စပျစ်သီးကပေးသော ကျန်းမာရေးအာနိသင်များ
Posted_Date
Image
Body
စပျစ်သီးသည် အရောင်အသွေးနှင့် အရသာပြည့်စုံပြီး ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး သစ်သီးများအနက် တစ်မျိုးအပါအဝင်ဖြစ်သည်။ စပျစ်ပင်မှာ နွယ်ပင်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Grape ဖြစ်ကာ Vitaceae မျိုးရင်းတွင်ပါဝင်၍ ရုက္ခဗေဒအလိုအားဖြင့် Vitis spp ဟုခေါ် သည်။ စပျစ်သီးများသည် အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်၊ ခရမ်းရောင်နှင့် ရောင်စုံပြောက်ကျားများလည်းရှိသည်။ စပျစ်သီးသည် အရသာရှိပြီး အာဟာရပြည့်ဝသည့် အသီးအနှံဖြစ်ကာ နှလုံးကျန်းမာရေးနှင့် အစာခြေစနစ်ကို ကောင်း မွန်စေခြင်းမှ ကင်ဆာရောဂါကို ကာကွယ် နိုင်သည်အထိ ကျန်းမာရေးအကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်သည်။ စပျစ်သီး အသား၊ စပျစ်သီးခြောက်၊ စပျစ်ဖျော်ရည် နှင့် စပျစ်ဝိုင်အဖြစ်စားသုံးကြပြီး စပျစ်သီး အစေ့ကလည်း ဆေးဖက်ဝင်သည်။ စပျစ် သီးအစေ့တွင် ဆီးချိုကြောင့်ဖြစ်သည့်အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်သည်။ စပျစ်သီးတွင် ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီးတို့ထက် ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxi-dant) ကြွယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသည်။
စပျစ်သီးစားခြင်းဖြင့်ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ
စပျစ်သီးနီတွင် ကျန်းမာရေးအကျိုး ကျေးဇူးများစွာရှိသည့် Resveratrol ကြွယ်ဝသည်။ စပျစ်သီးနီတွင်ပါဝင်သည့် Antioxidant များက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးသည်။ စပျစ်သီး ခြောက်/ပျဉ်သည် သဘာဝသကြားဓာတ် ၏စုစည်းမှုအရင်းအမြစ်ဖြစ်ပြီး စွမ်းအင် ကို လျင်မြန်စွာမြှင့်တင်ပေးသည်။ စပျစ်သီးသည် သွေးအားနည်းခြင်းကို ကာကွယ်ပေးသည့် အကောင်းဆုံးသံဓာတ်အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ Muscadine စပျစ်သီးတွင် တခြားသောစပျစ်သီးမျိုးကွဲများနှင့် နှိုင်းယှဉ်ပါက Antioxidant ပမာဏမြင့်မားပြီး Ellagic Acid ကြွယ်ဝ သည်။ ဤဒြပ်ပေါင်းသည် ကင်ဆာကိုတိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများရှိ ကြောင်း ပြသထားသည်။ Concord စပျစ် သီးဖျော်ရည်သည် မှတ်ဉာဏ်ဆိုင်ရာလုပ်ဆောင်မှုနှင့် မှတ်ဉာဏ်ကိုပိုမိုကောင်း မွန်စေသောဆက်စပ်မှုရှိသည်။ Concord စပျစ်သီးသည် သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်သည်။
ကင်ဆာကာကွယ်ပေးသော စပျစ်သီး
