆိုက်ဘာရာဇဝတ်ကောင်တွေရဲ့ ရန်ကနေ  အပြည့်အဝကာကွယ်ပေးနိုင်ဖို့အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ဒါဟာ  ကမ္ဘာ့နိုင်ငံတွေအလယ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးစနစ် အဆင့်အတန်းဟာ ဘယ်လောက်အထိ ခိုင်မာအားကောင်းနေပြီလဲဆိုတာကို ပြသနိုင်မယ့် အလွန်ကိုအရေးပါပြီး သမိုင်းဝင်လှတဲ့ ခြေလှမ်းသစ်တစ်ရပ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

ဒီဥပဒေကြမ်းထဲမှာ   ရေးဆွဲပြဋ္ဌာန်းထားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို သေချာဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင်    ပြည်သူတွေအနေနဲ့ နေ့စဉ်အသုံးပြုနေတဲ့   အွန်လိုင်းငွေပေးချေမှုစနစ် တွေ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို    အသုံးပြုတဲ့အခါမှာ လိမ်လည်ခံရမလားဆိုတဲ့   စိုးရိမ်ပူပန်မှုတွေ လုံးဝမရှိတော့ဘဲ ရဲရဲဝံ့ဝံ့နဲ့စိတ်ချလက်ချ အသုံးပြု နိုင်အောင်ဥပဒေအရ အခိုင်အမာ အကာအကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြစ်မှုကျူးလွန်တဲ့ လိမ်လည်သူတွေကို ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူရုံနဲ့ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ပြည်သူတွေလိမ်လည်လှည့်ဖြားမှုထပ်မခံရစေဖို့အတွက်ဘယ်လိုအရာတွေကို သတိထားရမယ်ဆိုတဲ့ ကြိုတင်ကာကွယ်ရေး အသိပညာပေးအစီအစဉ်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။   ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာမှာလည်း လိမ်လည်သူတွေဝင်ရောက်မလာနိုင်အောင်  အစိုးရကိုယ်တိုင်က အနီးကပ်ကြီးကြပ်ပြီး    တားဆီးပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ့် အစီအမံကောင်းတွေ အများကြီးပါဝင်နေတဲ့အတွက် ဒီဥပဒေသစ်ကြီးဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ်ပေးမယ့် တကယ့်ကိုစစ်မှန်တဲ့ ဒစ်ဂျစ်တယ် အမိုးအကာ တစ်ခု အသေအချာကို ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။

ဥပဒေဆိုတာ    ပြစ်မှုဖြစ်မှအရေးယူဖို့ထက် ကြိုတင်ကာကွယ်ဖို့ကပိုအရေးကြီးတဲ့အတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းရဲ့အခန်း(၇)မှာ  ပြည်သူတွေရဲ့ ငွေကြေးတွေကို ဆိုက်ဘာရာဇဝတ်ကောင်တွေ   မခိုးယူနိုင်အောင် ခိုင်မာတဲ့ကြိုတင်ကာကွယ်ရေး    အစီအမံတွေ အထူးထည့်သွင်းထားပါတယ်။   ဥပမာအားဖြင့် Mobile Pay အကောင့်ဖွင့်ရာတွင် မှတ်ပုံတင်မူရင်းနဲ့ တိတိကျကျ   စစ်ဆေးစေတာ၊   သံသယဖြစ်ဖွယ် ငွေလွှဲမှုတွေကို  ဘဏ်တွေကနေ ဗဟိုဌာနဆီကို ချက်ချင်းသတင်းပို့စေတာမျိုးတွေ လုပ်ဆောင်စေမှာပါ။   အဓိကအားဖြင့် လိမ်လည်သူတွေ လက်နက်သဖွယ်သုံးလေ့ရှိတဲ့     တရားမဝင်ဆင်းကတ်၊ ဆင်းဘောက်စ်  (SIM Box) တွေနဲ့  အကောင့်တုတွေကို စနစ်တကျပြတ်ပြတ်သားသား ပိတ်ဆို့သွားမှာဖြစ်လို့  ရာဇဝတ်ကောင်တွေအနေနဲ့ ခြေရာဖျောက်ဖို့ အလွန်ခက်ခဲသွားမှာပဲဖြစ်ပါတယ်။

