နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ဂုဏ်ယူဖွယ်ရာ အနာဂတ်ခရီးလမ်း အပိုင်း(၂)
Posted_Date
Image
Body
ယမန်နေ့မှ အဆက်
တတိယမြောက် ရွေးချယ်စရာလမ်းကြောင်းကတော့ အစိုးရဝန်ထမ်းအဖြစ် မလုပ်ကိုင်လိုဘဲ ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကကဏ္ဍတွေမှာ ဝင်ရောက်လုပ်ကိုင်လိုသူတွေအတွက် အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့ ပူးပေါင်းပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးသူတွေကို ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဦးစားပေးခန့်အပ်သွားမှာဖြစ်ပါတယ်။ တပ်မတော်ကနေ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဟောင်းတွေရဲ့ စည်းကမ်းလိုက်နာမှု၊ အဖွဲ့အစည်းနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲနိုင်မှုအပြင် ကိုယ်ကာယကြံ့ခိုင်မှုနဲ့ မှန်ကန်တဲ့
စိတ်ဓာတ်ရေးရာတွေဟာ ပုဂ္ဂလိကလုပ်ငန်းခွင်တွေအတွက် အလွန်တန်ဖိုးရှိလှတဲ့ လူသားအရင်းအမြစ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက သူတို့ကို ဝမ်းပန်းတသာ လိုလိုလားလား လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။ ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီတွေပူးပေါင်းပြီး ပြည်ပနိုင်ငံတွေကို အလုပ်သမား စေလွှတ်တဲ့နေရာမှာလည်း စစ်မှုထမ်းတာဝန်ကျေပွန်ခဲ့သူတွေကို အထူးဦးစားပေး စေလွှတ်သွားဖို့ စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဒုတိယနဲ့တတိယလမ်းကြောင်းတွေကို ရွေးချယ်လိုကြတဲ့ ပြည်သူ့စစ်မှုထမ်းတွေအတွက် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က အထူးအစီအစဉ်တစ်ရပ်ကို စီစဉ်ပေးထားပါတယ်။ အဲဒီအစီအစဉ်ကတော့ အစိုးရဝန်ထမ်းအဖြစ်ဖြစ်စေ၊ ပုဂ္ဂလိကဝန်ထမ်းအဖြစ်ဖြစ်စေ ဝင်ရောက်လုပ်ကိုင်လိုသူတွေအနေနဲ့ မိမိတို့လုပ်ကိုင်မယ့် လုပ်ငန်းခွင်မှာအထောက်အကူဖြစ်စေမယ့် ခိုင်မာတဲ့ အတတ်ပညာတွေ တတ်မြောက်ထားဖို့အတွက် သင်တန်းတက်ရောက်ခွင့်ရရှိရေး စီစဉ်ပေးလျက်ရှိပါတယ်။ သူတို့တွေကို ဘက်စုံလွှမ်းခြုံနိုင်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ စနစ်တကျသင်ယူနိုင်အောင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနစတဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ သင်တန်းကျောင်းတွေမှာဖွင့်လှစ်မယ့် သင်တန်းအမျိုးအစားပေါင်း (၁၀၀) ကျော်မှာ တက်ရောက်ခွင့်ရရှိနိုင်ရေးကိုလည်း အသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။
ဒီသင်တန်းတွေကို ကာလတို၊ ကာလလတ်နဲ့ကာလရှည်ဆိုပြီး စနစ်တကျခွဲခြားသတ်မှတ်ပေးထားပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေအနေနဲ့ကတော့ လျှပ်စစ်၊ စက်ပြင်၊ ဆောက်လုပ်ရေး၊ ဂဟေဆက်၊ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းပြုပြင်ခြင်း စတဲ့ စက်မှုလက်မှုပညာရပ်တွေ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးနည်းပညာတွေ၊ ဟိုတယ်ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းအများစုကို နိုင်ငံတော်ကနေ စရိတ်ငြိမ်း တာဝန်ယူသင်ကြားပေးသွားမှာဖြစ်ပြီး နေထိုင်စားသောက်ရေးကိုပါ တစ်ပါတည်း အခမဲ့စီစဉ်ပေးသွားမှာဖြစ်လို့ ပြည်သူ့စစ်မှုထမ်းလူငယ်တွေအနေနဲ့ ဘဝတိုးတက်ရေးအတွက်ကို လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်း တစ်ရပ်ပဲဖြစ်ပါတယ်။