အရောင်အသွေးရော အရသာပါပြည့်စုံသည့် စပျစ်သီးတွင် Polyphenols ဟုခေါ် သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင် သောကြောင့် နာကျင်ရောင်ရမ်းမှုကိုသက်သာစေပြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်သည်။ စပျစ်သီးစားသုံး ပေးခြင်းဖြင့် ပြန်ရည်ကြောကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြားကင်ဆာနှင့် သွေးကင်ဆာတို့ ကိုကာကွယ်နိုင်ပြီး ကင်ဆာရောဂါကြီးထွား စေသည့် မျိုးရိုးဗီဇတချို့နှင့် ကင်ဆာကျိတ် များကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင် စွမ်းရှိသည်။ စပျစ်သီးက အူမကြီးကျန်းမာ ရေးအတွက်လည်း အလွန်အရေးပါသည်။
နှလုံးကျန်းမာစေနိုင်သော စပျစ်သီး
စပျစ်သီးတွင် ပိုတက်ဆီယမ်ပါဝင်မှု ကြောင့် သွေးတွင်းကိုလက်စထရောကိုကျစေနိုင်ပြီး သွေးကြောများ၏ လုပ်ဆောင်ချက်ကို ကောင်းမွန်စေကာ သွေးပေါင်ချိန် ကို ထိန်းညှိပေးနိုင်သည့်အပြင် သွေးတိုးကြောင့် နှလုံးထိခိုက်ခြင်းမျိုးမဖြစ်စေရန် ကာကွယ်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်သည်။ သွေးကြောများ၏ လုပ်ဆောင်မှုကိုကောင်းမွန်စေကာ သွေးဖိအားကို လျှော့ချပေးခြင်းဖြင့် နှလုံးသွေးကြော စနစ်ကို ကျန်းမာစေနိုင်ပြီး နှလုံးကျန်းမာအောင် ထောက်ကူပေးသည်။ ထို့ပြင် စပျစ် သီးတွင်ပါဝင်သည့် အမျှင်ဓာတ်နှင့် Poly-phenol ဓာတ်သည်သွေးစီးဆင်းမှုနှင့် နှလုံး၏လုပ်ဆောင်မှုများကို ကောင်းမွန် စေရန် အထောက်အကူပြုခြင်းအားဖြင့် နှလုံးကျန်းမာစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေသည်။
လေဖြတ်နိုင်ခြေနှင့်အရိုးပါးခြင်းကို ကာကွယ်ပေးသော စပျစ်သီး
စပျစ်သီးတွင် ကြွယ်ဝစွာပါဝင်သည့် ပိုတက်ဆီယမ်သတ္တုဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးခြင်းဖြင့် သွေးဖိအားကို ထိန်းညှိပေးသောကြောင့် စပျစ်သီးကိုစားသုံးပေးခြင်းဖြင့် လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး အရိုးပါးခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော စပျစ်သီး
စပျစ်သီးဖျော်ရည်တွင် ဗီတာမင်-C မြင့်မားစွာပါဝင်မှုကြောင့် ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးနိုင်သည်။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးသော စပျစ်သီး
စပျစ်သီးသည် အချိုဓာတ်ရှိသော်လည်း သွေးတွင်းသကြားဓာတ်မတက်စေဘဲ အင်ဆူလင်ပမာဏ တက်လာစေသောကြောင့် ဆီးချိုရောဂါရှိသူများအနေ ဖြင့် စပျစ်သီးအနည်းအကျဉ်းစားပေးနိုင်သည်။
သွေးတိုးကျစေသော စပျစ်သီး
အစေ့မပါသော စပျစ်သီးအစိမ်းဖျော် ရည်တစ်ခွက်တွင် ပိုတက်ဆီယမ် ၁၇၅ ဂရမ်၊ စပျစ်သီးအနီတွင်၂၉၀ မီလီဂရမ်နှင့် စပျစ်သီးအနက်တွင် ၂၀၀ မီလီဂရမ်ရှိ သောကြောင့် သွေးတိုးရှိသူများအနေဖြင့် စပျစ်သီးစားသင့်သည်။