ဒါဟာပြည်သူတွေနေ့စဉ်အသုံးပြုနေတဲ့ နိုင်ငံရဲ့အွန်လိုင်းစနစ်တစ်ခုလုံးကို အညစ်အကြေး ကင်းစင်ပြီး သန့်စင်သွားအောင် လုပ်ဆောင်ပေးမယ့် နိုင်ငံတော်အကြီးအကဲရဲ့ ကြီးမားကျယ်ပြန့်လှတဲ့အမြော်အမြင်နဲ့ ပြည်သူ့အပေါ်ထားရှိတဲ့ စေတနာကို အထင်အရှားတွေ့မြင်ရခြင်းလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ပြည်သူလူထုရဲ့ ချွေးနှဲစာတွေ မဆုံးရှုံးစေဖို့အတွက် စောင့်ကြည့်တားဆီးခြင်းအပိုင်းမှာလည်း နိုင်ငံတော်ဗဟိုဘဏ်လုပ်ငန်းတွေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကို ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ချိတ်ဆက်ပူးပေါင်းစေခဲ့ပါတယ်။ ဒီလိုအချိတ်အဆက်မိမိနဲ့  ပူးပေါင်းဆောင်ရွက်စေတဲ့ အတွက်ကြောင့် မသင်္ကာစရာ၊ သံသယဖြစ်ဖွယ်ကောင်းတဲ့ ငွေကြေးစီးဆင်းမှုတွေအပြင်   ပြည်သူတွေကို   လှည့်ဖြားလိမ်လည်နေတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတို(SMS)တွေ   ပေးပို့တာတွေကိုပါ   လမ်းခုလတ်မှာတင် စနစ်တကျအချိန်နဲ့တစ်ပြေးညီ   စောင့်ကြည့်ပြီး ထိထိရောက်ရောက်   တားဆီးဟန့်တား ပေးသွားတော့မှာဖြစ်ပါတယ်။ 

ဆိုက်ဘာလိမ်လည်မှုတွေကို အမြစ်ပြတ်တိုက်ဖျက်နှိမ်နင်းရာမှာ   အရင်ကတည်းက ကျွန်တော်တို့အတွက် အဓိကအဟန့်အတားကြီး တစ်ခုဖြစ်နေခဲ့တာကတော့  သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေအကြားမှာ သတင်းအချက်အလက် စီးဆင်းမှုနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတာပဲဖြစ်ပါတယ်။  အခုအသစ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းရဲ့   အခန်း (၈)  သတင်းအချက်အလက်ဖလှယ်ခြင်း   ကဏ္ဍဟာဆိုရင်  အဲဒီလို ယခင်ကရှိခဲ့တဲ့ဟာကွက် အားနည်းချက်တွေအားလုံးကို အလုံးစုံချေဖျက်ပေးလိုက်မယ့် အရေးကြီးဆုံးအခန်းတစ်ခန်းဖြစ်လာမှာပါ။

လက်တွေ့မြေပြင်မှာဆိုရင် လိမ်လည်သူဆိုက်ဘာရာဇဝတ်ကောင်တွေဟာ   သူတို့ရဲ့ ကွန်ရက်တွေကို စက္ကန့်နဲ့အမျှ   အမြဲတမ်းပြောင်းလဲလှည့်စားပြီး ပြစ်မှုတွေကိုလျင်လျင်မြန်မြန်  ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ အစိုးရဌာနတွေ၊  ဘဏ်နဲ့ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းတွေ၊  အီလက်ထရွန်နစ်ငွေပေးချေမှု ဝန်ဆောင်မှုပေးသူတွေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေ၊    အင်တာနက် ဝန်ဆောင်မှုပေးသူတွေ အားလုံးကြားမှာ  သံသယဖြစ်ဖွယ်အကောင့်တွေနဲ့ ငွေကြေးစီးဆင်းမှုသတင်းအချက်အလက်တွေကို ဗဟိုဒေတာစနစ်(Centralized Database)ကနေတစ်ဆင့်   လျှပ်စီးလက်သလို မြန်မြန်ဆန်ဆန် ချိတ်ဆက်ဖလှယ်နိုင်ခြင်းဟာ   ဒီတိုက်ပွဲကို အောင်ပွဲခံနိုင်ရေးအတွက်       အဓိကအကျဆုံး သော့ချက်ပဲဖြစ်ပါတယ်။ 

