မြေဆီလွှာ ကျန်းမာရေး
Posted_Date
Image
Body
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအသီးသီးကို ဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ဆောင်ရွက်နေသည်။
စိုက်ပျိုးရေးကဏ္ဍ၏မျှော်မှန်းချက်မှာ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ဖြစ်သည်။ ၂၀၅၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာ့လူဦးရေသည်သန်းပေါင်း ၉ ဒသမ ၁ သန်းအထိ မြင့်တက်လာနိုင်ပြီး စိုက်ပျိုးသီးနှံလိုအပ်ချက်သည် ယခုလက်ရှိအခြေအနေထက် နှစ်ဆခန့်မြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသဖြင့် စိုက်ပျိုးရေးကဏ္ဍမှ အစားအစာထုတ်လုပ်မှုမြင့်မားရန် လိုအပ်သကဲ့သို့ ထပ်ဆင့်ထုတ်ကုန်အတွက် အရေအတွက်ရော အရည်အသွေးပါမြင့်မားလာရန်လိုအပ်သည်။
စိုက်ပျိုးရေးကဏ္ဍသည် အချိန်၊ ရာသီအခြေအနေအတွင်းတွင် သီးနှံပင်သက်တမ်းအရ အာဟာရဖြည့်တင်းမှုအချိန်ကိုက်ဆောင်ရွက်ပေးနိုင်လျှင် အကျိုးရှိသော စိုက်ပျိုးထုတ်လုပ်မှုဖြစ်ပြီး အထွက်နှုန်းတိုးတက်စေရုံသာမက အရည်အသွေးမီထုတ်ကုန်များကိုပါ ရရှိစေနိုင်သည်။
ယခုအခါတွင် လူမှုဝန်းကျင်နယ်ပယ်အသီးသီး၌ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာထုတ်လုပ်နိုင်ရေး၊ အစားအစာလုံခြုံစိတ်ချမှုရရှိရန်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်ထပ်ဆင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အစရှိသောကဏ္ဍအားလုံးမှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သက်ဆိုင်ဆက်နွှယ်နေသည်။
စိုက်ပျိုးစီးပွားရေးဆိုသည်မှာ စဉ်ဆက်မပြတ်ဆက်နွှယ်နေသောသီးနှံစိုက်ပျိုးမှု၌ အထွက်နှုန်းမြင့်မားခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်အရည်အသွေးကောင်းခြင်း၊ ဈေးနှုန်းတည်ငြိမ်မှုရှိခြင်း၊ စားသုံးသူနှစ်သက်မှု၏ အကျိုးဆက်များပေါ်တွင် မူတည်နေပြီး သီးနှံထုတ်လုပ်မှုမြင့်မားရန်နှင့် အရည်အသွေး တိုးတက်မှုရရှိရန်ပါရည်ရွယ်သည်။ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအားလုံးသည် စိုက်ပျိုးမြေပေါ်တွင် အခြေခံသည်။
မြေဆီလွှာ
မြေဆီလွှာဆိုသည်မှာ ကမ္ဘာ့အပေါ်ယံရှိအလွှာပါးဖြစ်ပြီး အပင်များကြီးထွားရန်အတွက် အထောက်အကူပြု ပြိုကွဲကျေပျက်ပြီးသော တွင်းထွက်သတ္တုများနှင့် ဆွေးမြည့်နေသော သက်ရှိပစ္စည်းများ ရောနှောပါ၀င်ဖွဲ့စည်းထားသည်။
