လျှပ်စစ်ဆိုင်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ပါ
Posted_Date
Image
Body
မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော လျှပ်စစ်ကြောင့်ဖြစ်ပွားသော မီးလောင်မှုများသည် အများအားဖြင့် လျှပ်စစ်ဆိုင်ရာပေါ့ဆမှုကြောင့်လည်း ဖြစ်ပွားလေ့ရှိရာ ယင်းတို့ကိုအဓိကထား၍ ကြိုတင်ကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်သည်။
လျှပ်စစ်မီးနှင့်ပတ်သက်သည့် ကာကွယ်ခြင်း
လျှပ်စစ်မီးကြောင့် မီးလောင်မှုမှာ ယခင်ကမြို့ပြများတွင်သာ အများဆုံးဖြစ်ပွားလေ့ရှိသည်။ ယခုအခါ ကျေးလက်ဒေသများတွင်ပါ လျှပ်စစ်သုံးစွဲမှုများပြားလာ၍ ပိုမိုဖြစ်ပွားလျက်ရှိသည်။
(၁) အိမ်တွင်းသုံးဝိုင်ယာကြိုးဟောင်းများ၊ စုတ်ပြဲနေသည့်ကြိုးများ၊ အရည်အသွေးမပြည့်မီသော ပစ္စည်းများကို အရည်အသွေးပြည့်မီသည့်ပစ္စည်းများဖြင့် အချိန်မီလဲလှယ်ပါ။
(၂) သတ်မှတ်ထားသောအဆင့်အတန်းရှိသည့် ဖျူးစ်များကိုသာသုံးစွဲပါ။ ဖျူးစ်ပြတ်လျှင် သတ္တုကြိုးဖြင့်ပြန်ဆက်ခြင်းကိုရှောင်ပါ။
(၃) ပလတ်ပေါက်တစ်ခုတည်းတွင် လျှပ်စစ်ပစ္စည်းများစွာကို စုပြုံတပ်ဆင်ခြင်းမျိုးကို ရှောင်ပါ။
(၄) လျှပ်စစ်မီးပူ၊ လျှပ်စစ်မီးဖို၊ လေအေးပေးစက် စသည့်လျှပ်စစ်သုံးပစ္စည်းများကို အသုံးမပြုတော့ပါက ပလတ်ဖြုတ်ခြင်း သို့မဟုတ် ပါဝါပိတ်ခြင်းမျိုး ပြုလုပ်ရန် လုံးဝမမေ့ပါနှင့်။
(၅) လျှပ်စစ်ဆိုင်ရာမီးလောင်မှုဖြစ်ပေါ်ပါက မိန်းခလုတ်ကို ချက်ချင်းပိတ်ပါ။
မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများကြောင့်ဖြစ်ပွားသော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများကြောင့်မီးလောင်မှုသည်အဖြစ်များပြီး ပေါ့ဆမှုများကြောင့်သာ ဖြစ်ပွားမှုစတင်သည်ကို တွေ့ရှိရသည်။
(၁) လျှပ်စစ်သုံးသောမီးဖိုချောင်သုံးပစ္စည်းများဖြင့် ချက်ပြုတ်နေစဉ် လျှပ်စစ်မီးဖို/ရေနွေးအိုး စသည်များကို အနီးကပ်စောင့်ကြည့်ပါ။ ခေတ္တခဏပင်ဖြစ်စေ မီးဖိုချောင်မှ အလွယ်တကူ ထွက်ခွာသွားခြင်းမျိုးကို ရှောင်ကြဉ်ပါ။
(၂) လျှပ်စစ်သုံးပစ္စည်းများဖြင့် ချက်ပြုတ်ရာနေရာ၏အနီးအနားတွင် ဆီ၊ ဓာတ်ဆီ၊ ဓာတ်ငွေ့ပိုက်များ၊ အဝတ်အထည်များကဲ့သို့ မီးလောင်လွယ်သောပစ္စည်းများကို လုံးဝမထားပါနှင့်။
(၃) လျှပ်စစ်မီးဖိုအသုံးပြုရာတွင် ကလေးများ သို့မဟုတ် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို လျှပ်စစ်မီးဖိုအနီးတွင် တစ်ယောက်တည်းမထားပါနှင့်။
