“နှစ်နိုင်ငံချစ်ကြည်ရေးမှသည် အနာဂတ် အကျိုးတူ ဖွံ့ဖြိုးရေးဆီသို့”

Posted_Date

Image

 “နှစ်နိုင်ငံချစ်ကြည်ရေးမှသည် အနာဂတ် အကျိုးတူ ဖွံ့ဖြိုးရေးဆီသို့”

Body

ယမန်နေ့မှအဆက်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ဒီလိုပြည်တွင်းကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ရာမှာ ပြည်တွင်းကနေထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကနေ ကုန်ချောအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းနဲ့ ပြည်ပ က ကုန်ကြမ်းတွေကို  မှာယူတင်သွင်းပြီး ထုတ်ကုန်ထုတ်လုပ်ခြင်းဆိုပြီး  နှစ်မျိုးရှိ ပါတယ်။ မိမိတို့နိုင်ငံနယ်နိမိတ်အတွင်းက ထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကနေ ကုန်ချောထုတ်လုပ်နိုင်ခြင်းက အလုပ်အကိုင် အခွင့်အလမ်းနဲ့ နိုင်ငံအတွက် အကျိုး အမြတ်ပိုမိုဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ တိုးတက်စေဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ တိုးတက်လာအောင် စဉ်ဆက် မပြတ်အားပေးလျက်ရှိတာကို တွေ့ရှိရပါ တယ်။ ဒီလိုအားပေးတဲ့အခါမှာလည်း မိမိ တို့နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ် တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းဖြစ်စေဖို့ ပိုမိုအားပေးဆောင်ရွက်လျက်ရှိတာကိုတွေ့ရပါတယ်။ 

နိုင်ငံအတွင်းကထွက်ရှိတဲ့ ကုန်ကြမ်း တွေကိုအခြေခံတဲ့ ထုတ်ကုန်ပစ္စည်းတွေ ပိုမို တိုးတက်ထုတ်လုပ်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ဖို့အတွက် ကုန်ထုတ်လုပ်မှုနည်း ပညာတွေနဲ့ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပါ တယ်။ ဒါကြောင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအနေဖြင့် ပြည်ပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့ လိုအပ် ပါတယ်။ ဒီလိုဝင်ရောက်လာနိုင်ဖို့အတွက် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနာရန် ဒရာမိုဒီရဲ့ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရောက်ရှိနေတဲ့ နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ မေလ ၃၁ ရက်နေ့မှာ Taj Mahal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ-အိန္ဒိယကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို တက်ရောက်ပြီး မြန်မာ နိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွေတိုးတက်စေဖို့ အိန္ဒိယနိုင်ငံက စီးပွား ရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ဆောင် ရွက်ခဲ့ပါတယ်။

မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နာယကနဲ့ အဖွဲ့ဝင်များ၊ မြန်မာ- အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနဲ့ အဖွဲ့ ဝင်များ၊ အိန္ဒိယနိုင်ငံကုန်သည်များနှင့် စက်မှု အသင်းချုပ်(FICCI) အတွင်းရေးမှူးချုပ်၊ အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ ချုပ် (CII)မှ Senior Advisor တို့ အပါအဝင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်း ရှင်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော် များ စုံလင်စွာတက်ရောက်ခဲ့ပြီး    နှစ်ဖက် အပြန်အလှန်ဆွေးနွေးမှုတွေကို လုပ်ဆောင် နိုင်ခဲ့ကြပါတယ်။ 

