ရေကဏ္ဍစုံဖွံ့ဖြိုးဖို့ ကျား၊ မတန်းတူ ပါဝင်စို့
Posted_Date
Image
Body
ရွက်ဝါကြွေပြီးစ ခြောက်သွေ့သွေ့ နွေသစ်ပင်များနှင့် ရေနည်းသောင်ထွန်းနေသော နွမ်းလျလျ စမ်းချောင်းငယ်တို့သည် ဤမြေကမ္ဘာသက်ရှိများအတွက် ရေ၏တန်ဖိုးကြီးအရေးပါမှုကို တိတ်ဆိတ်နက်ရှိုင်းစွာ ဖော်ပြလျက်ရှိကြသည်။ လက်ယက်သဲရေတွင်းများဆီမှ မောင်တစ်ထမ်းမယ်တစ်ရွက် ရေခပ်ပြန်လာနေကြသော ကျေးလက်တောင်သူဇနီးမောင်နှံ၏ လွမ်းမောဖွယ်ညနေဆည်းဆာရှုခင်းသည်လည်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်၏ ကျား၊ မ တန်းတူပါဝင်မှုအား ဖော်ညွှန်းသရုပ်ဖော်နေသကဲ့သို့ပင်ရှိ၏။ ၂၀၂၆ ခုနှစ် မတ်လ ၂၂ ရက်နေ့ (၃၄) ကြိမ်မြောက် ကမ္ဘာ့ရေနေ့ (World Water Day)အချိန်အခါသည် ရည်ရွယ်ချက်ကောင်းများစွာဖြင့် နေရာအနှံ့တွင်သက်ဝင်တောက်ပလျက်ရှိနေသည်။
၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်မှာ “ရေကဏ္ဍစုံဖွံ့ဖြိုးဖို့ ကျား၊ မတန်းတူ ပါဝင်စို့” (Where Water Flows, Equality Grows)ဟူ၍ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ရေကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီမံခန့်ခွဲမှုများတွင် အမျိုးသားများနှင့်အတူ အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ဆုံးဖြတ်နိုင်မှု အခန်းကဏ္ဍအားမြှင့်တင်ပေးရန်ဖြစ်သည်။ ကုလသမဂ္ဂ၏ UNESCO World Water Development Programme မှ ထုတ်ပြန်သော ၂၀၂၆ ခုနှစ် ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ (World Water Development Report- 2026) ပါ အကြောင်းအရာများအပေါ်မှီတည်၍ ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်အား UN-Water မှ ရွေးချယ်သတ်မှတ်ခြင်းဖြစ်သည်။
ကမ္ဘာ့ရေထုပမာဏ
ရေသည် ဤမြေကမ္ဘာအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်သည်။ အရည်၊ အခဲ၊ အငွေ့ ပုံစံသုံးမျိုးလုံးဖြင့်ပျံ့နှံ့တည်ရှိနေပြီး ရေခဲတောင်၊ တောတန်း၊ မြစ်ချောင်း၊ ပင်လယ်များအားဖြတ်၍ကောင်းကင်သို့လည်းအခိုးအငွေ့အဖြစ် ပျံတက်နိုင်သေးသည်ဖြစ်ရာ ရေ၏အဆုံးမဲ့သံသရာသည် ကမ္ဘာ့တည်ရှိမှုအား ထုဆစ်လျက်ရှိသည်။ ကမ္ဘာ့မျက်နှာပြင်ဧရိယာ၏ ၇၁ ရာခိုင်နှုန်းကို ရေထုကဖုံးလွှမ်းလျက်ရှိသော်လည်း “ဖောင်စီးရင်း ရေငတ်” ဆိုသကဲ့သို့ ၉၆ ဒသမ ၅ ရာခိုင်နှုန်း သည် ပင်လယ်ရေငန်ဖြစ်၍ ၃ ဒသမ ၅ ရာခိုင်နှုန်းသည်သာရေချိုဖြစ်သည်။ ထိုရေချိုထု၏ ၆၈ ရာခိုင်နှုန်းသည် ရေခဲပြင်၊ ၃၀ ရာခိုင်နှုန်းသည် မြေအောက်ရေများဖြစ်ရာ မြစ်ချောင်းများက ပိုင်ဆိုင်သော စီးဆင်းရေမှာ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။ ထို့ကြောင့် “ရွှေကိုမလို၊ ရေကိုသာလိုသည်”၊ “မိုးရေကို ငွေလိုစု၊ ရွှေဥတဲ့တော” စသည်ဖြင့် ရေ၏တန်ဖိုးကိုညွှန်းဆိုကြခြင်းဖြစ်ပါလိမ့်မည်။
ရေ၏တန်ဖိုး
ရေသည် သက်ရှိများ၏ အသက်ဇီဝရှင်သန်မှု၊ စိတ်နှလုံးချမ်းမြေ့မှု၊ လူမှုဘဝချောမွေ့အဆင်ပြေမှုများ၏ ပင်ရင်းဇာစ်မြစ်ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသည်ရေဓာတ်ဖြင့် ဖွဲ့စည်းထားပြီး “ရေအသက်တစ်မနက်”ဟူသော ဆိုရိုးနှင့်အညီ ရေသည်ကျန်းမာခြင်း၏ မြစ်ဖျားခံရာဖြစ်သည်။ ထို့ပြင် လူသားတို့၏ နှလုံးစိတ်ဝမ်းအေးချမ်းခြင်းသည်လည်း ရေနှင့်တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ မောပန်းနွမ်းနယ်ခြင်း၊ စိတ်ညစ်ညူးခြင်းများအား ရေချိုးခြင်း၊ ရေနှင့်ထိတွေ့ခြင်းများက ပျောက်ကင်းစေသည်။ မတူညီကွဲပြားသော နေရာဒေသ၊ ရိုးရာဓလေ့ထုံးတမ်းများစွာကြားတွင် ရေသည်စိတ်နှလုံးအေးမြမှုအတွက် အဓိကကုစားဖန်တီးသော ဆေးဝါးကုထုံးအဖြစ် တူညီစွာရပ်တည်လျက်ရှိသည်။
ရေသည် ကောက်ပဲသီးနှံထွက်ရှိမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုများ၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။ “ရေကိုရင်းနှီး ပြည်ကြီးသာယာ” ဟူ၍ ရေကိုစနစ်တကျစီမံအသုံးပြုတတ်သော ခေတ်၊ ဒေသများသည် အခြားခေတ်၊ဒေသများထက် ပို၍ငြိမ်းချမ်းကြွယ်ဝလေ့ရှိကြသည်။ ရှေးခေတ်အီဂျစ်တို့၏ နိုင်းမြစ်ရေစီမံခန့်ခွဲအသုံးပြုခဲ့မှု၊ မြန်မာတို့၏ ပျူခေတ်၊ ပုဂံခေတ် ရေအသုံးချစိုက်ပျိုးမှုနည်းစနစ်များသည် ပြည်သူ့လူမှုစီးပွားဘဝအား တိုးတက်စေခဲ့ကြောင်း သမိုင်းအထောက်အထားများအရ ထင်ရှားစွာတွေ့ရှိနိုင်သည်။ စားရေရိက္ခာထုတ်လုပ်နိုင်မှုနှင့် ကုန်စည်စီးဆင်းမှု အားသာချက်များကြောင့် ရေတည်ရှိရာ မြစ်ချောင်းများတစ်လျှောက်နှင့် ပင်လယ်ကမ်းစပ်များ တစ်လျှောက်တွင် လူနေထိုင်မှုပိုမိုသိပ်သည်းသည်။
စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးခင်းများ၊ သယံဇာတတူးဖော်ခြင်း၊ လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်းစသည့် မည်သည့်စိုက်ပျိုးထုတ်လုပ်မှုမဆို ရေနှင့်ဆက်နွှယ်လျက်ရှိသည်။ သို့ဖြစ်ရာ ရေအရင်းအမြစ်စီမံခန့်ခွဲမှုသည် စိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍစသည့် ကဏ္ဍပေါင်းစုံ ဘက်စုံတိုးတက်ရေး၏ ရေသောက်မြစ်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးမှု၏အခြေခံအချက်ဖြစ်သည်။
ကမ္ဘာ့ရေချိုအကျပ်အတည်းနှင့် ရေပဋိပက္ခများရေ၏အသက်ဇီဝပတ်ဝန်းကျင်အတွက် အရေးပါလွန်းလှမှုနှင့် ၂၁ ရာစု ကမ္ဘာ၏ရေချိုအကျပ်အတည်းများ ထိပ်တိုက်တွေ့သောအခါတွင် ကမ္ဘာ့ရေအငြင်းပွားမှုပဋိပက္ခများ ပိုမိုများပြားလာသည်။ ကမ္ဘာ့ရေချိုအကျပ်အတည်းသည် တစ်နှစ်ထက်တစ်နှစ်ပိုမိုပြင်းထန်လာလျက်ရှိသည်။ ရေအငြင်းပွားမှုပဋိပက္ခများသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆခန့်အထိများပြားလာခဲ့သည်။ ထင်ရှားသောဥပမာများတွင် အစ္စရေး-ဂါဇာ ရေပဋိပက္ခ၊ အိန္ဒိယနှင့်ပါကစ္စတန်ကြား အိန္ဒုမြစ်ဆိုင်ရာ ရေအငြင်းပွားမှုတို့သည်ထင်ရှားသည်။
ကုလသမဂ္ဂထုတ်ပြန်ချက်များအရ ကမ္ဘာ့ရေချိုအရင်းအမြစ်အများစုသည် ပြန်လည်ကုစားမရသည်အထိ ပြိုလဲပျက်စီးနေသော (Bankrupt) အခြေအနေသို့ရောက်ရှိသွားပြီဖြစ်ကြောင်းသိရသည်။ ကမ္ဘာ့ရေချိုကန်ကြီးများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် အလွန်လျင်မြန်စွာ ခန်းခြောက်နေပြီး ၅၀ ရာခိုင်နှုန်းသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ ကန်ရေပြင်ဧရိယာကျုံ့ဝင်ပျောက်ကွယ်လာလျက်ရှိသည်။ ၁၉၇၀ ပြည့်နှစ်များမှစ၍ ကမ္ဘာ့ရေခဲမြစ် ၃၀ ရာခိုင်နှုန်းကျော်သည် တိတ်ဆိတ်စွာပျောက်ကွယ်သွားပြီဖြစ်သည်။ လွန်ခဲ့သော နှစ် ၅၀ အတွင်း သဘာဝရေတိမ်ဒေသဟက်တာ ၄၁ သန်းခန့် ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ပေကျင်း၊ ဒေလီစသော မြို့ကြီး ၁၀၀ ကျော်သည် ပြင်းထန်ရေအကျပ်အတည်းနှင့် ကြုံတွေ့နေရပြီး အချို့မြို့များသည် မြို့ပြရေပေးဝေမှုလုံးဝပျက်စီးသွားနိုင်သည့် “Day Zero” သို့ နီးကပ်လျက်ရှိနေကြသည်။
ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် တစ်နှစ်လျှင် အနည်းဆုံးတစ်လခန့် ပြင်းထန်ရေရှားပါးမှုအား ခံစားနေရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ လူဦးရေ ၂ ဒသမ ၂ ဘီလီယံသည် သန့်ရှင်းသော သောက်သုံးရေမရရှိဘဲ ၃ ဒသမ ၅ ဘီလီယံခန့်သည် စနစ်တကျရှိသည့် သန့်ရှင်းရေးစနစ်အား