ဆိုလာ၊ လီသီယမ်ဘက်ထရီနှင့်မီးဘေးအန္တရာယ်
ယနေ့ခေတ်တွင် ဆိုလာစနစ်နှင့်လီသီယမ်ဘက်ထရီ သုံးစွဲမှုမြင့်တက်လာသည်နှင့်အမျှ ၎င်းတို့ကြောင့်ဖြစ်ပေါ်နိုင်သော မီးဘေးအန္တရာယ်များကိုလည်း သတိပြုရန်လိုအပ်သည်။
(က) ဆိုလာပြားအသုံးပြုရာတွင်သတိပြုရန်
(၁) ဆိုလာပြားများနှင့် ဝိုင်ယာကြိုးများကို ကျွမ်းကျင်ပညာရှင်များဖြင့်သာ စနစ်တကျ တပ်ဆင် ခိုင်းပါ။ မလျော်ကန်သော တပ်ဆင်မှုများသည် Short Circuit ဖြစ်စေနိုင်သည်။
(၂) ကြွက်ကိုက်ခြင်း သို့မဟုတ် အပူဒဏ်ကြောင့် ဝိုင်ယာကြိုးအကာများကွာကျခြင်း၊ ပျက်စီးခြင်း ရှိ၊ မရှိကို ပုံမှန်စစ်ဆေးပါ။
(၃) လျှပ်စီးကြောင်းလွန်ကဲမှုကို ကာကွယ်ရန်အတွက် မြေစိုက်ကြိုးစနစ်ကို စံနှုန်းပြည့်မီစွာ တပ်ဆင်ထားရှိရပါမည်။
(၄) အကယ်၍ အိမ်မိုးပေါ်တွင် ဆိုလာပြား တပ်ဆင်ထားပါက မီးလောင်မှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့များသိရှိနိုင်ရန် သက်ဆိုင်ရာနေရာ၌ အမှတ်အသားတစ်ခုပြုလုပ်ထားသင့်ပါသည်။
(ခ) လီသီယမ်ဘက်ထရီအသုံးပြုရာတွင်သတိပြုရန်
လီသီယမ်ဘက်ထရီများသည် အပူလွန်ကဲပါက မီးလောင်လွယ်ပြီး မီးငြှိမ်းသတ်ရန်ခက်ခဲစေပါသည်။ယင်းတို့အား EV ကားများတွင်သာမက အိမ်သုံးပစ္စည်း၊ EV စက်ဘီး၊ Power Bank များတွင်လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါသည်။
(၁) စျေးပေါပြီးအရည်အသွေးနိမ့်သော လီသီယမ်ဘက်ထရီ သို့မဟုတ် အားသွင်းကြိုး (Chargers) များကို အသုံးမပြုပါနှင့်။ စံနှုန်းသတ်မှတ်ချက်များနှင့်ပြည့်မီသည့်ပစ္စည်းများကိုသာရွေးချယ်သုံးစွဲပါ။
(၂) ဘက်ထရီများကို အလွန်အမင်းပူသောနေရာများ (ဥပမာ- နေရောင်တိုက်ရိုက်ကျသောနေရာ၊ မီးဖိုဘေး)စသည်များတွင် မထားရှိပါနှင့်။ ၎င်းတို့ကို သတ်မှတ်ထားသော အပူချိန်အောက်တွင် အေးမြသောနေရာ၌သာထားရှိပါ။
(၃) ဘက်ထရီများကို တစ်ညလုံး အားသွင်းထားခြင်းကိုရှောင်ကြဉ်ပါ။ အားသွင်းနေစဉ် အနီးအနားတွင် စောင့်ကြည့်နေသင့်ပါသည်။
(၄) ဘက်ထရီများဖောင်းပွလာခြင်း၊ ပုံသဏ္ဌာန်ပြောင်းသွားခြင်း သို့မဟုတ် အပူလွန်ကဲလာခြင်း စသည့်လက္ခဏာများတွေ့ရှိပါက လုံးဝဆက်လက်အသုံးမပြုပါနှင့်။
(၅) ဘက်ထရီများကို လေဝင်လေထွက်ကောင်းသော၊ မီးလောင်လွယ်ပစ္စည်းများနှင့် ကင်းဝေးသောနေရာတွင်ထားရှိသင့်ပါသည်။