ဒီသင်တန်းတွေရဲ့ အနှစ်သာရဟာ ရိုးရှင်းတဲ့အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးရုံသက်သက်ထက် များစွာပိုမိုနက်နဲကျယ်ပြန့်ပါတယ်။ နိုင်ငံတော်ကနေပြီး စနစ်တကျစီစဉ်ပေးထားတဲ့ လေ့ကျင့်သင်ကြားရေး အစီအစဉ်တွေကို အောင်မြင်စွာပြီးမြောက်သွားမယ့် လူငယ်တွေဟာ သာမန်လုပ်သား (Unskilled Labours) အဆင့်ကနေ လုပ်ငန်းခွင်မှာ လက်တွေ့ကျကျ ဦးဆောင်နိုင်စွမ်းရှိတဲ့ တန်ဖိုးမြင့်ကျွမ်းကျင်လုပ်သား(Skilled Labours)တွေအဖြစ် ဘဝအဆင့်အတန်းမြင့်မားစွာ ကူးပြောင်းရောက်ရှိသွားကြမှာဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့ရည်မှန်းချက်တွေ အောင်မြင်ပေါက်မြောက်စေဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားအဆင့် ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)နဲ့ မဟာဗျူဟာမြောက်ချိတ်ဆက်ပြီး အလေးထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကာလရှည် သင်တန်းဆင်းသူတွေလက်ဝယ်ပိုင်ဆိုင်ရရှိမယ့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် (Certificate of Recognition) တွေဟာ ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းတွေနဲ့ပါ ကိုက်ညီမှုရှိစေဖို့ စနစ်တကျရေးဆွဲ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ရည်မှန်းချက်ရှိသူတွေအတွက်လည်းဒီအသိအမှတ်ပြု လက်မှတ်ဟာ နိုင်ငံတကာအလုပ်အကိုင် ဈေးကွက်ဆီကို ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်မယ့် အသိအမှတ်ပြုလက်မှတ်များကို ရရှိစေမှာဖြစ်ပါတယ်။ တစ်နေ့တခြား ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ စက်မှုဇုန်တွေ၊ အရှိန်အဟုန်နဲ့လည်ပတ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတွေနဲ့ ဝန်ဆောင်မှုကဏ္ဍအသီးသီးမှာ လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ဘက်စုံလွှမ်းခြုံထားတဲ့ ဒီသင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းဟောင်းတွေက အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့တွေဟာ နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားအတွက် အားအထားရဆုံးနဲ့ အဖိုးတန်ဆုံးသော လူသားအရင်းအမြစ်ကောင်းတွေဖြစ်လာကြမှာကတော့ အသေအချာပဲဖြစ်ပါတယ်။
စတုတ္ထနှင့် နောက်ဆုံးလမ်းကြောင်းကတော့ စစ်သားကြီးလည်းမလုပ်ချင်၊ အစိုးရဝန်ထမ်းလည်း မလုပ်ချင်ဘဲ မိမိတို့ရဲ့ဇာတိချက်ကြွေမွေးရပ်မြေကိုပြန်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပါအဝင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသူများကိုလည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က အလုပ်အကိုင်အခွင့်အလမ်းများ ကူညီဖန်တီးပေးဖို့ အသင့်စောင့်ကြိုလျက်ရှိပါတယ်။ စစ်မှုထမ်းဆောင်မှု တာဝန်ကျေပွန်သူများအနေဖြင့် မိမိတို့ရဲ့ရပ်ရွာကို ပြန်လည်ရောက်ရှိချိန်မှာ ယခင်လက်ငုတ်လက်ရင်း အလုပ်အကိုင်သာမက လုပ်ငန်းအသစ် စတင်လုပ်ကိုင်လိုသူများအနေဖြင့် လိုအပ်မယ့်အရင်းအနှီးနဲ့ ချေးငွေများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သတ်မှတ်ချက်များနဲ့အညီ ထုတ်ချေးပေးမှာဖြစ်သလို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာများကိုပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကြားသိရပါတယ်။