သုံးစွဲနိုင်ခြင်းမရှိပါ။ UN Water ၏ လေ့လာမှုများအရ ရေမှတစ်ဆင့်ကူးစက်သောရောဂါများနှင့် လုံလောက်သော ရေထောက်ပံ့မှုမရရှိခြင်းတို့ကြောင့် နှစ်စဉ်လူ ၃ ဒသမ ၅ သန်းခန့် သေဆုံးနေရသည်။ WHO ၏ သုတေသနအရ ဝမ်းပျက်ဝမ်းလျှော ရောဂါများကြောင့် ငါးနှစ်အောက် ကလေးငယ် ၉၀၀ ခန့် နေ့စဉ် သေဆုံးလျက်ရှိရာ နှစ်မိနစ်လျှင် ကလေးတစ်ဦးသေဆုံးနေခြင်းဖြစ်ပြီး နှစ်စဉ် ကလေးပေါင်း ၃၂၈၅၀၀ ခန့် သေဆုံးနေလျက်ရှိသည်။ ၂၀၃၀ ပြည့်နှစ်တွင် ရေရှားပါးမှုကြောင့် လူ သန်း ၇၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ရနိုင်သည်ဟုခန့်မှန်းထားရာ ကမ္ဘာ့အရေးသည် စိုးရိမ်ဖွယ်ဖြစ်သည်။
ရေရှားပါးမှုသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဆုတ်ယုတ်လာစေသည်။ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့၏အချက်အလက်များအရ ကမ္ဘာ့လူဦးရေ ၁၁ ဦးတွင် တစ်ဦးသည် ငတ်မွတ်လျက်ရှိနေသည်။ ၂၀၅၀ ပြည့်နှစ်တွင် ခန့်မှန်းလူဦးရေ ၁၀ ဘီလီယံအတွက် ၂၀၁၀ ပြည့်နှစ် စားနပ်ရိက္ခာထက် ၅၆ ရာခိုင်နှုန်း ပိုမိုလိုအပ်လာမည်ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေးကဏ္ဍအတွက် ကမ္ဘာ့ရေချို၏ ၇၂ ရာခိုင်နှုန်းအား သုံးစွဲနေရခြင်းဖြစ်ရာ စနစ်တကျပြင်ဆင်မှုမရှိပါက စိုက်ပျိုးရေးကဏ္ဍ ရေအကျပ်အတည်းသည် စီမံရန်ခက်ခဲလာမည်ဖြစ်သည်။
အမျိုးသမီးများနှင့် ရေချိုအကျပ်အတည်း
၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေ သန်းပေါင်း ၈၃၀၀ တွင် အမျိုးသားဦးရေ ၅၀ ဒသမ ၃ ရာခိုင်နှုန်း၊ အမျိုးသမီးဦးရေမှာ ၄၉ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိရာ ကျား၊ မ အချိုး ကွာခြားမှုမှာ များစွာကြီးမားခြင်းမရှိပါ။ ထို့အတူ နေ့စဉ်ရေလိုအပ်မှုသည် ကျား၊ မ မကွာခြားဟုထင်စရာဖြစ်၏။ သို့ရာတွင် အမျိုးသမီးများသည် ဇီဝကမ္မဖြစ်စဉ်အရဖြစ်စေ၊ မိသားစုတာဝန်အရဖြစ်စေ ရေကိုအများဆုံးလိုအပ်သူများ၊ အခြေခံရေသုံးစွဲမှုကို နေ့စဉ်စီမံနေရသူများ၊ ရေရှားပါးမှုဆိုးကျိုးကိုပိုမိုခံစားရင်ဆိုင်နေရသူများဖြစ်ကြသည်။
