လက်ဆင့်ကမ်းအမွေ
Posted_Date
Image
Body
စာရေးသူမှာ တပ်မတော်သား မိသားစုဝင်တစ်ဦး မဟုတ်သော်လည်း တပ်မတော်နှင့်မစိမ်းလှပေ။ နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် နေရာဒေသအနှံ့သို့ ရောက်ရှိတာဝန်ထမ်းဆောင်စဉ် ဒေသခံတပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများနှင့် အကြောင်းအားလျော်စွာ ထိတွေ့ဆက်ဆံခဲ့ရသည်။ လုပ်ငန်းတာဝန်များ အတူတကွ ထမ်းဆောင်ခဲ့ရဖူးသည်။
နေရာဒေသအလိုက် တပ်ဖွဲ့အမျိုးအစားများ မတူညီကြသော်လည်း သူတို့အားလုံးတွင် တူညီသော အရာတစ်ခုရှိနေသည်ကို သတိထားမိပါ၏။ ထိုအရာမှာ အထက်အောက်ရိုသေလေးစားမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကို ကျောရိုးမဏ္ဍိုင်ပြုထားသည်ဆိုသော အချက်ပင်။ ပမာပြုရသော် ပန်းတို့မည်သည် အမျိုးမျိုးအစားစားကွဲပြားကြသော်ငြား လှပသောအဆင်အသွေးနှင့် မွှေးပျံ့သောရနံ့တို့ ကိုယ်စီရှိကြသည့်နှယ်ဖြစ်ပါသည်။ တပ်မတော်သားတို့မည်သည်လည်း ထမ်းဆောင်ရသည့် တာဝန်နှင့် ရာထူးအဆင့်အလိုက် ကွဲပြားနိုင်သော်ငြား နိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးကိုရှေးရှု၍ ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲဦးထိပ် ထားလေ့ရှိသည်မှာ တစ်သားတည်း တစ်ထပ်တည်းပင်ဖြစ်ကြပါ၏။
တပ်မတော်၏ ဒီအင်န်အေဟု ဆိုအပ်သည့် ထိုကျောရိုးမဏ္ဍိုင် အမှတ်လက္ခဏာများနှင့် ယုံကြည်ချက်၊ ခံယူချက်များ ယနေ့တိုင် တပ်မတော်သားအားလုံး၏ ရင်ထဲ၊ နှလုံးသားထဲတွင် ရှင်သန်ခိုင်မြဲနေရခြင်းမှာ မွန်မြတ်သည့် အစဉ်အလာကောင်းများအဖြစ် မျိုးဆက်ပေါင်းများစွာက ခေတ်သမိုင်းအဆက်ဆက် လက်ဆင့်ကမ်းအမွေအဖြစ် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းကြောင့်ဖြစ်မည်ဟု စာရေးသူ ယူဆမိပါ၏။ စာရေးသူကြည့်လိုက်ရသော ရုပ်သံသတင်းတစ်ပုဒ်ကလည်း ထိုအယူအဆကို ပို၍ခိုင်မာစေခဲ့ပါသည်။
မှန်ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က ကြည့်ရှုလိုက်ရသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားပင်ဖြစ်ပါ၏။
စာရေးသူလုပ်ငန်းခွင်မှ သက်ပြည့်ပင်စင်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှ ကြာမြင့်ခဲ့ပါပြီ။ လျင်မြန်စွာစီးဆင်းနေသော သတင်းခေတ်ကြီးထဲတွင် မျက်မှောက်ခေတ် ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးများနှင့်မျက်ခြည်မပြတ်စေခြင်းငှာ သတင်းများကို နေ့စဉ်စားသုံးနေရပါသည်။
သတင်းများ စီးဆင်းပုံကလည်း အမျိုးမျိုးဖြစ်သည်။
လူမှုကွန်ရက်မီဒီယာများတွင် သတင်းများက အဆီးအတားမရှိ အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေကြသည်။ သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေတတ်သည်။ အဆိပ်အတောက်၊ အညစ်အကြေးများ ပြည့်နှက်ဖုံးလွှမ်းနေတတ်သည်။ သတင်းများ၏ မှန်ကန်စိတ်ချရမှုတန်ဖိုးက အထိန်းအကွပ်မဲ့စွာ ပရမ်း
ပတာဖြစ်နေတတ်သည်။ တစ်ဖက်တွင် တရားဝင်ထုတ်ဝေနေသည့် ပုံနှိပ်မီဒီယာများရှိသည်။ တရားဝင်ထုတ်လွှင့်နေသည့် ရုပ်သံမီဒီယာများရှိသည်။ သတင်းစီးဆင်းမှု အနည်းငယ်ကြန့်ကြာသည်ဟု ထင်ရသော်လည်း ၎င်းတို့၏ အားသာချက်မှာ ရာနှုန်းပြည့် မှန်ကန်စိတ်ချရမှုရှိခြင်းပင်ဖြစ်သည်။ အဆင့်ဆင့်သော နေရာဌာနတိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် သတင်းစစ်၊ သတင်းမှန်များကို ပြည်သူလူထုလက်ဝယ်သို့ မွန်မြတ်သော ရည်ရွယ်ချက်ကောင်းများဖြင့် ပို့ဆောင်ပေးနေကြခြင်းဖြစ်သည်။