လျှပ်စစ်ဆိုင်ရာမီးဘေးအန္တရာယ်အတွက် အရေးပေါ်ကြိုတင်ပြင်ဆင်ထားခြင်း
(၁) အိမ်တိုင်းတွင် အရည်အသွေးပြည့်မီသော မီးသတ်ဆေးဘူးများ လုံလောက်စွာထားရှိပြီးစနစ်တကျသုံးစွဲပုံများကို ကြိုတင်လေ့ကျင့်ထားပါ။
(၂) အရေးပေါ်အခြေအနေအတွက် မိသားစုအားလုံးသိရှိနားလည်သော ဘေးကင်းရာ ထွက်ပြေးမည့် လမ်းကြောင်းကို ကြိုတင်ရွေးချယ်စီစဉ်ထားပါ။
(၃) မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနများနှင့် လျှပ်စစ်ဌာနများ၏ဆက်သွယ်ရန်ဖုန်းများကို အိမ်သူအိမ်သားများ အလွယ်တကူဆက်သွယ်နိုင်ရန် ကြိုတင်အသိပေးထားပါ။ စာရွက်ပေါ်တွင်ရိုက်နှိပ်/ရေးမှတ်၍ကပ်ထားပေးပါ။
ထို့ပြင် လျှပ်စစ်နှင့်ပတ်သက်၍ မီးလောင်ရခြင်းအကြောင်းရင်းအချက်(၅)ချက်ကိုလည်း အောက်ပါအတိုင်း ပြည်သူများအားလုံးမဖြစ်မနေသိရှိထားကြရန်နှင့် ပညာပေးဆောင်ရွက်သွားကြရန် (ဖြစ်နိုင်ပါက နေအိမ်တိုင်းတွင် သတိပေးစာစောင်များကပ်ထားကြစေရန်) ယခုအခါအထူး လိုအပ်လျက်ရှိနေပြီဖြစ်သည်။ လျှပ်စစ်ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရသော အဓိကအကြောင်းရင်းများတွင် အပူလွန်ကဲမှုနှင့် ဝိုင်ယာများပူး၍ Short Circuit ဖြစ်ခြင်းတို့မှသာလျှင် အများဆုံးစတင်ဖြစ်ပွားလေ့ရှိသဖြင့် မဖြစ်မနေသိထားသင့်ကြသော အဆိုပါအဓိကအချက်(၅)ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
ဝိုင်ယာကြိုးများဟောင်းနွမ်းပျက်စီးခြင်း သို့မဟုတ် စွမ်းဆောင်ရည်မမီခြင်း
အကာအရံပစ္စည်းများ ပျက်စီးနေသည့် ဝိုင်ယာကြိုးများ သို့မဟုတ် လက်ရှိသုံးနေသော လျှပ်စစ်ပစ္စည်းများ၏ဝန်အားကို ခံနိုင်ရည်မရှိသော ဝိုင်ယာကြိုးများကို အသုံးပြုခြင်းကြောင့် ဝိုင်ယာကြိုးများ အပူလွန်ကဲလာပြီး မီးစတင်လောင်ကျွမ်းခြင်း သို့မဟုတ် ဝိုင်ယာများပူးပြီးလောင်ကျွမ်းခြင်းကိုဖြစ်ပေါ်စေပါသည်။
လျှပ်စစ်ပစ္စည်းများကို ခံနိုင်ဝန်အားထက်ပိုမိုသုံးစွဲခြင်း
ပလတ်ပေါက်တစ်ခုတည်းတွင် လျှပ်စစ်ဓာတ်အားအများအပြား သုံးစွဲသည့်ပစ္စည်းများ (ဥပမာ - ရေနွေးအိုး၊ အပူပေးစက်၊ လေအေးပေးစက်)စသည်တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုခြင်းကြောင့် ဝိုင်ယာကြိုးများနှင့် ပလတ်ပေါက်များအပူလွန်ကဲ၍ အရည်ပျော်ကာ မီးပွားများဖြစ်ပေါ်လာပြီး မီးလောင်ခြင်းမျိုးကိုလည်းဖြစ်ပွားစေပါသည်။