“ပုခက်လွှဲသောလက်သည် ကမ္ဘာကိုအုပ်စိုး၏” ဟူသကဲ့သို့ အိမ်သုံးရေစီမံမှုသည် အမျိုးသမီးများနှင့်ခွဲခြား၍မရပါ။ အစားအစာချက်ပြုတ်ခြင်း၊ အဝတ်အထည်လျှော်ဖွပ်ခြင်း၊ ကလေးများ၏ သန့်ရှင်းမှုများဆောင်ရွက်ရခြင်း၊ သီးနှံပင်ရေလောင်းခြင်းစသည့် သောက်သုံးရေလိုအပ်မှုအား အမျိုးသမီးများနေ့စဉ်ရင်ဆိုင်ရလျက်ရှိသည်။ ထို့အတူ ရေသယ်ယူမှုနှင့်ဆက်စပ်၍ အမျိုးသမီးများသည်အမျိုးသားများထက်အချိန် သုံးဆခန့် ပိုမိုအနစ်နာခံကုန်ဆုံးရပြီး အမျိုးသမီးထုသည် တစ်နေ့လျှင် နာရီပေါင်း သန်း ၂၅၀ ခန့်အချိန်အား ရေခပ်ရန်အတွက် သုံးစွဲနေကြရသည်။ ကမ္ဘာ့အိမ်ထောင်စုသုံးစုတွင် နှစ်စု၌ ရေသယ်ယူခြင်းတာဝန်အား အမျိုးသမီးများမှ ဆောင်ရွက်ရလျက်ရှိသည်။
ကမ္ဘာ့အမျိုးသမီးဦးရေ၏ ၂၆ ရာခိုင်နှုန်းရှိသော အမျိုးသမီး ၁ ဒသမ ၁ ဘီလီယံသည် သန့်ရှင်းသော သောက်သုံးရေမရရှိပါ။ ရေရှားပါးပြီး မသန့်ရှင်းသော ကလေးမွေးဖွားရမှုများကြောင့် နှစ်စဉ် အမျိုးသမီး ၁ သန်းခန့်သေဆုံးလျက်ရှိနေသည်။ မွေးကင်းစကလေးသေဆုံးမှု ၂၆ ရာခိုင်နှုန်းနှင့် မိခင်သေဆုံးမှု ၁၁ ရာခိုင်နှုန်းသည် မသန့်ရှင်း၍ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်သည်။ ဝေးကွာသောနေရာများသို့တစ်ဦးတည်း
ရေခပ်သွားရခြင်းမှ အမျိုးသမီးများအကြမ်းဖက်ခံရမှု၊ ကျန်းမာရေးချို့ယွင်းလာမှု၊ စာသင်ချိန်၊ အနားယူချိန်ဆုံးရှုံးမှုကြောင့် ကိုယ်ရည်ကိုယ်သွေးကျဆင်းမှုများအားဖြစ်ပေါ်စေပြီး လူ့အသိုက်အဝန်းအား ထိခိုက်ယိုယွင်းလာစေလျက်ရှိသည်။
အမျိုးသမီးများသည် အိမ်သုံးရေစီမံခန့်ခွဲမှု၏ အဓိကဇာတ်ဆောင်များဖြစ်သော်လည်း အခြားရေအရင်းအမြစ်စီမံခန့်ခွဲမှုများနှင့် ရေစီမံမှုဆုံးဖြတ်ချက် ချမှတ်ရန်ပူးပေါင်းပါဝင်ရမှု အဆင့်များတွင်မူ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် နောက်ကျလျက်ရှိနေသည်။ ရေနှင့်ဆက်စပ်သည့်ကဏ္ဍများတွင် အမျိုးသမီးများ၏ ဦးဆောင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ပါဝင်ပူးပေါင်းနိုင်မှုအားမြှင့်တင်ပေးရန် လိုအပ်လျက်ရှိနေသည်။
ကမ္ဘာ့နိုင်ငံများအနက် ကျေးလက်ရေစီမံခန့်ခွဲမှုစနစ်များတွင် အမျိုးသမီးများပါဝင်ရန် သီးသန့်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများပိုင်ဆိုင်သော နိုင်ငံအရေအတွက်မှာ ၅၀ အောက်တွင်သာရှိနေဆဲဖြစ်ကြောင်းသိရသည်။
ရေကဏ္ဍအတွက် အမျိုးသမီးများ၏စွမ်းအား