စာရေးသူတို့အိမ်တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာ သုံးစောင်လုံးယူထားသည်။ ဈေးနှုန်းများကလည်း သင့်တင့်မျှတသည်။ သတင်းစာသုံးစောင်လုံးအတွက် တစ်လတာကျသင့်ငွေမှာ လက်ဖက်ရည်ဝိုင်းတစ်ဝိုင်းစာမျှသာရှိသည်။ ညရှစ်နာရီဆိုလျှင် စာရေးသူတို့မိသားစု အားလုံးဧည့်ခန်းသို့ စုရုံးရောက်ရှိနေတတ်သည်မှာ အစဉ်အလာတစ်ခုလိုပင်ဖြစ်နေသည်။ မြဝတီနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှထုတ်လွှင့်မည့် နေ့စဉ်သတင်းများကို ကြည့်ရှုနိုင်ရန်ဖြစ်သည်။ ကျေနပ်စရာအကောင်းဆုံးမှာ စာရေးသူအဖို့ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ခိုင်ခိုင်လုံလုံ၊ တိတိကျကျနှင့် မှန်မှန်ကန်ကန် သုံးသပ်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ရရှိစေခြင်းပင်ဖြစ်သည်။
စာရေးသူညွှန်းဆိုလိုသည့် အခမ်းအနားမြင်ကွင်းမှာ ခမ်းနားလေးနက်လှသည်နှင့်အမျှ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်လျှမ်း၍နေပါသည်။ လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးတို့ အလေးပြုခံစင်မြင့်ထက်တွင် အတူယှဉ်တွဲလျက် ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူကြပုံ၊ ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးနေပုံတို့မှာ တပ်မတော်၏ စည်းစနစ်ကျနမှု၊ စည်းကမ်းသေဝပ်မှုနှင့် လေးနက်သော အဓိပ္ပာယ်တို့ ထင်ဟပ်ပေါ်လွင်နေပါသည်။ ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူနေစဉ် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ထပ်မံဂုဏ်ပြုပစ်ဖောက်လိုက်ပုံမှာ ကြက်သီးမွေးညင်းထဖွယ်ဖြစ်ပါသည်။
လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓားနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးပုံ၊ တစ်ဖန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးက တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓားကို ဂါရဝပြု ပြန်လည်ပေးအပ်နေပုံ မြင်ကွင်းတို့မှာ အထက်အောက်ရိုသေ လေးစားမှုသဘော၊ စည်းလုံးညီညွတ်မှုသဘောနှင့် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှု တရားဆိုသည့် ရဲဘော် စိတ်ကိုပေါ်လွင်စွာ ထင်ဟပ်ဖော်ကျူးနေသည်ဟု စာရေးသူခံစားရပါ၏။
အခမ်းအနားတွင် တပ်မတော်အကြီးအကဲနှစ်ဦး၏ မိန့်မှာချက်များမှာလည်း တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံတော်အတွက်ပါ အလေးအနက်ထား လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များပင်ဖြစ်ပါသည်။
လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ ဂုဏ်ပြုမိန့်ခွန်းတွင် “မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏တာဝန်များကို စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်၊ မြန်မာတည်သရွေ့ မြန်မာ့တပ်မတော်တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူ လူထုကအားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်း”အပြန်အလှန်အမှီသဟဲပြုလျက်ရှိသည့် နိုင်ငံတော်နှင့်တပ်မတော် ဖြစ်တည်မှုနှစ်ရပ်၏ အခန်းကဏ္ဍကို ထည့်သွင်းပြောကြားခဲ့ပါသည်။ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန် အတွေ့အကြုံရင့်ကျက်သော နောင်တော်ကြီးတစ်ဦး၏ မေတ္တာနှင့်ယှဉ်သော ဆုံးမလမ်းညွှန်မှုအဖြစ် ခံစားရစေပါသည်။
