မြန်မာ့စားသုံးဆီဖူလုံရေးအတွက်အားထားရမည့် ဆီအုန်းမျိုးသစ် မျိုးစေ့များထုတ်လုပ်ရေး

Posted_Date

Image

မြန်မာ့စားသုံးဆီဖူလုံရေးအတွက်အားထားရမည့် ဆီအုန်းမျိုးသစ် မျိုးစေ့များထုတ်လုပ်ရေး

Body

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ၏ အမျိုးမျိုးသော ဒေသရေမြေ ရာသီဥတုသဘာဝအရ စိုက်ပျိုးနိုင်သောသီးနှံများကို ရွေးချယ်စိုက်ပျိုးလျက်ရှိရာတွင် ဆန်စပါးသာမက ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်များ၊ စက်မှုကုန်ကြမ်းသီးနှံများ၊ ဆီထွက်သီးနှံများ စသည်ဖြင့်  သက်ဆိုင်ရာဒေသများအလိုက် အထူးပြုစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

စားသုံးဆီအတွက် အဓိကအားထားရသောသီးနှံများမှာ မြေပဲ၊ နှမ်း၊ နေကြာ စသည့်သီးနှံများဖြစ်ကြပြီး ယင်းသီးနှံများအနေဖြင့် ရာသီသဘာဝအပေါ် အမှီပြု၍ စိုက်ပျိုးထုတ်လုပ်မှုအတက်အကျ များပြားမှုရှိသည့်သီးနှံများဖြစ်ကြသည်။ ပြည်တွင်းစားသုံး ဆီလိုအပ်ချက်အား ဆီထွက်သီးနှံများအနေဖြင့် လုံလောက်စွာထုတ်လုပ်ပေးနိုင်ခြင်း   မရှိသေးပါသဖြင့် လိုအပ်သောပမာဏအား နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသည်။

ဆီထွက်သီးနှံများအနက် တစ်ဧကဆီထွက်နှုန်းကောင်းသော  ဆီအုန်းစိုက်ပျိုးခြင်းမှ စားသုံးဆီ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရေမြေရာသီဥတုအရ ဆီအုန်းတစ်ဧကမှ ဆီသီးခိုင်ပျမ်းမျှ  ၅ တန်အထက်ရှိနိုင်သည်။ အဆိုပါ ဆီသီးခိုင် ၅ တန်မှ ဆီကြမ်း ၁ တန်ခန့် ထုတ်လုပ်ရရှိမည်ဖြစ်သည်။ ဆီကြမ်း ၁ တန်ကိုသန့်စင်ပါက စားဆီချော  သုံးပုံတစ်ပုံခန့်  ရရှိမည်ဖြစ်သည်။

သို့ဖြစ်၍ စားအုန်းဆီတန်ချိန် တစ်သိန်းလိုအပ်ပါက ဆီအုန်းစိုက်ဧက သုံးသိန်းစိုက်ပျိုးရန် လိုအပ်သည်။ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးခဲ့သော်လည်း လုံလောက်မှုမရှိသေးသဖြင့်  နိုင်ငံတော်မှ ၁၉၉၉ ခုနှစ်တွင် ဆီအုန်းစိုက်ပျိုးရန်    သင့်လျော်သော ရာသီဥတုရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင်  “တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်ဟု ရည်မှန်းချက်ထားပြီး ဧက ငါးသိန်းတိုးချဲ့စိုက်ပျိုးရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

သို့ဖြစ်၍ ဆီအုန်းစိုက်ဧကများတိုးတက်လာခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆီအုန်း ၃၉၆၈၆၅ ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည်။ 