အွန်လိုင်းလိမ်လည်မှုတစ်ခုဖြစ်ပွားပြီဆိုတာနဲ့   တစ်ပြိုင်နက်တည်းမှာပဲ   ပြည်သူတွေရဲ့အဖိုးတန်လှတဲ့ ငွေကြေးတွေ    ဆက်လက်မဆုံးရှုံးရအောင် အရေးပေါ်ကာကွယ်ပေးမယ့် စနစ်တစ်ခုကို ဒီဥပဒေမှာ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားပါတယ်။ အရင်ကလိုမျိုး ဌာနတစ်ခုနဲ့တစ်ခုကြားမှာ အချိန်ဆွဲကြန့်ကြာနေတာမျိုး လုံးဝမရှိစေတော့ဘဲ ပြစ်မှုဖြစ်ပွားတာကို ိသိချင်းမှာပဲ  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဗဟိုဘဏ်၊ ပုဂ္ဂလိကငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေအားလုံးဟာ အချိတ်အဆက်မိမိ အတူတကွပူးပေါင်းပြီး သတင်းအချက်အလက်တွေကို  အနီရောင်အဆင့်အရေးပေါ်စနစ်   (Red Alert)သဖွယ်   အထူးသတ်မှတ်ကာ အပြန်အလှန်လျင်လျင်မြန်မြန်    ချိတ်ဆက်ဖလှယ်ကြမှာဖြစ်ပါ တယ်။ 

သာမန်အားဖြင့် ရာဇဝတ်ကောင်လိမ်လည်သူတွေရဲ့ထုံးစံက ပြည်သူတွေဆီကနေ လိမ်လည်လို့ရလိုက်တဲ့ ငွေကြေးတွေကို အကောင့်တစ်ခုကနေ နောက်ထပ်အကောင့်တစ်ခုဆီကို   စက္ကန့်ပိုင်း အတွင်း    အဆင့်ဆင့်လွှဲပြောင်းပြီး   ခြေရာဖျောက်တတ်ကြပါတယ်။   ဒါပေမဲ့ အခုလိုမျိုး သက်ဆိုင်ရာဌာနပေါင်းစုံက ဗဟိုဒေတာစနစ်ကနေတစ်ဆင့်   လျှပ်စီးလက်သလို   အလွန်မြန်ဆန်သွက်လက်တဲ့   အချိတ်အဆက်တွေနဲ့   အချိန်နဲ့တစ်ပြေးညီ   စောင့်ကြည့်လုပ်ဆောင်လိုက်တဲ့ အတွက်ကြောင့် လိမ်လည်သူတွေအနေနဲ့ ငွေကြေးတွေကို သူတို့လိုသလို ဆက်လက်လွှဲပြောင်းခွင့် လုံးဝမရနိုင်တော့ဘဲ လမ်းခုလတ်မှာတင် ချက်ချင်းဖြတ်တောက် ဟန့်တားပစ်နိုင်မယ့်  အားထားလောက်စရာ  ကာကွယ်ရေးလုပ်ငန်းစဉ်ကြီး တစ်ခုကို နိုင်ငံတော်အစိုးရက ပြည်သူ့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတဲ့ အချက်ကတော့ ဒီအခန်းမှာပါဝင်တဲ့ သတင်းအချက်အလက်ဖလှယ်ခြင်း လုပ်ငန်းစဉ်တွေဟာ ပြည်တွင်းမှာတင် ရပ်တန့်နေမှာမဟုတ်ပါဘူး။     နိုင်ငံတကာရဲတပ်ဖွဲ့တွေ၊ ဒေသတွင်း ဆိုက်ဘာလုံခြုံရေး ဗဟိုဌာနတွေနဲ့ပါ အချိန်နဲ့တစ်ပြေးညီ လျင်လျင်မြန်မြန် ချိတ်ဆက်သတင်းဖလှယ်နိုင်ဖို့အတွက် ခိုင်မာတဲ့လမ်းကြောင်းတွေ ဖွင့်လှစ်ပေးထားပါတယ်။