နေနှင့်လ၊ ရေနှင့်မီး၊ အဖြူနှင့်အမည်း၊ မွေးဖွားခြင်းနှင့်သေဆုံးခြင်း၊ အဖိုနှင့်အမ စသည့် ဆန့်ကျင်ဘက် သဘောတရားများသည် သဘာဝ၏ဟန်ချက်ညီတည်မြဲမှုအား ထိန်းသိမ်းထားကြခြင်းဖြစ်သည်။ တစ်ခုနှင့်တစ်ခုအပြန်အလှန်ထောက်ကူ၍ တစ်ခုလိုအပ်ချက်အား အခြားတစ်ခုကဖြည့်ဆည်းပေးလျက်ရှိကြသည်။ ရေစီမံမှုများအတွက် အမျိုးသားများ၏ ခွန်အားပြည့်စုံမှု၊ နည်းပညာကျွမ်းကျင်မှု၊ ဆုံးဖြတ်ချက်ပြတ်သားမှု၊ အပင်ပန်းခံနိုင်မှုတို့သည် အရေးပါသကဲ့သို့ အမျိုးသမီးတို့၏ စနစ်တကျရှိမှု၊ ခွဲဝေသုံးစွဲတတ်မှု၊ ညှိနှိုင်းစေ့စပ်တတ်မှု၊ ထိုးထွင်းသိမြင်လွယ်မှုနှင့် အနုစိတ်ဖန်တီးတတ်မှုတို့ကလည်း များစွာအကျိုးပြုသည်။
“ကျွမ်းကျင်ရာလိမ္မာ” ဆိုသကဲ့သို့ အမျိုးသမီးများသည် မွေးရာပါသဘာဝအရ ရေစီမံခန့်ခွဲမှုနှင့်နီးစပ်ကြပြီး လူ့အသိုက်အဝန်း၏ ပင်မရေသုံးစွဲသူကိုယ်စားလှယ်များဖြစ်ကြသည်။ နိုင်ငံပေါင်း ၄၉ နိုင်ငံရှိ ရေစီမံကိန်း ၁၂၁ ခုအား လေ့လာမှုများအရ အမျိုးသမီးများပါဝင်မှုသည် စီမံကိန်း
အောင်မြင်မှု၏ အရေးကြီးညွှန်းကိန်းဖြစ်ကြောင်းတွေ့ရှိရသည်။ ရေနှင့်ဆက်စပ်သည့် စီမံကိန်းများတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုဖြင့် စီမံကိန်းထိရောက်မှုအား ခုနစ်ဆအထိ ပိုမိုမြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။
ကမ္ဘာ့နိုင်ငံများ၏ ရေစီမံခန့်ခွဲမှုများတွင် အမျိုးသမီးများပါဝင်မှုကြောင့် အောင်မြင်နေသောစီမံကိန်းများစွာရှိသည်။ အိန္ဒိယနိုင်ငံ သြရိဿ (Odisha) ပြည်နယ်တွင် Jal Jeeva Mission ဖြင့် ကျေးရွာရေအသုံးချမှုစနစ်တွင် အမျိုးသမီး ၅၀ ရာခိုင်နှုန်းကိုယ်စားပြုခြင်းဖြင့် အောင်မြင်လျက်ရှိသည်။ တာဂျစ်ကစ္စတန်နိုင်ငံတွင် ရေအသုံးချမှုအသင်း(WUA)နှင့် ရေအသုံးချသူများအဖွဲ့(WUG)များအား စီမံခန့်ခွဲရန် အမျိုးသမီးများအား လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးခေါင်းဆောင်မှုကဏ္ဍအား ၂၅ ရာခိုင်နှုန်းအထိ တိုးတက်လာစေပြီး သီးနှံထုတ်လုပ်မှုတိုးတက်လာခဲ့သည်။ ဂျော်ဒန်၊ မော်ရိုကို၊ ကာဂျစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မိုဇမ်ဘစ်စသည့် နိုင်ငံတို့တွင်လည်း အမျိုးသမီးများပါဝင်မှုဖြင့် ရေကဏ္ဍဘက်စုံတိုးတက် လာလျက်ရှိသည်။