နှစ်နိုင်ငံဆွေးနွေးပွဲမှာ  နိုင်ငံတော် သမ္မတကြီးအနေနဲ့   အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အနေနဲ့ ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ရိုးရာယဉ်ကျေးမှုချင်း ဆက်နွှယ်ကာ ခိုင်မာသည့်သမိုင်းဝင် ချစ်ကြည်မှု အခြေခံကောင်းများရှိကြသည့် အိမ်နီးချင်းကောင်းနိုင်ငံ   များဖြစ်မှု၊ အိန္ဒိယနိုင်ငံသည် ဗုဒ္ဓမြတ်စွာပွင့်ထွန်းရာ မြေမြတ်မဟာဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သည်လည်း အဆိုပါဗုဒ္ဓတရားတော်များနှင့် ယဉ်ကျေးမှုတို့ကို ယနေ့တိုင်အလေးအနက် တန်ဖိုးထားလိုက်နာထိန်းသိမ်းထားသည့် နိုင်ငံဖြစ်မှု၊ ထိုသို့ ဓမ္မကြောင်းအရ၊ သမိုင်း ကြောင်းအရ ဆက်နွှယ်မှု၊  အပြန်အလှန် လေးစားယုံကြည်မှုတို့သည် မိမိတို့နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုခရီးလမ်းအတွက်  ခိုင်မာလှသည့် အခြေခံအုတ်မြစ်ကြီးတစ်ခုဖြစ်မှုနှင့် သံတမန်ဆက်ဆံရေးသည် စိန်ရတုမှတ်တိုင်ကို အတူဖြတ်ကျော်ခဲ့ပြီး ၇၈ နှစ်တာ ကာလသို့ရောက်ရှိလာမှု၊ နှစ်နိုင်ငံအနေ ဖြင့် ရှေးယခင်ကတည်းက ကူးလူးဆက်ဆံမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင် အိန္ဒိယ နွယ်ဖွားများစွာရှိပြီး ယနေ့ထက်တိုင် အေးအတူပူအမျှ အတူတကွနေထိုင်လုပ်ကိုင် လျက်ရှိမှု၊ ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့နှင့်ထိတွေ့ဆက်ဆံသည့်မူဝါဒ (Act East Policy)နှင့် (Neighbourhood First Policy) တို့ကို ပိုမိုမြဲမြံခိုင်မာစေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန် မြှင့်တင်ရန်လာရောက်ခဲ့မှုနှင့် မြန်မာနိုင်ငံ တွင် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ပြည်သူ လူထုက ရွေးကောက်တင်မြှောက်သည့် အစိုးရသစ်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်မှု၊ ဒီမိုကရေစီနိုင်ငံ အဖြစ် ခိုင်မာအားကောင်းစေရေး မိမိအနေ ဖြင့် ဆောင်ရွက်နေမှု၊ အစိုးရသစ်လက်ထက် တွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက် စီးပွားရေးတိုးမြှင့်နိုင်ရေး ဦးစားပေးဆောင် ရွက်လျက်ရှိမှုတွေကို ဦးစွာပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံတွင် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှုလွယ်ကူချောမွေ့စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတွေ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အားကောင်းလာစေရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ် မှု၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်း၊  ပညာရေး ဝန်ဆောင်မှု၊  ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ အိန္ဒိယလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ   လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ဖို့ အထူးဖိတ်ခေါ်တာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