ဒီဥပဒေကြမ်းရဲ့  အသက်သွေးကြောလို့တင်စားခေါ်ဝေါ်ရမယ့် အခန်း (၉) ငွေကြေးစီးဆင်းမှုကို ယာယီဆိုင်းငံ့ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း ကဏ္ဍမှာဆိုရင် ပြည်သူတွေအတွက် အလွန်အားရကျေနပ်စရာကောင်းတဲ့ အချက်တွေကို ထည့်သွင်းပြဋ္ဌာန်းပေးထားပါတယ်။ အရင်ကဆိုရင် ငွေလိမ်ခံရပြီဆိုတာနဲ့   တရားရုံးလုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို အချိန်ကုန်ခံ စောင့်ဆိုင်းနေရတဲ့အတွက် ပြည်သူတွေရဲ့ ငွေကြေးတွေဟာ လိမ်လည်သူတွေလက်ထဲကို အလွယ်တကူ ရောက်ရှိသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ယခုဥပဒေသစ်မှာတော့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခံရကြောင်း   တိုင်ကြားချက်ရရှိတာနဲ့ဖြစ်စေ၊   ဒါမှမဟုတ်  သံသယဖြစ်ဖွယ်   ငွေကြေးလွှဲပြောင်းမှုတွေကို   ဘဏ်တွေကစိစစ်တွေ့ရှိတာနဲ့ဖြစ်စေ  ရှုပ်ထွေးတဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း စောင့်ဆိုင်းနေစရာ လုံးဝမလိုတော့ဘဲ သက်ဆိုင်ရာဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက အဆိုပါ ငွေစာရင်းအမှတ်ကို ၇၂ နာရီအထိ ချက်ချင်းယာယီဆိုင်းငံ့ ပိတ်သိမ်းပစ်နိုင်တဲ့ အာဏာကို ဥပဒေကြောင်းအရ     ခိုင်ခိုင်မာမာ အပ်နှင်းပေးလိုက်ပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်တိုင် ငွေလိမ်လည်တာမဟုတ်ပေမယ့် လိမ်လည်သူတ ွေငွေကြေးခဝါချနိုင်အောင် မိမိတို့ရဲ့ ဘဏ်အကောင့်နဲ့ ကတ်တွေကို အခကြေးငွေယူပြီး လွှဲပြောင်းရောင်းချပေးနေကြတဲ့ ကြားခံပွဲစားတွေ (Money Mules)   ကိုပါ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူအပြစ်ပေးသွားမယ့် ပြဋ္ဌာန်းချက်တွေလည်း ပါဝင်လာပါတယ်။ နိုင်ငံတော်အစိုးရရဲ့ အကြီးမားဆုံးသော မျှော်မှန်းချက်က ပြစ်မှုကျူးလွန်သူတွေကို လိုက်လံဖမ်းဆီးအရေးယူဖို့ သက်သက်သာမဟုတ်ဘဲ  အခုလိုချက်ချင်းယာယီဆိုင်းငံ့ထိန်းချုပ်ထားနိုင်တဲ့ ငွေကြေးတွေကို နစ်နာသူပြည်သူလူထုရဲ့ လက်ဝယ်ဆီသို့ အမြန်ဆုံးနဲ့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေအပ်နိုင်မယ့် ဥပဒေမူဘောင်တွေကိုပါ အသေးစိတ်ပြီးပြည့်စုံစွာ ထည့်သွင်းစဉ်းစား ရေးဆွဲပေးထားတာပဲဖြစ်ပါတယ်။ 

