မြေဆီလွှာကောင်းမွန်စေရန် သဘာဝမြေဩဇာ သုံးစွဲခြင်း

Posted_Date

Image

မြေဆီလွှာကောင်းမွန်စေရန် သဘာဝမြေဩဇာ သုံးစွဲခြင်း

Body

မြေဩဇာများ လိုအပ်လာခြင်း

     ယနေ့အချိန်ကာလတွင် လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားရေရိက္ခာ ဖူလုံရေးအတွက် သီးနှံများ စိုက်ပျိုးထုတ် လုပ်ရာ၌ တစ်သီးစားသာမက နှစ်သီးစား၊ သုံးသီးစား စသည်ဖြင့် သီးထပ်စွမ်းအားကို တိုးမြှင့်ပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်သည်။ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များမှာ စိုက်ထားသည့်အပင် နှင့် မြေကြီးအတွင်းရှိ အဏုဇီဝသက်ရှိ များမှ စားသုံးခြင်း၊ ရေသွင်းရေထုတ်အကြိမ် ရေများ၍ ရေတွင်ပါသွားခြင်း၊ အပေါ်ယံ မြေဆီလွှာအား ရေနှင့်လေတိုက်စားခံရခြင်း  စသည့်ပုံစံအမျိုးမျိုးဖြင့် ဆုံးရှုံးလျက်ရှိပြီး စိုက်ပျိုးမြေဆီလွှာ၏ အဆင့်အတန်း မှာလည်း နိမ့်ကျလာလျက်ရှိသည်။ ယင်း အကြောင်းတရားများကြောင့် မူလကမည်မျှပင် မြေဆီဩဇာကောင်းမွန်သည် ဖြစ်စေ သီးထပ်စွမ်းအားမြင့်မားလာသည် နှင့်အမျှ မြေဆီလွှာတွင်းရှိ အာဟာရဓာတ် များ တစ်နေ့တခြား ယုတ်လျော့ကျဆင်း လာရခြင်းဖြစ်သည်။ သီးနှံအထွက်နှုန်း ကောင်းစေရေးအတွက် သီးနှံပင်လိုအပ် သည့်  အာဟာရဓာတ်များကို ဓာတ်မြေဩဇာ၊ ဇီဝမြေဩဇာ၊ သဘာဝမြေဩဇာများ  အသုံးပြု၍ ထည့်သွင်းပေးရန် မဖြစ်မနေ လိုအပ်လာပြီဖြစ်သည်။ 

မြန်မာနိုင်ငံနှင့် ဓာတ်မြေဩဇာ

      မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာကို ၁၉၅၆-၁၉၅၇ ခုနှစ်တွင် စပါးသီးနှံ၌ စတင်သုံးစွဲခဲ့ကြသော်လည်း ၁၉၇၈ ခုနှစ် နောက်ပိုင်းမှသာ တွင်ကျယ်စွာသုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ ဓာတ်မြေဩဇာများ သုံးစွဲခြင်းကြောင့် အားသာချက်များအနေဖြင့် အချိန်တိုအတွင်း အာနိသင်လျင်မြန်စွာပြသခြင်း၊ အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ သုံးစွဲရာတွင် ကရိကထနည်းခြင်း၊  အထွက်နှုန်းတိုး စေခြင်း စသည့်ကောင်းကျိုးများရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် အားနည်းချက်များ အနေဖြင့် ဓာတုဓာတ်ကြွင်းများနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများရှိခြင်း၊ လွန်ကဲ စွာသုံးပါက အပင်ကိုလောင်စေခြင်း၊ အင်း ဆက်၊ ပိုးမွှား၊ ရောဂါများကျရောက်မှု ပိုမို များပြားခြင်း၊  အလွန်အကျွံရေရှည်သုံးစွဲ ပါက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ခြင်း၊ ရေထုညစ်ညမ်းလာခြင်း၊ သဘာဝ ဂေဟစနစ်ပျက်စီးလာခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်လာစေပါသည်။ 

သဘာဝမြေဩဇာ ဆိုသည်မှာ

    မြေဩဇာဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆို ထားချက်အရ သဘာဝမြေဩဇာဆိုသည် မှာ သက်ရှိသတ္တဝါနှင့် အပင်တို့၏ရုပ်ကြွင်း များ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်း များကိုလည်းကောင်း၊ ယင်းတို့ကို ဆွေးမြည့် စေပြီး ပြုပြင်စီမံ၍ရရှိသော ပစ္စည်းများကို လည်းကောင်း ဆိုလိုခြင်းဖြစ်သည်။ 