သို့ရာတွင် ရေစီမံခန့်ခွဲမှုတွင် အမျိုးသမီးများတွေ့ကြုံရနိုင်သော ဥပဒေဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ အခက်အခဲများရှိနေဆဲပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ ၇၀ တွင် ယနေ့အထိ လက်ခံကျင့်သုံးနေဆဲဖြစ်သောအမျိုးသမီးများအတွက် မြေယာပိုင်ဆိုင်ခွင့်နှင့် အမွေဆက်ခံခွင့်ဆိုင်ရာ အခက်အခဲများကြောင့် ရေအသုံးချမှုအသင်းများ၊ ရေစီမံခန့်ခွဲမှုများတွင်ပါဝင်ခွင့်ဆုံးရှုံးနေကြရသည်။ ပညာသင်ကြားခွင့်အားနည်းမှုကြောင့် နည်းပညာလိုအပ်မှု၊ မိသားစုအားပြုစုရသဖြင့် အချိန်ခွဲဝေရန်လိုအပ်မှုတို့သည်လည်း ကြီးမားသောအခက်အခဲများဖြစ်သည်။ ထိုအခက်အခဲများအား ဂရုတစိုက်နားထောင်နားလည်ပေးခြင်း၊ ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ဖြင့် အမျိုးသမီးတို့၏စွမ်းရည်အား ဖန်တီးမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ရေကဏ္ဍစုံဖွံ့ဖြိုးဖို့ ကျား၊ မတန်းတူပါဝင်စို့
ရေဘက်စုံစီမံခန့်ခွဲမှု (Integrated Water Resource Management-IWRM) ဆိုသည်မှာ ရေသယံဇာတနှင့်ဂေဟစနစ်များအား မပျက်စီးစေဘဲ လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရှိစေရေးအတွက် ရေနှင့်ဆက်စပ်သော ကဏ္ဍအသီးသီးအား ခြုံငုံစဉ်းစား၍ ရေ၊ မြေ နှင့် ဆက်စပ်သယံဇာတများအား စနစ်တကျစီမံခန့်ခွဲခြင်းဖြစ်သည်။
စိုက်ပျိုးရေ၊ အိမ်သုံးရေ၊ စက်မှုလုပ်ငန်းသုံးရေများအားစနစ်တကျသိုလှောင်သုံးစွဲခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေစီမံခန့်ခွဲမှုတွင်အမျိုးသမီးများ၏ အခန်းကဏ္ဍအားမြှင့်တင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာနှင့်လူသားအရင်းအမြစ်များ တိုးတက်စေခြင်းစသည့် ရေနှင့်ဆက်စပ်သောစီမံခန့်ခွဲမှု လုပ်ငန်းများအားလုံးပါဝင်သည်။
ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (Sustainable Development Goal) ၁၇ ချက် အနက်မှ SDG-6 မှာ “လူသားအားလုံး သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး(Clean Water and Sanitation)” နှင့် SDG-5 မှာ “ကျား၊ မတန်းတူညီမျှမှုရှိရေး (Gender Equality)” ဖြစ်သည်။ SDG-5 နှင့် SDG-6 အောင်မြင်မှုသည် အခြား SDG များ ရုပ်လုံးပေါ်မှုအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ ရေသယံဇာတအရင်းအမြစ်များအား ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် “ကမ္ဘာ့ရေနေ့”အားလည်း ကမ္ဘာတစ်ဝန်းတွင်နှစ်စဉ်ကျင်းပကြလေ့ရှိသည်။