ထို့အတူ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူရဲဝင်းဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်”တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကိုထမ်းဆောင် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း”ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် နောင်တော်ခေါင်းဆောင် အဆက်ဆက်တို့၏ ဆုံးမသွန်သင်မှုများ၊ လမ်းညွှန်မှာကြားမှုများအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မည့် တက်ကြွထက်သန်သော စိတ်နေစိတ်ထားကို အတိုင်းသားတွေ့မြင်ရပါသည်။
တပ်မတော်အကြီးအကဲနှစ်ဦးတို့၏ ထိုမြင်ကွင်းပုံရိပ်များမှာ ကြည်နူးခြင်း၊ ဝမ်းသာခြင်း၊ ဂုဏ်ယူခြင်းတို့နှင့်အတူ ကြည့်ရှုနေသူစာရေးသူတို့ကိုပင် ကူးစက်ခံစားရစေပါသည်။ တပ်မတော်အကြီးအကဲ နှစ်ဦးသည် တက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြပုံမှာ နွေးထွေးရင်းချာလှသည့် မိသားစုများသဖွယ် စည်းလုံးညီညွတ်သည့်မြင်ကွင်းသရုပ်နှင့် ချစ်ခင်လေးစားသည့် ပြယုဂ်ကို တစ်ပြိုင်တည်းတွေ့လိုက်ရခြင်းပင်ဖြစ်ပါသည်။
တီဗွီဖန်သားပြင်မှ သတင်းပုံရိပ်များပေါ်တွင် သက်ဝင်စီးမျောနေသော စာရေးသူတို့ မိသားစုမှာ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လက်ဆင့်ကမ်းလွှဲပြောင်း ပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာသည်အထိ ကြည့်ရှုနေကြရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုလိုက်သည့် သီချင်းသံကိုကြားလိုက်ရမှပင် သတိပြန်ဝင်လာပါတော့သည်။
အလားတူပင် လက်ရှိမြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်းနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းတို့၏ တာဝန်လွှဲပြောင်းမှု အခမ်းအနားကိုလည်း တပ်မတော်၏ ကောင်းမြတ်သောအစဉ်အလာများကို လက်ဆင့်ကမ်း ထမ်းဆောင်ကြသည်နှင့်အညီ အနှစ်သာရပြည့်ဝစွာ ကြည့်ရှုတွေ့မြင်ခဲ့ရပါသည်။
ထိုမြင်ကွင်းများကိုကြည့်ရှုပြီးနောက် တပ်မတော်၏ အစဉ်အလာကောင်းများနှင့် လက်ဆင့်ကမ်း အမွေဆိုသည့် အဓိပ္ပာယ်ကို စာရေးသူပိုမိုနားလည်လာမိပါသည်။ မြန်မာနိုင်ငံသမိုင်းကြောင်း တစ်လျှောက်မှ ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ဦးဆောင်နိုင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ခြင်း ဆိုသည်မှာ ခေတ်အဆက်ဆက်လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစ၍ လွတ်လပ်ရေးရပြီးနောက် မျက်မှောက်ကာလအထိ အဆင့်ဆင့်သော တပ်မတော် ခေါင်းဆောင်ကြီးများ၊ မိဘ၊ ဆရာသမားများ၏ သွန်သင်ဆုံးမမှုများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အဆင့်ဆင့်လက်ဆင့်ကမ်း သွန်သင်ဆုံးမမှုများကြောင့် ခိုင်မာစွာရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။ ပြည်တွင်းရန်၊ ပြည်ပရန်တို့ကို တွန်းလှန်တိုက်ဖျက်နိုင်ခြင်းဖြစ်ပါသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းဖြစ်ပါသည်။