ဒီလိုသတ်မှတ်ကာလ ပြည့်မြောက်အောင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ အနာဂတ်ခရီးလမ်းကို ဘက်ပေါင်းစုံက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသလို သတ်မှတ်ကာလအတွင်း ကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေအတွက်ကိုလည်း လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို အပြည့်အဝတာဝန်ယူ ကုသပေးလျက်ရှိပါတယ်။ ဆေးရုံတက်ရောက်ကုသနေစဉ် ကာလတစ်လျှောက်လုံးမှာ သူတို့ကို စစ်မှုထမ်းအဖြစ် ဆက်လက်သတ်မှတ်ထားပြီး လစာနဲ့စရိတ်ခံစားခွင့်တွေကို တစ်ပြားတစ်ချပ်မှ လျော့နည်းသွားခြင်းမရှိစေဘဲ အပြည့်အဝ ခံစားခွင့်ပြုထားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီမှုရှိမယ့် ကွန်ပျူတာ၊ စက်ချုပ်၊ ဆံသနဲ့ အိမ်တွင်းလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း စတဲ့ လက်တွေ့အသုံးဝင်မယ့် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကိုလည်း သင်ကြားပေးပြီး ဘဝရပ်တည်မှုခိုင်မာစေဖို့ စနစ်တကျစီမံပေးလျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်စက်ရုံတွေ၊ ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ သူတို့ကျွမ်းကျင်မှုနဲ့ ကိုက်ညီမယ့်နေရာတွေမှာ ရွေးချယ်ပြီး တာဝန်ပေးခန့်အပ်သွားမှာဖြစ်တယ်လို့လည်း ကြားသိရပါတယ်။
ဒီလိုမျိုး နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကနေ ပြည်သူ့စစ်မှုထမ်းတွေကို စတင်ဆင့်ခေါ်ချိန်ကစလို့ တာဝန်ပြီးဆုံးပြီး အိမ်အပြန်အနာဂတ်ခရီးလမ်းအထိ အစစအရာရာ စနစ်တကျ စီမံဆောင်ရွက်ပေးမှုတွေအပေါ် ပြည်သူ့စစ်မှုထမ်းဟောင်းများအနေဖြင့် အထူးပဲကျေနပ်ဂုဏ်ယူကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ အမှန်စင်စစ်မှာတော့ ပြည်သူ့စစ်မှုထမ်းများဟာ သာမန်အရပ်သားလူငယ်ဘဝကနေ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စုရပ်တွေက တစ်ဆင့် မွန်မြတ်လှတဲ့ တပ်မတော်သားဘဝကို ရောက်ရှိလာခဲ့ကြတာပဲဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် စနစ်ကျတဲ့ ပြုစုပျိုးထောင် လေ့ကျင့်ပေးမှုတွေနဲ့အတူ အခက်အခဲတွေကို ဖြတ်သန်းကျော်လွှားခဲ့ကြပြီး သတ်မှတ်ကာလအတွင်းတာဝန်ထမ်းဆောင်ရင်း တပ်မတော်သားတွေရဲ့ ပင်ပန်းဆင်းရဲမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံနားလည်ခဲ့ကြပြီပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူ့စစ်မှုထမ်းဟောင်းတွေအဖြစ်နဲ့ မိမိတို့ရဲ့ ဇာတိမြို့ရွာတွေကို ပြန်လည်ရောက်ရှိချိန်မှာ အရပ်ဘက်နဲ့ စစ်ဘက်အကြား အပြန်အလှန်ယုံကြည်နားလည်မှုကို တည်ဆောက်ပေးမယ့် ခိုင်မာတဲ့အင်အားတစ်ရပ်အနေနဲ့ ဂုဏ်ယူဖွယ်ပေါ်ထွန်းလာတော့မှာဖြစ်သလို လူမှုပတ်ဝန်းကျင်အလယ် ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်ကြတော့မှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်အသက်သွင်းခဲ့တဲ့ ဒီဥပဒေဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ တပ်မတော်သမိုင်းအတွက် ထူးခြားပြောင်မြောက်တဲ့ သမိုင်းမှတ်တိုင်သစ် တစ်ခုဖြစ်ခဲ့ပါတယ်။