မြန်မာနိုင်ငံတွင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ (National Water Resources Committee - NWRC) အား ဖွဲ့စည်း၍ ဘက်စုံရေစီမံခန့်ခွဲမှုအား စနစ်တကျဆောင်ရွက်လျက်ရှိပြီး အမျိုးသားရေဥပဒေ (National Water Law) ရေးဆွဲအတည်ပြုနိုင်ရန်လည်းဆောင်ရွက်လျက်ရှိသည်။ ကော်မတီမှ ရေအရင်းအမြစ်များထိန်းသိမ်းရေး၊ ရေစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကြီးကြပ်လျက်ရှိသည်။ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးလျက် ရေအသိပညာပေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။
မြန်မာ့လူဦးရေ ၅၆ ဒသမ ၂ သန်းတွင် ၂၉ သန်းကျော်သည် အမျိုးသမီးများဖြစ်သည်။ ထိုအမျိုးသမီးတို့၏စွမ်းအားသည်လွန်စွာတန်ဖိုးရှိသည်ဖြစ်ရာ အမျိုးသမီးကဏ္ဍတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်း၍ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီ(NWRC)၊ ရေအသုံးချသူများအသင်း(WUA)၊ ရေအသုံးချသူများအဖွဲ့(WUG)၊ ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်(PIM) စသည့်ရေဆိုင်ရာကော်မတီ၊ အသင်းအဖွဲ့များတွင် အမျိုးသမီးများပိုမိုပူးပေါင်းပါဝင်ခြင်းဖြင့် ရေကဏ္ဍစုံပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။
အချုပ်အားဖြင့် ရေကဏ္ဍစုံဖွံ့ဖြိုးမှုသည် လူတစ်ဦးချင်းစီမှ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုအထိ အရေးပါလှသည်။ ရေအရင်းအမြစ်များရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြီးငယ်မရွေး၊ ကျား၊ မ မဟူ၊ လူမျိုးဘာသာမခွဲခြား လူသားအားလုံးတွင် တာဝန်ကိုယ်စီရှိကြသည်ဖြစ်ပေရာ “ရေကဏ္ဍစုံဖွံ့ဖြိုးဖို့ ကျား၊ မတန်းတူပါဝင်စို့”ဟု ၂၀၂၆ ခုနှစ် ကမ္ဘာ့ရေနေ့အား ကဗျာတစ်ပုဒ်ရေးဖွဲ့၍ နှုတ်ဆက်ဂုဏ်ပြုအပ်ပါသည်။ ။
“ရေ”
အမေ့မီးဖိုချောင်ကနေ
ကမ္ဘာ့ငြိမ်းချမ်းရေး မူဘောင်အထိ
ရေဟာ အဓိကဇာတ်ဆောင် ဖြစ်ပါသတဲ့...။
အသက်ဇီဝ၊ စိတ်သုခနှင့်
လူနေမှုဘဝအားလုံး၊ သူကစုရုံးခြယ်လှယ်...။
မြစ်တွေခန်းခြောက်၊ ကန်တွေပျောက်လို့
မိုးပေါက်တွေ နည်းလာတဲ့အခါ...။
(ဟိုမှာ...) ရေသယ်အိုးက ခိုးယူသွားတဲ့
သမီးလေးရဲ့ ကြိုးစားရမယ့် စာသင်ချိန်တွေ...။
မိုးခေါင် ရေပြတ်နေကြတဲ့
ခြောက်ကပ်ကပ် စပါးခင်းတွေ...။
လယ်ယာတွေ စိမ်းစိုလက်လို့
ပုခက်လွှဲလက်တွေ သန်မာတဲ့အခါမှသာ
ကမ္ဘာမြေဟာ အစစ်အမှန် သာယာပါသတဲ့။
(ဒါ့ကြောင့်) ရေကဏ္ဍစုံဖွံ့ဖြိုးဖို့
ကျား၊မ တန်းတူ ပါဝင်ကြပါစို့။ ။
MWD