နိုင်ငံတော်သမ္မတကြီးက အဖွင့်အမှာ စကားပြောကြားပြီးတဲ့  အချိန်မှာတော့ အိန္ဒိယနိုင်ငံ  ကုန်သည်များနှင့်စက်မှု အသင်းချုပ်(FICCI) အတွင်းရေးမှူးချုပ်နဲ့ အိန္ဒိယစက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (CII) မှ Senior Advisor ဖြစ်သူတို့က ဆွေးနွေးပြောကြားရာမှာ ယခုကဲ့သို့  မြန်မာ နိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ ကုန်သည် ကြီးများအသင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပိုမိုနီးကပ်စွာပူးပေါင်း ပါဝင်လာနိုင် ခြင်းသည် နှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် Business-to-Business Engagementများ တိုးတက်လာစေရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိမှု၊ နှစ်နိုင်ငံသည်  နယ်နိမိတ်ချင်းထိစပ် လျက်ရှိပြီး ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်မှု၊ စွမ်းရည်မြှင့်တင်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး စသည့်ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့လာနိုင်မှု၊ နှစ်နိုင်ငံသည် လွန်စွာအလား အလာကောင်းသော ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးကို တိုးမြှင့်စွမ်းဆောင်ရန် အကောင်း ဆုံး အနေအထားတွင်ရှိမှုနဲ့ မြန်မာနိုင်ငံမှ ထွက်ရှိသည့်ပဲမျိုးစုံအားယခုထက်ပိုမိုတိုးတက်ထုတ်လုပ်၍အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်မှု အခြေအနေတွေကို စိတ်ပါဝင်စားစွာနဲ့ အချိန်ယူဆွေးနွေး ပြောကြားခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ  အိန္ဒိယနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်အစိုးရက အားပေး ထောက်ပံ့ပေးစေလိုမှုတွေ၊ ကုန်သွယ်မှုများ ပိုမိုမြန်ဆန်စေရေးအတွက် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ လုပ်ငန်းတွေကို  အဆင် ပြေချောမွေ့အောင် ဆောင်ရွက်ပေးစေလိုမှု တွေ၊ စိုက်ပျိုးရေးကဏ္ဍ၊ IT နည်းပညာ ကဏ္ဍနဲ့ အခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံ မှုကဏ္ဍတွေ တိုးတက်လာစေရေး ပူးပေါင်း ဆောင်ရွက်နိုင်မှု အခြေအနေများနဲ့ ပတ်သက်ပြီး အသီးသီးမေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုဆွေးနွေးမှုတွေ အပေါ်မှာလည်း နိုင်ငံတော်သမ္မတကြီးနှင့်အတူ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီးများ နှင့်ဒုတိယဝန်ကြီးများက ပြည့်ပြည့်စုံစုံနဲ့ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတကြီးကလည်း ပြန်လည်ဆွေးနွေးပြောကြားရာမှာ ယခုကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် အိန္ဒိယနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကြောင်း၊   မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် မိမိတို့အနေဖြင့်  အာမခံနိုင်သည့်လုပ်ငန်းများကို ဖိတ်ခေါ် ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှတစ်ဆင့်  အခြားအိမ်နီးချင်းနိုင်ငံများသို့ ပြန်လည်ရောင်းချနိုင်သည့် ဈေးကွက်လည်းရှိကြောင်း၊ ထားဝယ်ရေနက် စီမံကိန်းမှတစ်ဆင့် ကုန်သွယ်မှု လုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ကြောင်း၊ IT လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အနီးတွင်  ဆောင်ရွက်လျက်ရှိသည့်    ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းတွင်   အိန္ဒိယနိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံလိုပါက ဖိတ်ခေါ် ပါကြောင်း  ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဒီလို မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့ နိုင်ငံ တော်အကြီးအကဲကိုယ်တိုင် အလေးအနက် ထားဖိတ်ကြားခဲ့မှုတွေနဲ့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဆောင် ရွက်ရာမှာ အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့မှုတွေ ကြောင့် မကြာမီအနာဂတ်ကာလမှာ မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ကောင်းမွန်လာမယ်လို့ မိမိတို့အနေနဲ့ယုံကြည်ပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမှုကတစ်ဆင့် မိမိတို့နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများကို   ယခုထက်ပိုမိုတိုးတက် ကောင်းမွန်လာစေမှာဖြစ်ပြီး နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုစေနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာ  Greater Noida မြို့မှာ ရှိ တဲ့   NETRA (NTPC Energy Technology Research Alliance)သို့ သွားရောက်လေ့လာ ကြပါတယ်။ NTPC ကုမ္ပဏီရှိတဲ့ Greater Noida မြို့ကို ရောက်ရှိဖို့အတွက် နိုင်ငံတော် သမ္မတကြီးဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ဟာ    နယူးဒေလီမြို့ကနေ မော်တော်ယာဉ်များနဲ့ တစ်နာရီခန့်သွား ရောက်ခဲ့ကြရပြီး ကုမ္ပဏီသို့ရောက်ရှိချိန်မှာတော့ ကုမ္ပဏီအကြီးအကဲက လှိုက်လှဲ နွေးထွေးစွာဖြင့် ခရီးဦးကြိုဆိုခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ နိုင်ငံတော်သမ္မတနှင့်  အဖွဲ့ဝင်တွေကို ကုမ္ပဏီကတာဝန်ရှိသူတွေက ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်နေမှုများနဲ့ အဆင့်မြင့်သိပ္ပံနည်းကျ စွမ်းအင် အမျိုးမျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး စက်ရုံပုံစံငယ်များကို ကုမ္ပဏီမှ တာဝန်ရှိသူတွေက ရှင်းလင်းပြသခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုတာတွေကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးဟာ  အဲ့ဒီကုမ္ပဏီမှာ  အထိမ်းအမှတ်သစ်ပင်ငယ်ကိုလည်း စိုက်ပျိုးပေးခဲ့ပါတယ်။ ဆက်လက်ပြီး    နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်များဟာ NTPC ရှိ NET zero စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ အဆင့်ဆင့်လုပ်ငန်း ဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများက   နေရောင်ခြည်စွမ်းအင်၊   ဘက်ထရီသိုလှောင်မှုစနစ်၊ ဟိုက်ဒရိုဂျင် အခြေခံစွမ်းအင်ထုတ်လုပ်မှုစနစ်၊ မြူနီစီပယ်အမှိုက်စွန့်အမှိုက်များမှ   ဓာတ်အားထုတ်ယူမှုများကို   အဆင့်အလိုက် ရှင်းလင်းတင်ပြကြပါတယ်။