ဝန်ထမ်းငယ်ဘဝမှသည် ယနေ့အငြိမ်းစားယူပြီးသည်အထိ စာရေးသူမျက်ခြည်မပြတ်သတိပြုမိသည်မှာ တပ်မတော်သားများအနေဖြင့် တိုင်းရင်းသားပြည်သူများက မွေးဖွားလာသော မျိုးချစ်တပ်မတော်သားများအဖြစ် ခံယူကြပြီး အဆင့်ဆင့်သော ခေါင်းဆောင်များနှင့် ချမှတ်ထားသော လမ်းညွှန်ချက်များကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်လျက်ရှိနေကြသည် ဆိုသောအချက်ပင်ဖြစ်ပါသည်။ အစဉ်အလာကောင်းများနှင့်အညီ တပ်မတော်ကြီးထာဝစဉ်နုပျိုနေစေရန် အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ အင်အားပြည့်ဝသည့် တပ်မတော်၊ စွမ်းရည်ထက်မြက်သည့်တပ်မတော် အဖြစ် ဆက်လက်တည်ဆောက်လျက် ရှိနေကြသည်ဆိုသော အချက်ပင်ဖြစ်ပါသည်။
စာရေးသူတို့နိုင်ငံ၌ မကြာမြင့်သော ကာလမှာပင် ပြည်သူများလိုလားသည့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာတော့မည်ဖြစ်ပါသည်။ ၎င်းအစိုးရသစ်သည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်စေရန်၊ တရားဥပဒေစိုးမိုးစေရန်၊ ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေစေရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ကြတော့မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အထူးလိုအပ်သည့်အတွက် တပ်မတော်၏ အခန်းကဏ္ဍမှာလည်း အလွန်မှပင်အရေးကြီးပြီး အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် အစဉ်အလာမပျက် တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင် သွားရမည်ဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်၏အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်အောင် သမိုင်းကြောင်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းအမွေအဖြစ် ဤသို့ ခမ်းနားလေးနက်စွာ လွှဲပြောင်းဆက်ဆံနေသည့်မြင်ကွင်းမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှပါသည်။ တပ်မတော်အကြီးအကဲနှစ်ဦး၏ နိုင်ငံတော်နှင့် တပ်မတော်အတွက် မိန့်မှာချက်များမှာလည်း အထူးပင်မှတ်သား လိုက်နာဖွယ်ဖြစ်ပါသည်။
ထို့အတူပင် နိုင်ငံတော်သီချင်း၌ “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ”ဟူ၍ပါရှိပါသည်။ စာရေးသူတို့၏ ဘိုးဘွားမိဘများ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့သော အမွေဖြစ်ပါသည်။ ထိုအမွေမှာ “မြန်မာပြည်”ပင်ဖြစ်ပါသည်။ စာရေးသူတို့လက်ရှိနေထိုင်နေသော အမိမြန်မာပြည်ကြီးသည် ဘိုးဘွားအစဉ်အဆက်တို့ အသက်၊ သွေး၊ ချွေးများစွာစတေးပြီး ရယူပေးခဲ့သောနိုင်ငံတော်ဖြစ်ပါသည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် မိမိတို့၏ အသက်ကိုမငဲ့ကွက်ဘဲ ကာကွယ်စောင့်ရှောက်၍ လက်ဆင့်ကမ်းပေးခဲ့သောထိုအမွေကို တန်ဖိုးထား ထိန်းသိမ်းကာကွယ် ကြရမည်ဖြစ်ပါသည်။
အနှစ်ချုပ်ဆိုရပါသော် တပ်မတော်သားများ အပါအဝင် မိမိတို့ နိုင်ငံသူနိုင်ငံသား အားလုံးတို့ကလည်း နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိချမှတ်ထားခဲ့သည့် မွန်မြတ်သည့်လက်ဆင့်ကမ်း အမွေများကိုထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရမည်ဖြစ်ပါကြောင်း ညွှတ်နူးသော စိတ်နှလုံးဖြင့် ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။
MWD