ရေဓာတ်ထိန်းညှိပေးသော စပျစ်သီး
စပျစ်သီးဖျော်ရည်သည် အထူးသဖြင့် ပူပြင်းသောရာသီဥတုတွင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်တွင် ရေဓာတ်ထိန်းသိမ်းရန် ကူညီပေးနိုင်သည်။
ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်သော စပျစ်သီး
စပျစ်သီးတွင် ရေဓာတ်နှင့်အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်မှုကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို အကောင်းဆုံးထောက်ကူ ပေးနိုင်၍ ဝမ်းချုပ်တတ်သူများ စားပေးသင့်သည်။
ဓာတ်မတည့်မှုကိုသက်သာစေ နိုင်သော စပျစ်သီး
စပျစ်သီးတွင် ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်သည့် အာနိသင်ရှိခြင်းကြောင့် အရေပြားတွင်ဖြစ်တတ်သည့် ဓာတ်မတည့်မှုများကို သက်သာစေနိုင်သကဲ့သို့ ဓာတ် မတည့်မှုကြောင့်ဖြစ်သည့် နှာစေးခြင်းနှင့် မျက်ရည်ကျခြင်းတို့ကို သက်သာစေနိုင် သည်။
ဆီးချိုသမားများနှင့် သင့်လျော်သော စပျစ်သီး
စပျစ်သီးစားသုံးပေးခြင်းဖြင့် အမျိုး အစား-၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်သောကြောင့် ဆီးချိုကာကွယ် ရန်ဖြစ်စေ၊ ဆီးချိုသက်သာစေရန်ဖြစ်စေစပျစ်သီးကို စားပေးသင့်သည်။
အဆိပ်အတောက်များကို ဖယ်ရှားပေးသော စပျစ်သီး
စပျစ်သီးတွင် ရေဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းပါဝင်မှု မြင့်မားသောကြောင့် အသည်း၏လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးသည့်အပြင် သဘာဝ Detox အစားအစာများအတွက် ကောင်း မွန်သောအစာများကိုရရှိစေသည်။ထို့ကြောင့် စပျစ်သီးက ခန္ဓာကိုယ်ကို Deto-xify လုပ်ပေးနိုင်ကြောင်း သိရသည်။
ကိုယ်အလေးချိန်ကျစေသော စပျစ်သီး
စပျစ်သီးတွင် ကယ်လိုရီအနည်းငယ် ပါဝင်သော်လည်း ဗိုက်ပြည့်စေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်သဖြင့် ကိုယ်အလေးချိန်ကျလိုပါက ကယ်လိုရီပါဝင်မှုနည်းသည့်စပျစ်သီးကဲ့သို့ အစားအစာများ စားပေးသင့်သည်။
အမြင်အာရုံကျန်းမာစေနိုင်သော စပျစ်သီး
စပျစ်သီးတွင် ဓာတ်တိုးဆန့်ကျင် အာနိသင် (Antioxidant) ကြွယ်ဝခြင်းကြောင့် အမြင်လွှာနှင့် မျက်ကြည်လွှာများ အပါအဝင် မျက်လုံးကိုကျန်းမာစေနိုင် သည့်အပြင် အသက်အရွယ်ကြောင့်ဖြစ်သည့် အမြင်အာရုံပြဿနာများကိုလည်းထိရောက်စွာ ကာကွယ်ပေးနိုင်သည်။ စပျစ်သီးတွင် မြင်လွှာတည်ဆောက်ပုံနှင့် လုပ်ငန်းများကို ကာကွယ်ပေးနိုင်သည့် ဓာတ်များပါဝင်သောကြောင့် စပျစ်သီးပုံမှန်စားပေးခြင်းအားဖြင့် မြင်လွှာပျက်စီး ခြင်းမှကာကွယ်ပေးပြီး မျက်လုံးကျန်းမာရေးအတွက် အရေးပါသည်။
အသားအရေကောင်းမွန်စေသော စပျစ်သီး