ဒီလိုဂုဏ်ယူဖွယ် သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ခြင်းဟာ မကြာမီ အိမ်ပြန်လာကြတော့မယ့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းလူငယ်တွေရဲ့ ကြီးမားလှတဲ့ စွမ်းဆောင်ချက်တွေကြောင့် ဆိုတာကို နိုင်ငံသားအားလုံးက ဂုဏ်ယူဝမ်းမြောက်စွာ အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေစတင်ကျင့်သုံးချိန်က နိုင်ငံတော်နှင့် တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတဲ့နိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရဲ့ အပြုသဘောမဆောင်တဲ့ ဝေဖန်နှောင့်ယှက်မှုများကို အောင်ပွဲနဲ့အတူအိမ်ပြန်လာကြမယ့် ပြည်သူ့စစ်မှုထမ်းများဟာ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းစစ်သည်တော်များရဲ့ ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ်ခိုင်မာမှုကို အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များအနေနဲ့ လက်တွေ့ စစ်မြေပြင်မှာ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက် သောင်းကျန်းသူများနှင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူတွေဟာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို နှောင့်နှေးဟန့်တားလျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အခြေအမြစ်မရှိတဲ့သတင်းများဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်းတက်ရောက်ရန် လူငယ်များကို အတင်းအဓမ္မဖမ်းယူခြင်းဆိုတဲ့ သတင်းအမှား၊ တာဝန်ပြီးဆုံးတဲ့ပြည်သူ့စစ်မှုထမ်းများအား အတင်းအဓမ္မတာဝန် ထမ်းဆောင်စေခြင်းနှင့် အမျိုးသမီးစစ်မှုထမ်းများ စာရင်းကောက်ယူခြင်းများဆိုတဲ့ သတင်းအတုတွေနဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် လှုံ့ဆော်နှောင့်ယှက်လျက်ရှိပါတယ်။
ဒီလိုဝေဖန်ထိုးနှက် နှောင့်ယှက်မှုတွေကြားက ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့တဲ့ လူငယ်တွေဟာ နိုင်ငံတော်ရဲ့သမိုင်းစာမျက်နှာသစ်ကို ရဲရဲဝံ့ဝံ့ဖွင့်လှစ်ခဲ့ကြသူတွေဖြစ်ကြပါတယ်။
နှစ်နှစ်တာကာလအတွင်း သူတို့ရရှိခဲ့တဲ့ ရှားပါးလှတဲ့အတွေ့အကြုံ၊ သံမဏိလိုမျိုး စည်းကမ်းနှင့် ကြံ့ခိုင်တဲ့စိတ်ဓာတ်ခွန်အားတွေဟာ နောင်တစ်ချိန် သူတို့ရဲ့ဘဝတစ်သက်တာအတွက်တန်ဖိုးမဖြတ်နိုင်လောက်တဲ့ အရင်းအနှီးတွေဖြစ်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်းခိုင်မာတိကျတဲ့ အလုပ်အကိုင်ဖန်တီးပေးရေးစီမံချက်တွေ၊ လက်တွေ့ကျတဲ့အသက်မွေးဝမ်းကျောင်း သင်တန်းတွေအပြင် တိကျခိုင်မာတဲ့မူဝါဒတွေနဲ့ပါ နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအတွက်အိမ်အပြန်ဂုဏ်ယူဖွယ်ရာ အနာဂတ်ခရီးလမ်းကောင်းကို သာယာဖြောင့်ဖြူးစွာဖြင့် လျှောက်လှမ်းနိုင်ဖို့ ဘက်ပေါင်းစုံက စီမံဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံတော်ရဲ့ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ပေးနိုင်ရုံသာမက အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြတဲ့ တာဝန်ကျေတဲ့ နိုင်ငံ့သားကောင်းလူငယ်တွေဟာ မကြာမီအချိန်အတွင်း အရပ်ဘက် လူ့ဘောင်အဖွဲ့အစည်းတွေဆီကို ဂုဏ်ယူဝင့်ကြွားစွာပြန်လည်ရောက်ရှိပြီး နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍအသီးသီးမှာ ခွန်အားသစ်တွေအဖြစ် တက်ကြွစွာပါဝင်လာကြတော့မှာဖြစ်ပါကြောင်း ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ရေးသားတင်ပြလိုက်ရပါတယ်။ ။
MWD