အပူပေးစက်ပစ္စည်းများကို ပေါ့ဆစွာအသုံးပြုခြင်း
မီးပူ၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို စသည့်အပူစွမ်းအင်သုံး ပစ္စည်းများကို အသုံးပြုပြီးနောက် ခလုတ်မပိတ်ဘဲထားခဲ့ခြင်း သို့မဟုတ် လောင်စာဖြစ်လွယ်သောပစ္စည်းများနှင့် နီးကပ်စွာထားရှိခြင်းကြောင့် စက်ပစ္စည်းများ အပူလွန်ကဲပြီး အနီးအနားရှိပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။
လျှပ်စစ်စက်ပစ္စည်းများချို့ယွင်းနေခြင်း သို့မဟုတ် စနစ်တကျတပ်ဆင်မှုမရှိခြင်း
မီးချောင်း၊ မီးပလတ်ခုံ၊ လျှပ်စစ်ခလုတ်၊ မီးအားမြှင့်စက် စသည့်လျှပ်စစ်ပစ္စည်းကိရိယာများ ချို့ယွင်းနေသော်လည်း ဆက်လက်သုံးစွဲနေခြင်း သို့မဟုတ် လျှပ်စစ်ဝိုင်ယာသွယ်တန်းမှုများကို စနစ်တကျမရှိဘဲ တပ်ဆင်ထားခြင်းတို့ကြောင့် အဆိုပါချို့ယွင်းချက်များမှလည်း အပူလွန်ကဲမှု သို့မဟုတ် မီးပွားထွက်မှုများဖြစ်ပေါ်ကာ မီးလောင်ခြင်းကိုဖြစ်ပေါ်စေပါသည်။
ဓာတ်အားလိုင်းများပြတ်ကျခြင်း သို့မဟုတ်ရေစိုစွတ်ထိတွေ့ခြင်း
မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည့်သဘာဝဘေးများကြောင့် အပြင်ဘက်ဓာတ်အားလိုင်းများပြတ်ကျခြင်း သို့မဟုတ် အိမ်တွင်းလျှပ်စစ်ပစ္စည်းများ ရေနှင့်ထိတွေ့ခြင်းများကြောင့်လည်း ဓာတ်ကြိုးများတစ်ခုနှင့်တစ်ခုထိတွေ့၍ Short Circuit ဖြစ်ပေါ်ခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်စီးကြောင်းများပျံ့နှံ့ကာ မီးပွားများထွက်လာ၍ မီးလောင်ခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။
အချုပ်အားဖြင့်တင်ပြလိုသည်မှာ ပြည်သူများအနေဖြင့် လျှပ်စစ်ကြောင့်ဖြစ်ပွားသော မီးဘေး အန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဓိကအားဖြင့် အထူးသတိပြုကြရမည့်အချက်များမှာ ဟောင်းနွမ်းပျက်စီးသော လျှပ်စစ်ကြိုးများကို အမြန်ဆုံးလဲလှယ်ရန်၊ အပူပေးပစ္စည်းများကို အသုံးမပြုသည့်အခါ ခလုတ်ပိတ်ပြီး ပလတ်ဖြုတ်ထားရန်နှင့် လျှပ်စစ်ဝန်အားကို ခံနိုင်ရည်ရှိသော အရည်အသွေးမြင့်ပစ္စည်းများသာ ရွေးချယ်သုံးစွဲရန်ဟူသော အချက်ကြီးသုံးချက်ကို မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြခြင်းဖြင့်သာ လျှပ်စစ်ကြောင့်ဖြစ်ပွားသော မီးဘေးအန္တရာယ်များမှ ကင်းဝေးနိုင်မည်၊ လျှော့ချနိုင်ကြမည်သာဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
MWD