အဲ့ဒီ NETRA (NTPC Energy Technology Research Alliance) ဟာ  အိန္ဒိယနိုင်ငံမှာ အကြီးဆုံးစွမ်းအင်ကုမ္ပဏီ လုပ်ငန်းစုကြီး ဖြစ်တဲ့ NPC Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းကို အဓိကလုပ်ဆောင်နေကြောင်း၊ NETRA  ကုမ္ပဏီဟာ   စွမ်းအင်ကဏ္ဍ အတွက်  နောက်ဆုံးပေါ်၊ ရေရှည်တည်တံ့ပြီး စီးပွားရေးအရ တွက်ခြေကိုက်သော နည်း ပညာများတီထွင် ဖန်တီးရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့ ၏ အဓိကဦးစားပေး လုပ်ငန်းနယ်ပယ်များမှာ ထိရောက်မှုမြှင့်တင်ရေးနှင့် ကုန်ကျ စရိတ်လျှော့ချရေး၊ စွမ်းအင်သစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှုနှင့် ရေထိန်းသိမ်းရေး၊ ပြာအသုံးချမှု ကာဗွန်ဖမ်းယူမှုနှင့် အသုံးပြုမှုနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုတို့အပါ  အဝင် ပတ်ဝန်းကျင် ကာကွယ်ရေးတို့ပါဝင်ကြောင်း၊ NETRA သည် သုတေသနအပြင် ဓာတ်အားပေးစက်ရုံများနှင့် အခြားပြည်သူ့ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း အချက်အလက်များအရ သိရှိရပါတယ်။ 

ဒီလိုစွမ်းအင်ထုတ်လုပ်မှုဆိုင်ရာများ နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်  ကုမ္ပဏီကြီးတစ်ခုအား နိုင်ငံတော်သမ္မတ ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ သွားရောက်ကြည့်ရှုလေ့လာခဲ့ခြင်းဖြင့် မိမိတို့နိုင်ငံတွင်လိုအပ်လျက်ရှိသည့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများအတွက် နောင်အနာဂတ်တွင် အထောက် အကူများစွာပြုနိုင်မည်ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

MWD

1