ဆိုက်ဘာရာဇဝတ်မှုတွေဆိုတာ နိုင်ငံတစ်ခုတည်းရဲ့ နယ်နိမိတ်ထဲမှာတင် ဖြစ်ပွားလေ့ရှိတာ မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ပြီး ကျူးလွန်တတ်ကြတဲ့ ပြစ်မှုကြီးတွေဖြစ်ပါတယ်။ ဒါကြောင့်  ဒီလိုဆန်းပြားတဲ့မှုခင်းတွေကို နိုင်ငံတစ်နိုင်ငံတည်းရဲ့ ကိုယ်ပိုင်အင်အားနဲ့သာ တိုက်ဖျက်နှိမ်နင်းဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူနိုင်ဘူးဆိုတာကို နိုင်ငံတော်အစိုးရက အမြော်အမြင်ကြီးမားစွာနဲ့ ကြိုတင်ရှုမြင် သုံးသပ်ထားပါတယ်။ ဒါကြောင့်လည်း ဒီဥပဒေကြမ်းရဲ့ အခန်း (၁၀) မှာဆိုရင် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊အာဆီယံရဲအဖွဲ့စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အချက်တွေကို   ဟန်ချက်ညီညီ  ပေါင်းစပ်ရေးဆွဲ ထားတာဖြစ်ပါတယ်။ 

ပြည်ပနိုင်ငံတွေ၊  နိုင်ငံတကာရဲတပ်ဖွဲ့တွေ၊ နည်းပညာအဖွဲ့အစည်းတွေနဲ့   သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ပြီး ပြစ်မှုကျူးလွန်သူတွေကို လွှဲပြောင်းရယူတာ၊ ပူးတွဲစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ကာ ဂိုဏ်းဖွဲ့လိမ်လည်နေသူတွေကို အမြစ်ပြတ်ချေမှုန်း သွားမယ်ဆိုတဲ့ အစိုးရရဲ့ပြတ်သားတဲ့ သန္နိဋ္ဌာန်ကို ကမ္ဘာသိအောင် ကြေညာလိုက်တာဖြစ်ပါတယ်။ ဒီလိုမျိုးနိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ဟန်ချက်ညီညီ တက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ တာဝန်သိစိတ်အပြည့်ရှိတဲ့ တက်ကြွလှုပ်ရှားသော အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် အခိုင်အမာရပ်တည်နေကြောင်း သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

ဒီဥပဒေကြမ်းရဲ့ အခန်း(၁၁) တားမြစ်ချက်များ အပိုင်းကို လေ့လာကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အလွန်အရေးပါတဲ့ တားမြစ်ချက်တွေကို တိတိကျကျ ထည့်သွင်းပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကအားဖြင့် အွန်လိုင်းလိမ်လည်သူတွေ   အမြဲတမ်းအသုံးပြုလေ့ရှိတဲ့ ဆင်းဘောက်စ်(SIM Box)တွေ၊ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဂြိုဟ်တုဆက်သွယ်ရေးကိရိယာတွေနဲ့ တရားမဝင်ဆော့ဖ်ဝဲလ်နည်းပညာတွေကို ခွင့်ပြုတာ၊ လက်ဝယ်ထားရှိတာနဲ့ အသုံးပြုတာတွေကို လုံးဝပြတ်ပြတ်သားသား     တားမြစ်ပိတ်ပင်ထားပါတယ်။ 