စပျစ်သီးတွင်ပါဝင်သော Resveratrol နှင့် ဗီတာမင်-C သည် ကော်လာဂျင်ထုတ် လုပ်မှုကို မြှင့်တင်ပေးပြီး အရေပြားကို ခရမ်းလွန်ရောင်ခြည်(UV)ကြောင့်ပျက်စီး ခြင်းနှင့် အရွယ်မတိုင်မီ အိုမင်းခြင်းမှ ကာကွယ်ပေးသည်။ စပျစ်သီးကို ပုံမှန်စား သုံးပေးခြင်းဖြင့် အသားအရေကိုကောင်း မွန်စေပြီး ဝက်ခြံရောင်ရမ်းမှုကို လျော့ကျစေနိုင်သည်။ စပျစ်သီးတွင်ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်အာနိသင်က ဝက်ခြံများကို ကုသပေးနိုင်စွမ်းရှိသောကြောင့် ဝက်ခြံရှိသူများအနေဖြင့် ဝက်ခြံသက်သာ လိုပါက စပျစ်သီးစားပေးနိုင်သည်။
ကိုယ်ဝန်ဆောင်များအတွက် စပျစ်သီး
စပျစ်သီးသည် ကိုယ်ဝန်ဆောင်မိခင် တစ်ဦး၏အစားအသောက်တွင် ကောင်းမွန်သော ဖြည့်စွက်စာတစ်ခုဖြစ်နိုင်သည်။ စပျစ်သီးတွင်ပါဝင်သည့် သန္ဓေသားဖွံ့ဖြိုး မှုအတွက် မရှိမဖြစ်လိုအပ်သောဖောလစ် အက်စစ်သည် ကလေးငယ်များတွင် အာရုံကြောပြွန်ချို့ယွင်းမှုကို ကာကွယ် ပေးသည်။ စပျစ်သီးတွင် ရေဓာတ်ပါဝင်မှု မြင့်မားသောကြောင့် ကိုယ်ဝန်ဆောင်မိခင် များကို စောင့်ရှောက်ပေးနိုင်သည်။ စပျစ် သီးတွင်ပါဝင်သည့် သဘာဝသကြားဓာတ် က ကိုယ်ဝန်ဆောင်စဉ်တွင် အထောက်အကူဖြစ်စေနိုင်သည့်စွမ်းအင်ကို မြန်ဆန် စေသည်။
သတိထားသင့်သော စပျစ်သီး
လူတိုင်းနှင့်တည့်သော စပျစ်သီးကို အလွန်အကျွံမစားမိရန်လိုသည်။ စပျစ်သီး ကိုစားသုံးခြင်းမပြုမီ ပိုးသတ်ဆေး သို့မဟုတ် ညစ်ညမ်းစေသောအညစ်အကြေး များနှင့် ရောဂါပိုးမွှားအန္တရာယ်မဖြစ်အောင် သေချာစွာဆေးကြောရန် လိုအပ်သည်။
စပျစ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ
စပျစ်သီးဖျော်ရည်သည် သွေးကြောများ၏ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ကာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေ ခြင်း၊ ဗီတာမင်-C မြင့်မားစွာပါဝင်မှုကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း၊ ပူပြင်းသောရာသီဥတုတွင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်တွင် ရေဓာတ်ထိန်းသိမ်းရန် ကူညီပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် အရောင်အသွေးနှင့် အရသာပါပြည့်စုံသည့် စပျစ် သီးသည် ကင်ဆာကာကွယ်ပေးခြင်း၊ နှလုံးကျန်းမာစေနိုင်ခြင်း၊ သွေးပေါင်ကျစေနိုင် ခြင်း၊ ဝမ်းချုပ်မှုကို သက်သာစေနိုင်ခြင်း၊ ဓာတ်မတည့်မှုကို သက်သာစေနိုင်ခြင်း၊ ဆီးချိုသမားများနှင့်သင့်လျော်ခြင်း၊ မျက် လုံးကျန်းမာစေနိုင်ခြင်း၊ ဝက်ခြံသက်သာ စေနိုင်ခြင်းနှင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပြုနိုင်သောကြောင့် စပျစ်သီးကို လူတိုင်းသင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း ရေးသားလိုက်ရပါသည်။
MWD