ယေဘုယျအားဖြင့်ခွဲခြမ်းစိတ်ဖြာကြည့်ပါက ရေပမာဏ ၂၅ ရာခိုင်နှုန်း၊ လေထုပမာဏ ၂၅ ရာခိုင်နှုန်း၊ သတ္တုဓာတ် ၄၅ ရာခိုင်နှုန်းနှင့် သစ်ဆွေးဓာတ် ၅ ရာခိုင်နှုန်းရှိသည်။ မြေစိုင်ခဲတည်ရှိမှုမှာသက်ရှိအဏုဇီဝများနှင့် ၎င်းတို့မှစွန့်ထုတ်ရည်(ကော်ဓာတ်)၊ အော်ဂဲနစ်ကာဗွန်သံ/သတ္တုအောက်ဆိုက်များ၊ မြေစေးဓာတ်တို့ပါဝင်သည်။ မြေစိုင်ခဲဖွဲ့စည်းမှုတွင်သက်ရှိအဏုဇီဝများသည်အရေးကြီးဆုံးအခန်းကဏ္ဍမှပါဝင်သည်။
မြေဆီလွှာ၏အရေးပါသောကဏ္ဍခွဲများ
စိုက်ပျိုးမြေ၏အခြေအနေအရေးပါသော လုပ်ငန်းဆောင်တာများအရ အခန်းကဏ္ဍများခွဲခြမ်းကြည့်လျှင် (က) ရူပဂုဏ်သတ္တိ၊ (ခ) ဓာတုဂုဏ်သတ္တိ၊ (ဂ) ဇီဝဂုဏ်သတ္တိ၊ (ဃ) မြေတွင်းနေ သက်ရှိတို့ဖြစ်ပျက်ဆက်နွှယ်မှုများကိုတွေ့ရှိနိုင်သည်။ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု မျှတရေးနှင့်စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စွမ်းရှိစေရန် မြေဆီလွှာကျန်းမာရေးတို့သည် မြေဆီလွှာတွင်ပါဝင်နေသော အခန်းကဏ္ဍအသီးသီးကို အခြေအနေကောင်းများ ရှိနေစေရန် မြေဆီလွှာကိုဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းပေးခြင်း၊ လေလွင့်ဆုံးရှုံးနိုင်မှုပြဿနာရပ်များကိုဆန်းစစ်၍ စနစ်တကျဆောင်ရွက်ခြင်းများလိုအပ်လှသည်။
မြေဆီလွှာ၏ရူပဂုဏ်သတ္တိတွင် မြေမျက်နှာပြင်အနေအထား၊ မြေ၏ကြမ်းတမ်းမှုနှင့်ချောမွေ့မှု၊ အကျယ်အဝန်းပမာဏ၊ မြေအတန်းစားနှင့် တိုက်စားခံစားရမှု၊ မြေ၏အစိုင်အခဲသိပ်သည်းဆ၊ မြေတွင်းစိမ့်ဝင်နိုင်စွမ်းနှင့် လေပေါက်၊ ရေပေါက်ပျံ့နှံ့ပါဝင်မှု၊ ထိုးဖောက်ဝင်ရောက်နိုင်မှုနှုန်း၊ အသုံးချနိုင်သည့်ရေတည်နိုင်မှုစွမ်းအားနှင့် မြေအတိမ်အနက် စသည်တို့ပါဝင်သည်။
မြေ၏ဓာတုဂုဏ်သတ္တိတွင် မြေချဉ်ငန်ဓာတ်(pH)၊ ဓာတ်သဘာဝများဆက်နွှယ်ပြောင်းလဲမှု (EC-Electrical Cond-uctivity)၊ မြေတွင်းဓာတ်ဖိုဖလှယ်နိုင်စွမ်းအား (CEC- Cation Exchange Capa-city)၊ အာဟာရများ၏ ပြောင်းလဲမှုစက်ဝန်း (Nutrient Reserves)၊ သိပ်သည်းဆများ သည့်သတ္တုဓာတ်များ(Heavy Materials)၊ မြေတွင်းဓာတ်သဘာဝများညီမျှခြေရှိမှု (Elemental Balance)၊ ကာဗွန်ဓာတ်ပေါင်းပါဝင်မှု(Carbonates) အခြေအနေများဆက်နွှယ်ပါဝင်သည်။