မြန်မာနိုင်ငံ၏    ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း စတင်စဉ်ကာလများတွင်   ပြည်တွင်း၌ ဆီအုန်းစပ်မျိုးစေ့များထုတ်လုပ်နိုင်မှုမရှိသေး၍ ဆီအုန်းမျိုးစေ့များကို မလေးရှား၊ ကော့စတာရီကာ၊ နိုင်ဂျီးရီးယား  စသည့်နိုင်ငံများမှ ဈေးကြီးပေး၍  ဝယ်ယူတင်သွင်း စိုက်ပျိုးနေရသဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မှုကို နှောင့်နှေးစေခဲ့သည်။ ထို့ပြင် ဝယ်ယူတင်သွင်းသောဆီအုန်းမျိုးစေ့များသည် မြန်မာနိုင်ငံ ဒေသရေမြေရာသီဥတုနှင့်   သင့်လျော်မှုရှိ၊ မရှိ သေချာမှုမရှိသေးဘဲ စိုက်ပျိုးခဲ့ကြရသည်။ ယခင်စိုက်ပျိုးခဲ့သည့် ဆီအုန်းဧရိယာများ   စီးပွားရေးသက်တမ်းပြည့်မီ၍ ပြန်လည်စိုက်ပျိုးချိန်တွင် မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့် သင့်လျော်ကိုက်ညီ သည့် ဆီအုန်းမျိုးစေ့များဖြင့် စိုက်ပျိုးပါက  အထွက်ပိုမိုလာနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှဆီအုန်းမျိုးစေ့တင်သွင်းရမှုကို လျော့ကျသွားစေပြီး နိုင်ငံခြားငွေသုံးစွဲရမှုကို သက်သာစေမည်ဖြစ်သည်။  သို့ဖြစ်၍ ပြည်တွင်း၌ ဆီအုန်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူး

ပေးရန် မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။

စီးပွားဖြစ်စိုက်ပျိုးသော ဆီအုန်းမျိုးစေ့များသည် ရွေးချယ်မွေးမြူထားသောမိခင်မျိုးပင် ဒူရာ(Dura)နှင့် ဖခင်မျိုးပင် ပက်ဆီဖာရာ(Pisifera)တို့အား မျိုးစပ်ပေး၍ ရရှိသောစပ်မျိုးစေ့(F1)တင်နရာ(Tenera) မျိုးစေ့များဖြစ်ပြီး    အဆိုပါ စပ်မျိုးစေ့များကိုသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုးရသည်။ စိုက်ကွက်ထဲမှ ရရှိသော   ဆီအုန်းအသီးမှရရှိသည့်အစေ့များကို မျိုးအဖြစ် ပြန်လည်အသုံးပြု၍မရပါ။

မြန်မာနိုင်ငံ၏   ရေမြေသဘာဝရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော ပြည်တွင်းဆီအုန်းစပ်မျိုးများရရှိရေးအတွက် ကော့သောင်းခရိုင်ရှိ နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ဟတ်စဒင်း)တွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှစ၍    ဆီအုန်းမျိုးစေ့ခြံ တည်ထောင်ကာ ဆီအုန်းမိခင်မျိုးလိုင်းနှင့်ဖခင်မျိုးလိုင်းများရွေးချယ်ခြင်း၊  ဆီအုန်းမျိုးစပ်ခြင်းနှင့် စပ်မျိုးသစ်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့သည်။

မိခင်မျိုးများရွေးချယ်မွေးမြူရာတွင် ပြည်ပမှတင်သွင်းစိုက်ပျိုးထားသော ဆီအုန်းမျိုးအပင်များထဲမှ အသီးခိုင်အထွက်နှုန်း အကောင်းဆုံး အပင်များကို ရွေးချယ်ကာ ဝတ်မှုန်ကူးခြင်းပြုလုပ်ပြီး မိခင်မျိုးလိုင်း (ဒူရာ)ပင်၊ ဖခင်မျိုးလိုင်း (ပက်ဆီဖာရာ)ပင်များရရှိရန် ရွေးချယ်ထုတ်လုပ်ရသည်။ ယင်းထုတ်လုပ်ရရှိသော ဒုတိယသားဆက်  မိခင်မျိုးလိုင်း(ဒူရာ)ပင်များ၊ ဖခင်မျိုးလိုင်း(ပက်ဆီဖာရာ)ပင်များ ပွားများခြင်းနှင့်ဗီဇညံ့မှုများမရှိစေရန် အတွဲအမျိုးမျိုးဖြင့် မျိုးစပ်ပြီးရရှိသော စပ်မျိုးအတွဲများ(Genetic Crosses)အား  တတိယသားဆက်များရရှိအောင် စမ်းသပ်ကွက်များကို နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ဟတ်စဒင်း)တွင် စိုက်ပျိုးထားရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင်     ဆီအုန်းမျိုးရိုးဗီဇများလုံလောက်စွာမရှိသေးသော်လည်း  လက်ရှိအနေအထားဖြင့် ဆီအုန်းစပ်မျိုးစေ့များ ထုတ်လုပ်နိုင်သည့် အခြေအနေတွင်ရှိနေပြီး ဖြစ်သည်။ ပြည်တွင်းတွင်  လိုအပ်သောဆီအုန်းမျိုးစေ့များ ထုတ်လုပ်သွားခြင်းအားဖြင့် ဆီအုန်းမွေးမြူရေးအခန်းကဏ္ဍသည်လည်း ပိုမိုအဆင့်မြင့်သည်ထက် မြင့်လာမည်ဖြစ်သည်။