သဘာဝမြေဩဇာများအသုံးပြုသင့်သည့် အကြောင်းရင်းများ

    ဓာတ်မြေဩဇာအများစုမှာ ပြည်ပမှဝယ်ယူတင်သွင်းရခြင်းဖြစ်ပြီး လက်ရှိ ကာလတွင် ဈေးနှုန်းအနေဖြင့်လည်း  ကြီးမြင့်လာလျက်ရှိသည်။  ၎င်းအပြင် ဓာတ်မြေဩဇာများသည် မြေဩဇာအိတ် တွင်ဖော်ပြထားသည့် အမျိုးအစားနှင့် ပါဝင် သည့်အချိုးအစားပေါ်မူတည်၍ အပင် အတွက် လိုအပ်သည့် အာဟာရဓာတ်ကို သာ ပေးစွမ်းနိုင်သည်။ သဘာဝမြေဩဇာ များသည် ဓာတ်မြေဩဇာနှင့် နှိုင်းယှဉ်ပါ က အာဟာရဓာတ်တစ်မျိုးစီ ပါဝင်မှုနည်း သော်လည်း အပင်မှလိုအပ်သော အာဟာရ ဓာတ်များ စုံလင်စွာပေးစွမ်းနိုင်ရုံသာမက မြေဆီလွှာကျန်းမာရေးကိုပါ အထောက် အကူပြုနိုင်စွမ်းရှိသည်။ သဘာဝမြေဩဇာ များကို အသုံးပြုမည်ဆိုပါက သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေနိုင်ခြင်း၊ ရေရှည်တွင် မြေဆီလွှာကောင်းမွန် လာစေခြင်း၊ ရေထိန်းစွမ်းအားကောင်း စေခြင်း၊ မြေတွင်းရှိ အဏုဇီဝသက်ရှိများ အတွက် အထောက်အကူပြုခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေခြင်း၊ သီးနှံများ ၏အရသာနှင့် အရည်အသွေး ကောင်းမွန်စေခြင်း၊ ဘေးအန္တရာယ်ကင်းသော သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေခြင်းစသည့် ကောင်းကျိုးများကို  ရရှိစေနိုင်မည်ဖြစ် သည်။ သီးနှံအထွက်ကောင်းစေရန်နှင့် မြေဆီလွှာကျန်းမာစေရန်အတွက် ဓာတ် မြေဩဇာနှင့်အတူ သဘာဝမြေဩဇာများ ကို မဖြစ်မနေထည့်သွင်းအသုံးပြုသင့်ပါ သည်။

အသုံးများသော သဘာဝမြေဩဇာများ

     သဘာဝမြေဩဇာပြုလုပ်နည်း များစွာရှိသည့်အနက်မှ တောင်သူလယ်သမားဦးကြီးများ အလွယ်တကူနှင့် အများဆုံး ပြုလုပ်အသုံးပြုနိုင်သည့် သဘာဝမြေဩဇာ နည်းပညာအချို့မှာ-