မြေ၏ဇီဝဂုဏ်သတ္တိများကဏ္ဍမှာ သဘာဝမြေဆွေး (SOC- Soil Organic)၊ အဏုဇီဝများနှင့် သဘာဝမြေဆွေးထုအကြွင်းအကျန်များ၏ ဆွေးမြည့်မှုပြောင်းလဲမှုအချိန်ကာလ(MBC-Mean Residence Time and Turnover)၊ မြေတွင်း၌တီကောင်ပါဝင်မှု(Earthworms)၊ မြေတွင်းရှိအင်ဇိုင်းများ (Soil Enzymes)၊ နီမတုတ်နှင့် အခြားအဏုဇီဝရောဂါပိုးမွှားများ (Nematodes and Pathogens)၊ မိုက်ခရိုရိုက်ဇာမှိုများ(Mycorrhizal Fungi) မြေတွင်းနေသက်ရှိတို့၏ရှင်သန်နေထိုင်မှုအတွက် မြေတွင်းမှာတည်ရှိနေသည့် မြေစိုင်ခဲအကြားရှိ ရေပေါက်၊ လေပေါက်နှင့် လေဝင်လေထွက်များ (Respiration)တို့ပါဝင်သည်။
မြေတွင်းသက်ရှိတို့ဖြစ်ပျက်ဆက်နွှယ်မှုများကဏ္ဍမှာ အာဟာရဓာတ်များ၏ ပြောင်းလဲနေမှုစက်ဝန်း (Nutrient Cycling)၊ ရေအစိုဓာတ်တည်ရှိပါဝင်နိုင်မှု ( Hydrological Budget)၊ တိုက်စားပျက်စီးမှုများ(Erosion)၊ ဇီဝဆိုင်ရာအပင်နှင့်သက်ရှိတို့ဆက်နွှယ်နေမှု(Biodiversity)၊ မြေပြင်ပြုပြင်တည်ဆောက်ပြောင်းလဲနေမှုများ(Landscape Processes) ပါဝင်နေသည်။
မြေတွင်း၌ မြေ၏ဇီဝဂုဏ်သတ္တိနှင့် မြေတွင်းသက်ရှိတို့ ဖြစ်ပျက်ဆက်နွှယ်မှုကဏ္ဍများမှာ မြေဆီလွှာကျန်းမာရေးအတွက် အဓိကဆက်နွှယ်နေသည်။ ထို့အတူ ကဏ္ဍလေးခုလုံးသည်မြေဆီလွှာ၏အရည်အသွေးနှင့်လုပ်ငန်းဆောင်တာများအတွက် ဆက်စပ်ပါဝင်နေသည်။
မြေဆီလွှာတွင်ကြုံတွေ့ရသောပြဿနာရပ်များမှာ မြေဆီလွှာတွင်ကျန်းမာသန်စွမ်းမှု မရှိသော/ချို့တဲ့မှုပြဿနာ၊ မြေတွင်းသက်ရှိများ၏ဘဝကို ပျက်စီးစေသော/ပျက်စီးနေသောပြဿနာ၊ မြေ၏ရုပ်၊ ဓာတ်နှင့်ဇီဝသဘာဝများကို ပျက်စီးစေသော/ ပျက်စီးနေမှုပြဿနာ၊ အပင်အမြစ်များရှင်သန်နိုင်စွမ်း လျော့ကျစေသောပြဿနာ၊ကုန်ထုတ်လုပ်မှုတွင် ဇီဝစက်ဝန်းကို အဟန့်အတားဖြစ်စေကာ အစာအာဟာရစက်ဝန်း ပျက်စီးမှုပြဿနာ၊ အပင်နှင့် အပင်အကြွင်းအကျန်များဖြင့် မြေဆီလွှာဖုံးလွှမ်း ကာကွယ်မှုနည်းခြင်း/မရှိခြင်းပြဿနာ၊ မြေဆီလွှာမျက်နှာပြင်တွင် သဘာဝမြေဆွေးဓာတ် နည်းပါးမှုဖြစ်မှုပြဿနာ၊ မီးရှို့ခြင်း၊ ရိတ်သိမ်းခြင်းနှင့် စားကျက်ခင်းအသုံးပြုခြင်းကဲ့သို့သော အခြားပုံစံအမျိုးမျိုးဖြင့် သီးနှံအကြွင်းအကျန်များကို စိုက်ခင်းမှဖယ်ရှားပစ်ခြင်းပြဿနာအစရှိသဖြင့် ပြဿနာတစ်မျိုးမျိုးသော်လည်းကောင်း၊ မျိုးစုံသော်လည်းကောင်းကြုံတွေ့နိုင်သည်။
ထိုဖြစ်စဉ်အမျိုးမျိုးကြောင့် မြေမျက်နှာပြင်များပြောင်းလဲနေပြီး စိုက်ပျိုးမြေဆီလွှာများနှင့် မြေဆီလွှာတွင်းမှ အပင်အတွက်လိုအပ်သည့် အာဟာရဓာတ်များလည်း ဆုံးရှုံးမှုဖြစ်နေသည်။