စီးပွားဖြစ်စိုက်ပျိုးသော ဆီအုန်းစပ်မျိုး(တင်နရာ)ထုတ်လုပ်ရရှိရန် (ဒူရာ)မိခင်ပင်နှင့် (ပက်ဆီဖာရာ) ဖခင်ပင်များကိုရွေးချယ်ရန် လိုအပ်သည်။ ဒူရာမိခင်ပင်ရွေးချယ်ရာတွင် အသီးခိုင်အထွက်နှုန်းကို အခြေခံထားသည်။  တစ်ပင်ချင်းရွေးချယ်ခြင်း၊ အပင်အုပ်စုအလိုက်ရွေးချယ်ခြင်း  နှစ်မျိုးစလုံးဆောင်ရွက်ရသည်။    အထွက်နှုန်းအကောင်းဆုံးအုပ်စုထဲမှ  အထွက်နှုန်း အကောင်းဆုံးအပင်ကို ရွေးချယ်ရာတွင် တစ်နှစ်လျှင်တစ်ပင်မှ ဆီသီးခိုင်အထွက်များပြီး ပျမ်းမျှဆီသီးခိုင်အထွက်နှုန်း ၂၀၀ ကီလိုဂရမ်ကျော်သောအပင်များကို ရွေးချယ်ရသည်။ 

ဆီအုန်းစပ်မျိုးထုတ်လုပ်ရာတွင် အဓိကအရေးကြီးဆုံးမှာ    ဖခင်မျိုးပင်(ပက်ဆီဖာရာ)ဖြစ်သည်။ (ပက်ဆီဖာရာ)ဖခင်ပင်များသည် ပန်းခိုင်အထွက်များသော်လည်း   အသီးတင်နှုန်းနည်းပါးသည်။ ထို့ကြောင့် မိခင်၊ ဖခင်စပ်မျိုးတူ အထွက်နှုန်းကောင်းသော တင်နရာပင်ကိုအခြေခံ၍ အဖိုပန်းခိုင်၊ အမပန်းခိုင်အချိုးရာခိုင်နှုန်းကောင်းပြီး    အပင်နိမ့်၍  မျိုးရိုးဗီဇသန့်သောဖခင်မျိုးပင် (ပက်ဆီဖာရာ)အပင်များကို ဦးစားပေးရွေးချယ်ရသည်။

မိခင်ပင်နှင့်ဖခင်ပင်များကို သတ်မှတ်ထားသည့် အရည်အသွေးအတိုင်း ရွေးချယ်ပြီးသောအခါ လူဖြင့်ဝတ်မှုန်ကူးမျိုးစပ်ခြင်း လုပ်ငန်းများ  ဆောင်ရွက်ရသည်။ ဝတ်မှုန်ကူးမျိုးစပ်ရန်အတွက် ရွေးချယ်ထားသော(ပက်ဆီဖာရာ)ဖခင်မျိုးလိုင်းအပင်၏ အဖိုပန်းခိုင်

များနှင့်(ဒူရာ)မိခင်မျိုးလိုင်းအပင်၏အမပန်းခိုင်များကို ပန်းခိုင်ဖုံးများမကွဲခင်၊ ပန်းမပွင့်ခင် ခုနစ်ရက်ခန့်ကြိုတင်ပြီး ပြင်ပမှဝတ်မှုန်များ မဝင်ရောက်နိုင်သော၊ နှစ်ဖက်မြင်ရသည့်  ၂၄ လက်မ x ၁၈ လက်မအရွယ်ရှိအိတ်ကို ဝတ်မှုန်စွပ်အိတ်များဖြင့် မှောက်၍စွပ်ပေးရသည်။ ဝတ်မှုန်စွပ်အိတ်များစွပ်ရာတွင် အမပန်းပွင့်များပေါ်သို့မလိုလားအပ်သော ဝတ်မှုန်များမကျစေရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ရန် အလွန်အရေးကြီးသည်။ အဖိုပန်းပွင့်များပွင့်လာသောအခါ ပန်းခိုင်ကိုဖြတ်ယူပြီး ဝတ်မှုန်များကို ပလတ်စတစ်အိတ်အတွင်းသို့ ခါချရသည်။ ရရှိသောဝတ်မှုန်များကို ဆန်ခါဖြင့်စစ်၍  အမှိုက်များကို  ဖယ်ရှားရသည်။ 