(က) သဘာဝမြေဆွေးများ

    သဘာဝမြေဆွေးသည် ကုန်ကျစရိတ် သက်သာစွာစိုက်ပျိုးသူများ ကိုယ်တိုင် အလွယ် တကူပြုလုပ်သုံးစွဲနိုင်သော သဘာဝ မြေဩဇာဖြစ်သည်။  မြေဆွေးပုံပြုလုပ်နည်း မှာ  အရိပ်ရသောနေရာတွင်   အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ အရွယ်အပုံ(သို့) ကျင်းများတွင် ပြုလုပ်ပါ။ ကာဗွန် ပါဝင်မှုများသော ကုန်ကြမ်းများ (ဥပမာ-ကောက်ရိုး၊ သစ်ရွက်ဆွေး၊ စပါးခွံ) များကို အောက်ခြေတွင်  ၆ လက်မအမြင့်ခင်းပါ။ နိုက်ထရိုဂျင်ပါဝင်မှုများသော ကုန်ကြမ်း များ (ဥပမာ-စွန့်ပစ် အစားအစာ၊ ဥခွံ၊ အသီးအရွက်အခွံများ)ကို နောက်ထပ် ၆ လက်မ အထူထပ်ခင်းပါ။ နွားချေးဆွေး၊ ကြက်ချေးဆွေးတို့ကို    ယင်းအပေါ်မှ ၂ လက်မခန့် အထူခင်းပါ။ ၎င်းအလွှာစဉ် အတိုင်း  ၃ ပေအမြင့် ရောက်သည်အထိ ထပ်ပေးပါ။ အစိုဓာတ်အသင့်အတင့်ရရန်  ညီညာစွာ ရေလောင်းပါ။ လေဝင်လေထွက်ကောင်းရန် အပုံတစ်ဖက်တစ်ချက်စီတွင် ဝါးလုံးများ ရိုက်သွင်းပါ။ မြေဆွေးပုံများ ကို အပူချိန်ထိန်းထားနိုင်ရန် ကောက်ရိုး၊ မြေကြီးစသည်တို့ဖြင့် ဖုံးပေးရန်လိုသည်။ ရက်သတ္တ နှစ်ပတ်ခန့်အကြာတွင် မြေဆွေးပုံ ကို အပူချိန်လွန်ကဲမှုမရှိစေရန် အဖုံးအကာ များကို (၁၅)မိနစ်ခန့်လှပ်ပေးပါ။ အပေါ် အောက် သမအောင်မွှေနှောက်လှန်ပေးပါက ပိုကောင်းပါသည်။ သုံးလေးလခန့်အကြာ တွင်ကောင်းစွာဆွေးမြည့်နေသော မြေဆွေး မြေဩဇာကို ရရှိမည်ဖြစ်သည်။ အကျိုးပြု အဏုဇီဝများ (Effective Microbe, EM ) နှင့် ထရိုင်ကိုဒါးမား (Trichoderma) တို့ကို ထည့်ပေးခြင်းအားဖြင့် မြေဆွေးပုံဆွေးမြည့်မှုကို လျင်မြန်စေနိုင်ပါသည်။

(ခ) တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ 

    ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက် စသည့် တိရစ္ဆာန်များမှ ကျင်ကြီး၊ ကျင်ငယ် အညစ် အကြေးများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုကြသည်။ သတိပြုရမည့်အချက် မှာ ကောင်းစွာဆွေးမြည့်ပြီးသော တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများကိုသာ စိုက်ခင်းအတွင်း သို့ ထည့်သွင်းရန်ဖြစ်သည်။ အာဟာရ ဓာတ်ပါဝင်မှုသည် ဓာတ်မြေဩဇာများနှင့် နှိုင်းယှဉ်ပါက နည်းပါးသော်လည်း မြေဆီ လွှာရေရှည်  ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူရစေနိုင်ပါသည်။

(ဂ) သစ်စိမ်းမြေဩဇာ 

    သီးနှံပင်များကြီးထွားစေရန်အတွက် အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ် လိုအပ် သည်။ စိုက်ခင်းများတွင် နိုက်ထရိုဂျင်ဓာတ်ရရှိစေရန် သစ်စိမ်းမြေဩဇာများ ပြုလုပ်သုံးစွဲသင့်သည်။ ပဲမျိုးရင်းဝင်အပင်များတွင် နိုက်ထရိုဂျင်ပါဝင်မှုများသဖြင့် သီးနှံများ မစိုက်ပျိုးမီ (သို့မဟုတ်) သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ထားချိန်တွင် အကြီးမြန် သော ပဲမျိုးရင်းဝင်အပင်များနှင့် ပိုက်ဆန်လျှော်များအား ပန်းပွင့်ချိန်တွင် ထယ်ထိုး မြေမြှုပ်ပြီး မြေဆီလွှာအာဟာရဓာတ် တိုးတက်အောင် ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်သည်။

(ဃ) သီးနှံပင်အကြွင်းအကျန်များ 

    စိုက်ခင်းထဲသို့ သီးနှံပင် အကြွင်းအကျန်များကို  ထည့်သွင်းပေးခြင်းဖြစ်သည်။ မည်သည့် သီးနှံပင်အကြွင်းအကျန်မဆို အသုံးပြုနိုင်သော်လည်း အာဟာရဓာတ် ပါဝင်မှုများသည့် ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ စပါးခွံ၊ မြေပဲခွံ၊ ဗေဒါဆွေး၊ ကြံမြှုပ်ချေး၊ တမာကြိတ်ဖတ်တို့ကို အသုံးပြုခြင်းသည် မြေဆီဩဇာ ပိုမိုထက်သန်စေပါသည်။