ထပ်ဆင့်အမျိုးအစားများခွဲခြမ်းကြည့်လျှင်-
(က) ရူပဂုဏ်သတ္တိပြဿနာရှိမြေ (Physical Problem Soils)
(၁) ရေစိမ့်ဝင်မှုနှေးခြင်း သို့မဟုတ် ရေစိမ့်ဝင်နိုင်မှုမရှိသောမြေ(Slow Permeable Soils /
Impermeable Soils)၊
(၂) မျက်နှာပြင်မာကျောသောမြေ(Soil Surface Crusting)၊
(၃) အောက်ခံမြေလွှာ (Sub Soil Hard Pan)၊
(၄) မြေလွှာပါး (Shallow Soils)၊
(၅) ရေဖြတ်စီးဆင်းမှုအလွန်လျင်မြန်သောမြေ (Highly Permeable Soils)၊
(၆) မြေစေးပါဝင်မှုများသောမြေ (Heavy Clay Soils)၊
(၇) အပင်အမြစ်အကြွင်းအကျန်များသောမြေ (Fluffy Paddy Soils)
(ခ) ဓာတုဂုဏ်သတ္တိပြဿနာရှိမြေ (Chemical Problem Soils )
(၁) ဆားဓာတ်သက်ရောက်မှု ရှိမြေများ (Salt - Affected Soils)၊
(၂) ဆားပေါက်မြေ (Saline Soils)၊
(၃) ဆပ်ပြာပေါက်မြေ(Alkali / Sodic Soils )၊
(၄) ဆား-ဆပ်ပြာပေါက်မြေ (Saline-Alkali/ Sodic Soils)၊
(၅) အက်စစ်ပေါက်မြေ(Acid Soils)၊
(၆) အက်စစ်ဆာလဖိတ်မြေ (Acid Sulphate Soils)၊
(၇)ကယ်စီယမ်များမြေ/ ထုံးပေါက်မြေ(Calcareous Soil)
(ဂ) ဇီဝဂုဏ်သတ္တိပြဿနာရှိမြေ (Biological Problem Soils)
(၁) အော်ဂဲနစ်ကာဗွန်နှင့် မိုက်ခရို အရေအတွက်နည်း/များ(SOC and Microbial Population)၊
(၂) တီကောင်ရှိမှု နည်း/များ(Earthworms)၊
(၃) မြေတွင်းလေဝင်လေထွက် ကောင်း/ဆိုး (Soil Respiration)၊
(၄) မြေဆီလွှာ အင်ဇိုင်းတည်ရှိမှုနည်း/များ (Soil Enzymes)
(ဃ) အာဟာရဓာတ်ချို့ယွင်းမှု/တိုက်စားမှုပြဿနာများ(Nutritional Problem Soils)
မြေဆီလွှာတိုက်စားခံရမှု(Eroded Soils)အဖြစ် မြေဆီလွှာတိုက်စားပြုန်းတီးမှုသည် အများဆုံးမြေဆီလွှာ ဆုံးရှုံးမှုဖြစ်သည်။
Strong Winds, Hard Rains and Flowing Water စသော လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်ခြင်း၊ ရေစီးသန်ခြင်းဖြစ်စဉ်များကြောင့်လည်းကောင်း၊လူများလှုပ်ရှားပြုမူဆောင်ရွက်ချက်များ- အထူးသဖြင့် မြေပြင်ကိုပြုပြင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွန်ယက်ခြင်း၊ လူ့ပယောဂများကြောင့်လည်းကောင်း၊ မြေဆီလွှာ၏ မြေမှုန်များနှင့်အတူ မြေဆီလွှာတွင်းရှိ အာဟာရဓာတ်များပါ တိုက်စားမှုကြောင့် ဆုံးရှုံးသွားရသည်။