အမှိုက်စစ်ပြီး  ဝတ်မှုန်ကို ၃၅ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်တွင် ၂၄ နာရီအခြောက်ခံပြီး ဖန်ဘူးအသေးများဖြင့် လေလုံပိတ်ကာ အအေးခန်း(ရေခဲသေတ္တာ)တွင် သိုလှောင်ထားရသည်။ အိတ်စွပ်ထားသော အမပန်းခိုင်များ ပန်းပွင့်လာသောအခါ ယင်းပန်းပွင့်များပေါ်သို့  အဖိုဝတ်မှုန်များကိုကူးပေးသည်။ ဝတ်မှုန်ကူးရာတွင် လေညှစ်ဘူးများကိုအသုံးပြုပြီး လေညှစ်အားဖြင့် မှုတ်ထုတ်ခြင်းဖြစ်သည်။ ဝတ်မှုန်မကူးမီ အိတ်ကိုဖော်မလင်ဖြင့် ဖျန်းပေးရသည်။  အသုံးပြုသည့်ကိရိယာအားလုံးကိုလည်း  ပိုးသန့်ရသည်။ ဝတ်မှုန်ကို နေရာအနှံ့ရောက်အောင် တိပ်အကြည်စကိုခွာ၍ အပေါက်မှဝတ်မှုန်ဖြူးပေးရသည်။    ဝတ်မှုန်ကူးရာတွင် 

လတ်ဆတ်သည့် ဝတ်မှုန်များကိုသာ အသုံးပြုရသည်။ တစ်လထက်ကျော်ပြီးသိုလှောင်ထားပါက ဝတ်မှုန်များ၏အောင်မြင်မှု ရာခိုင်နှုန်း အနည်းငယ်ကျဆင်းသည်။ ဝတ်မှုန်ကူးခြင်းကို မနက်ပိုင်းတွင်ပြုလုပ်ပြီး အသီးတင်နှုန်းကောင်းစေရန်   အမပန်းခိုင်တစ်ခိုင်ပေါ်တွင်  သုံးရက်ဆက်တိုက်ဝတ်မှုန်ခံပန်းရောင်အားလုံးဖြစ်သည်အထိ  ဝတ်မှုန်ကူးရသည်။

ဝတ်မှုန်ကူးပြီး တစ်လခန့်ကြာသောအခါ အမပန်းခိုင်အား စွပ်ထားသောအိတ်များကို ဖြုတ်ပေးသည်။ ဝတ်မှုန်ကူးပြီး ငါးလမှ ခြောက်လကြာသောအခါတွင် ရင့်မှည့်သောဆီသီးခိုင်များကို ခုတ်သိမ်းရသည်။ ဆီသီးခိုင်မှအသီးများကိုချွေယူပြီး အခွံခွာရသည်။ အခွံခွာရာတွင် အသီးများကိုရေသန့်သန့်ဖြင့် ခုနစ်ရက်စိမ်ပြီး နေ့စဉ်ရေလဲကာ အခွံခွာရသည်။ အခွံခွာပြီး မျိုးစေ့ကိုရေစင်ကြယ်စွာဆေးပြီး မှိုသတ်ဆေးစိမ်ကာ အရိပ်တွင်လေသလပ်ပြီးထားရသည်။ အစိုဓာတ်ကို ၁၈ ရာခိုင်နှုန်းထက်မလျော့အောင် လေသလပ်ခံထားရသည်။ 

အဆင့်ဆင့်ဆီအုန်းစပ်မျိုးစေ့များထုတ်ယူကာ အပင်ဖောက်ခြင်း၊   အကြိုပျိုးခင်းနှင့်  မပျိုးခင်းကြီး တည်ထောင်ခြင်းလုပ်ငန်းများကို    စနစ်တကျ ဆောင်ရွက်ရသည်။  ထို့နောက် အကောင်းဆုံးပျိုးပင်များရွေးချယ်စိုက်ပျိုးသွားခြင်းအားဖြင့် အထွက်နှုန်း ပိုမိုကောင်းမွန်သော ဆီအုန်းစိုက်ခင်းများ ရရှိလာမည်ဖြစ်ပါကြောင်း ဆီအုန်းစိုက်ပျိုးထုတ်လုပ်သော တောင်သူဦးကြီးများနှင့် ပြည်သူများအား နည်းပညာပေး တင်ပြလိုက်ရပါသည်။   ။

MWD