(င) ဘိုင်အိုချာ(Biochar) 

    ဘိုင်အိုချာဆိုသည်မှာ သီးနှံပင်အကြွင်း အကျန်များဖြစ်သည့် သစ်တို၊ သစ်စ၊ ဝါး၊ လွှစာမှုန့်၊ သစ်ရွက်ခြောက်၊ သစ်ကိုင်း ခြောက်၊ သစ်ခေါက်၊ စပါးခွံ၊ ပဲခွံ၊ ပဲရိုး၊ သစ်မာသီးခွံ၊ သီးနှံရိုးပြတ် အကြွင်းအကျန်များ စသည်တို့ကို အောက်ဆီဂျင်လုံးဝမရှိ သည့်အခြေအနေ သို့မဟုတ် အနည်းငယ် သာရှိသည့် အခြေအနေမျိုး (Pyrolysis) တွင် မီးပြင်းပြင်းဖြင့် ပြာအဆင့်ထိ မရောက်စေဘဲ လောင်ကျွမ်းသွားအောင် စနစ်တကျမီးရှို့ ခြင်းဖြစ်သည်။ ဥပမာ ကုန်ကြမ်းအနေဖြင့် စပါးခွံကိုအသုံးပြုပြီး ပြာအဆင့်အထိ မရောက်စေဘဲ မီးသွေးဖြစ်ရုံအဆင့်သာ စနစ်တကျ မီးရှို့ခြင်းဖြင့် စပါးခွံမီးသွေးကို ရရှိမည်ဖြစ်သည်။ ဘိုင်အိုချာသည် မြေဆီ လွှာကိုပွမွစေပြီး လေဝင်လေထွက်ကောင်း သဖြင့် အဏုဇီဝပိုးများ ပိုမိုများပြားလာစေပြီး  မြေဆီလွှာကို  ထက်သန်စေပါသည်။

(စ) အော်ဂဲနစ်ရွက်ဖျန်းမြေဩဇာ 

    ပဲဖတ်၊ နှမ်းဖတ်တို့ကို အချဉ်ဖောက်၍ လည်းကောင်း၊  တိရစ္ဆာန်ချေးများနှင့် ငါးစွန့်ပစ်ပစ္စည်းများကို အချဉ်ဖောက်၍လည်းကောင်း  ရွက်ဖျန်းမြေဩဇာပြုလုပ်၍ အပင်အားဆေးအဖြစ် သုံးစွဲခြင်းဖြစ်သည်။

(ဆ) အကျိုးပြုအဏုဇီဝနည်းပညာ 

    သဘာဝအလျောက်တည်ရှိသော အကျိုး ပြုအဏုဇီဝများကို  ထုတ်ယူမွေးမြူ၍ စိုက်ပျိုးမြေများတွင် ထည့်သွင်းပေးခြင်းဖြင့် မြေဩဇာထက်သန်ကောင်းမွန်ပြီး ရောဂါ ပိုးမွှားကင်းစင်စေသည့် နည်းပညာဖြစ် သည်။ မိမိကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင် သလို အသင့်ထုတ်ပြီး အကျိုးပြုအဏုဇီဝ ဆေးအမျိုးမျိုးကိုလည်း ဝယ်ယူသုံးစွဲနိုင်ပါ သည်။