အောက်ဖော်ပြပါမြေမျက်နှာပြင်ပေါ်ရှိ ရေဖြင့်တိုက်စားမှု၊ လေဖြင့်တိုက်စားမှု ပုံသဏ္ဌာန်များကြောင့်လည်း မြေဆီလွှာဆုံးရှုံးမှုဖြစ်ပေါ်ရသည်။
၁။ ရေဖြင့်တိုက်စားခြင်း (Causes of Water Erosion)
(က) မိုးစက်နှင်းစက်ကျရောက်၍ မြေတိုက်စားမှု-Raindrop / Splash Erosion၊
(ခ) အလွှာလိုက်ရေတိုက်စားမှု -Sheet Erosion ၊
(ဂ) မြေလွှာအချပ်လိုက်တိုက်စားခံရမှု - Rill Erosion ၊
(ဃ) ရေစီးကြောင်းအတိုင်းတိုက်စားမှု - Gully Erosion၊
(င) မြေအလွှာလိုက်ပြိုကျပျက်စီးတိုက်စားမှု- Stream Channel Erosion
၂။ လေဖြင့်တိုက်စားခြင်း (Causes of Wind Erosion)
(က) အပေါ်ယံလွှာမြေမှုန်တိုက်စားခံရခြင်း - Saltation ၊
( ခ ) မြေစိုင်မြေခဲများလွင့်ပါတိုက်စားခံရခြင်း - Suspension၊
(ဂ) ကုန်းစောင်းတောင်စောင်းများနှင့် အပေါ်ယံမြေလွှာများ လေပြင်းဖြင့် တိုက်စားခံရခြင်း - SurfaceCreep၊
(ဃ) မြေလွှာထုထည်အလိုက်ပျက်စီးတိုက်စားခံရခြင်း - Threshold Velocity ထို့ကြောင့် မြေဆီလွှာများပျက်စီးရခြင်းကိုအကျဉ်းချုံး၍လေ့လာလျှင် မြေဆီလွှာအာဟာရဓာတ်ဆုံးရှုံးမှုသည် မြေဆီလွှာတိုက်စားမှုကြောင့်အများဆုံးဖြစ်ပြီး သီးနှံ၏အထွက်နှုန်းကိုပါ ကျဆင်းစေကြောင်းသိမြင်နိုင်သည်။ ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ သောက်ရေ၊ သုံးရေ၊ သွင်းရေမလုံလောက်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မြေပြိုခြင်းပြဿနာများသည် လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေရုံသာမက စိုက်ပျိုးမြေများကိုပါတိုက်စားခံရကာ ဆုံးရှုံးမှုဖြစ်ပေါ်ပြီး သီးနှံများပျက်စီးခြင်း၊ အထွက်နှုန်းကျဆင်းခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ၊ သောက်ရေ၊သုံးရေ၊ နေရေးထိုင်ရေးကိစ္စအသီးသီးကို ထိခိုက်ပျက်စီးနိုင်ကြောင်း တွေ့မြင်သိရှိနိုင်သည်။
အပင်နှင့်သက်ရှိတို့၏ ဆက်နွှယ်ဖွဲ့စည်းထားသောအခန်းကဏ္ဍများသည် မြေထု၊ လေထုနှင့်မိခင်ကျောက်သားဖွဲ့စည်းမှု (သက်နု၊ သက်လတ်၊ သက်ရင့်အဆင့်ဆင့်ဖြစ်ပေါ်မှု)၊ ဇီဝသဘာဝများတည်ရှိမှုနှင့် အာဟာရစွမ်းရည်ရရှိနိုင်မှု ကဏ္ဍများဟု အသီးသီးဆက်နွှယ်မှုကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် မြေဆီလွှာ၏ ကျန်းမာရေးကို ဂရုတစိုက်ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍသည် အရေးကြီးကြောင်း သိရှိစေရန်တင်ပြအပ်ပါသည်။ ။
MWD