ဒါ့အပြင် ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို   အလွဲသုံးစားမလုပ်နိုင်အောင် အခြားသူတစ်ယောက်ရဲ့   နာမည်၊  မှတ်ပုံတင် အချက်အလက်တွေကိုသုံးပြီး ဆင်းကတ်ဝယ်ယူတာတွေ၊  ဘဏ်အကောင့်တွေနဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallets) တွေ ဖွင့်လှစ်တာကိုလည်း  အခိုင်အမာတားမြစ်ထားပါတယ်။   ဒီလိုတင်းကျပ်လိုက်တဲ့ တားမြစ်ချက်တွေဟာ    လိမ်လည်သူတွေရဲ့ နောက်ကွယ်ကနေ အဓိကကြိုးကိုင်လှုပ်ရှားနေကြတဲ့ အကောင့်ပွဲစားတွေနဲ့ ဆင်းကတ်မှောင်ခိုသမားတွေရဲ့ လမ်းကြောင်းတွေကို အသေအချာပိတ်ဆို့လိုက်တာဖြစ်ပြီး ပြည်သူတွေရဲ့အချက်အလက်လုံခြုံရေးကို အပြည့်အဝကာကွယ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ပိုပြီးပြည့်စုံတဲ့ ကာကွယ်မှုအနေနဲ့ ဆက်သွယ်ရေးအော်ပရေတာတွေ၊  ဘဏ်နဲ့ငွေကြေးအဖွဲ့အစည်းတွေ၊      အင်တာနက်ဝန်ဆောင်မှုပေးသူတွေ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို  ပြဋ္ဌာန်းထားတဲ့အပြင် လူတစ်ဦးကို မတရားသွေးဆောင် ခေါ်ဆောင်တာ၊ လုပ်အားခေါင်းပုံဖြတ်ပြီး အတင်းအဓမ္မခိုင်းစေတာတွေနဲ့  လူကုန်ကူးမှုနဲ့ပတ်သက်နေတဲ့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေတာတွေကိုပါ   ပြင်းပြင်းထန်ထန်   တားမြစ်ထားပါတယ်။ အထူးသဖြင့်   ဒီနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှု (Crypto Scam)တွေကိုပါ   ဘယ်သူမှကျူးလွန်ခြင်းမပြုရဆိုပြီး ဥပဒေလမ်းကြောင်းအရ အတိအလင်းကြိုတင်ထည့်သွင်းပြဋ္ဌာန်းထားတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရရဲ့  အမြော်အမြင်ကြီးမားပုံကို ထင်ရှားစွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။

 ဒီဥပဒေကြမ်းရဲ့ အခန်း (၁၂) မှာ ပြစ်မှုကျူးလွန်သူတွေကို    ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို တိတိကျကျရေးဆွဲပြဋ္ဌာန်းထားသလို အခန်း (၁၃) အထွေထွေအပိုင်းမှာဆိုရင်လည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ရှေ့တန်းကနေ    မားမားမတ်မတ် ရပ်တည်လုပ်ဆောင်ပေးနေကြတဲ့   နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကို   ဥပဒေအရအပြည့်အဝ ကာကွယ်ပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ 

အထူးသဖြင့် ပြစ်မှုတစ်ခုခုကို သံသယရှိလို့ဖြစ်စေ၊ တိုင်ကြားချက်အရဖြစ်စေ လိမ်လည်သူရဲ့ ဘဏ်ငွေစာရင်းအမှတ်ကို   ယာယီဆိုင်းငံ့ပိတ်သိမ်းပေးခဲ့တဲ့ ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေကို ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဘယ်တရားရုံးမှာမှ တရားစွဲဆိုခြင်းမခံရအောင်ဥပဒေနဲ့ အခိုင်အမာအကာအကွယ်ပေးထားတာဟာ အလွန်ပဲအားရကျေနပ်စရာကောင်းပါတယ်။

နိုင်ငံတော်အစိုးရရဲ့ အမြော်အမြင်ကြီးမားစွာ ဦးဆောင်လမ်းညွှန်မှုကြောင့် ပေါ်ပေါက်လာမယ့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေ ဟာ ပြည်သူလူထုတစ်ရပ်လုံးကို ဆိုက်ဘာရာဇဝတ်ကောင်တွေရဲ့  အန္တရာယ်ဆိုးကြီးကနေ   ရေရှည်စိတ်ချယုံကြည်စွာ    ကာကွယ်ပေးသွားမယ့် အလွန်ခိုင်မာအားကောင်းတဲ့   ဥပဒေအကာအကွယ်ကြီး တစ်ခုဖြစ်လာတော့မယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဒီဥပဒေကြမ်းမှာပါဝင်တဲ့ အနှစ်သာရတွေကို ပိုမိုလွယ်ကူစွာ သိရှိနားလည်နိုင်စေရန်နဲ့ လိုအပ်တဲ့အပြုသဘောဆောင်သော အကြံပြုချက်များရှိလာခဲ့ပါက ပြည်ထောင်စုလွှတ်တော်ရုံးထံသို့   တိုက်ရိုက်လိပ်မူပေးပို့နိုင်တဲ့အကြောင်း    နိုင်ငံ့အကျိုးနဲ့ ပြည်သူ့အကျိုးကိုရှေးရှုလျက်  လေးစားစွာဖြင့် တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။   ။

MWD