(ဇ) တီကောင်မွေးမြူခြင်း 

    တီကောင်ကို သီးနှံပင်အကြွင်းအကျန် များကျွေး၍မွေးမြူပြီး တီကျစ်စာမြေဆွေး နှင့် တီမြေဩဇာရည်ကို ထုတ်လုပ်သုံးစွဲ နိုင်သည်။ တီကောင်များကို မြေကျင်းကန်၊  အုတ်ကန်၊ ပလတ်စတစ်ကန်၊ မိုးကာကန် တို့ဖြင့်ဖြစ်စေ၊ ဝါးကတ်များ သစ်သားများ ကာ၍ ဖြစ်စေ၊ ကွန်ကရစ် ခွေများအသုံးပြု၍ ဖြစ်စေ၊ နည်းလမ်းမျိုးစုံဖြင့် ကန်ပြုလုပ်ပြီး တစ်ပိုင်တစ်နိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း မွေးမြူနိုင်သည်။  တီကျစ်စာမြေဆွေးသည် ရိုးရိုးမြေဆွေး ထက် အာဟာရဓာတ်ပါဝင်မှု ပိုများပြီး သီးနှံပင်များအတွက် အထွက်နှုန်းသာမက အရည်အသွေးကိုပါ ပိုမိုကောင်းမွန်စေသည်။ ရောဂါပိုးမွှားများ ကာကွယ်နှိမ်နင်းရာတွင်လည်း  အသုံးပြုနိုင်ပါသည်။

သဘာဝမြေဩဇာများ ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေး သဘာဝမြေဩဇာများကို ပိုမိုထုတ်လုပ် အသုံးပြုလာစေရေးအတွက်  စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့်   သင်တန်းများပို့ချခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်း စသည်တို့ကို စဉ်ဆက်မပြတ်ပညာပေး  ဆောင်ရွက်လျက်ရှိသည်။

နည်းပညာပြန့်ပွားရေးအတွက်  သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ  ICT ကိုအသုံးပြု၍ Website များမှ ပညာပေးခြင်းလုပ်ငန်းကို  ဆောင်ရွက်လျက်ရှိရာ  စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ၏   Webportal ဖြစ်သည့်  https://landuse-division.doa.gov.mm  တွင်     သဘာဝမြေဩဇာပြုလုပ်နည်းအပါအဝင် ပညာပေးစာအုပ်များ၊  လက်ကမ်းစာစောင်များကို လွယ်လင့်တကူ download ရယူနိုင်ပြီဖြစ်ပါသည်။

ယနေ့ကာလစိုက်ပျိုးရေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လုပ်သားရှားပါးလာမှု၊ လုပ်အားခ ကြီးမြင့်လာမှုတို့ကြောင့်  စက်ကိရိယာ အသုံးပြုမှုများပြားလာသည်။ စိုက်ပျိုးရာ တွင်လည်း ထယ်ရေးနက်နက်၊ ထွန်ရေး ညက်ညက်ဖြစ်စေရေးအတွက်ထယ်ရေး၊ ထွန်ရေးကောင်းမွန်စေရေးကို အလေးထား လုပ်ဆောင်လေ့ရှိသည်။  ယင်းသို့ မြေကြီးကို  ထွန်ယက်မှုများလာသည်နှင့်အမျှ မြေတွင်းရှိ အော်ဂဲနစ်ပစ္စည်းများ ဆုံးရှုံးခြင်း၊ အဏုဇီဝသက်ရှိများ လျော့နည်းလာခြင်း၊ မြေသားတည်ဆောက်မှု ပျက်စီးခြင်း၊  မြေကျပ်လွှာများဖြစ်ပေါ်လာခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်လာသည်။ 

ဤပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တောင်သူလယ်သမားများအနေဖြင့် ထွန်ယက်မှုကို   တတ်နိုင်သမျှနည်းပါးအောင် ဆောင်ရွက်သင့်ပြီး စိုက်ခင်းများထဲသို့ သဘာဝမြေဩဇာများကို နှစ်စဉ်ပုံမှန်ထည့်သွင်းပေးသည့် အလေ့အထများ ကျင့်သုံးသင့်ပါသည်။ မြေဆီလွှာအတွင်း အော်ဂဲနစ်ပစ္စည်း      များပြားစေရန် တောင်သူလယ်သမားများအနေဖြင့် သီးနှံ စိုက်ခင်းအကြွင်းအကျန်များကို စိုက်ခင်း အတွင်းသို့ မဖြစ်မနေပြန်လည်ထည့်သွင်း အသုံးပြုသင့်ပါသည်။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိများ ကောင်းမွန်စေရန်အတွက် ဓာတ်မြေဩဇာ တစ်ခုတည်းကို အားမကိုးဘဲ သဘာဝမြေဩဇာများကိုပါ တွဲဖက်အသုံးပြုသင့် ပါကြောင်း  နှိုးဆော်ရေးသား လိုက်ရပါသည်။     ။       

MWD