ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို မည်သို့ကာကွယ်မည်နည်း

Posted_Date

Image

ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို မည်သို့ကာကွယ်မည်နည်း

Body

မြန်မာနိုင်ငံ၏သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအရ ကျွန်ုပ်တို့သည် ရာသီဥတု ပြောင်းလဲမှု၏ကြီးမားသော သက်ရောက်မှုများကို ပိုမိုခံစားလာရသည်။ အထူးသဖြင့် ရေကြီးရေလျှံမှု၊ မိုးခေါင်မှုနှင့်အပူချိန်လွန်ကဲမှုတို့သည် ကျွန်ုပ်တို့၏ လူနေမှုဘဝနှင့်စီးပွားရေးကို ခြိမ်းခြောက်နေသည်။ နိုင်ငံသားတိုင်းသည်   ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်များ၊ လူသားတို့၏ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့်လက်တွေ့ကျသော ကာကွယ်ရေးနည်းလမ်းများကို သိရှိနားလည်ရန် လိုအပ်ပေသည်။

ရာသီဥတုဖောက်ပြန်မှုနှင့်   မကြာခဏဖြစ်ပေါ်လာသော ဘေးဒဏ်များ

ယနေ့ခေတ်တွင် ရာသီဥတုပုံစံများသည် ပုံမှန်မဟုတ်တော့ဘဲ    ပြင်းထန်သည့်သဘာဝဘေးအန္တရာယ်များကို မကြာခဏဖြစ်ပေါ်စေသည်။ ရာသီဥတုဖောက်ပြန်မှုသည် ယနေ့ကမ္ဘာကြီးတွင် ကြုံတွေ့နေရသော အကြီးမားဆုံးနှင့် အရေးကြီးဆုံးသော စိန်ခေါ်မှုဖြစ်သည်။ ဤဖောက်ပြန်မှု၏ထင်ရှားသော အကျိုးဆက်တစ်ခုမှာ ကမ္ဘာတစ်ဝန်းတွင် မကြာခဏနှင့်ပိုမိုပြင်းထန်သောသဘာဝဘေးဒဏ်များ ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။  ဤဖြစ်ရပ်နှစ်ခုအကြား တိုက်ရိုက်ဆက်စပ်မှုရှိနေပြီး ဤအခြေအနေသည် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးများကို ကြီးမားသောထိခိုက်မှုများပေးလျက်ရှိသည်။

ရေကြီးရေလျှံမှုများ ပိုမိုပြင်းထန်လာခြင်း

မြန်မာနိုင်ငံ၏ပထဝီအနေအထားအရ မြစ်ချောင်း အင်းအိုင်များပေါများခြင်း၊ ကမ်းရိုးတန်းဒေသများရှိခြင်းတို့ကြောင့် ရေကြီးမှုသည် အမြဲတစေကြုံတွေ့ရသောဘေးအန္တရာယ်ဖြစ်သည်။ သို့သော် ယခုအခါ ရေကြီးမှုများသည် ယခင်ကထက် ပိုမိုဖြစ်ပွားလာပြီး ပျက်စီးဆုံးရှုံးထိခိုက်မှုလည်း ပိုမိုများပြားလာသည်။

            မိုးရေချိန်လွန်ကဲခြင်း။  မိုးရာသီအတွင်း မိုးရွာသွန်းမှု စုစုပေါင်းပမာဏမပြောင်းလဲသော်လည်း အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စဉ်များ ပိုမိုများပြားလာသည်။ 

ထိုသို့ ရုတ်တရက် ရေများကျဆင်းလာခြင်းကြောင့် မြစ်ရေလျှံမှု၊ မြို့ပြရေကြီးမှုများနှင့် မြေပြိုမှုများလျင်မြန်စွာ ဖြစ်ပေါ်စေသည်။ တစ်ခါတစ်ရံတွင် မိုးရေချိန်အနည်းငယ်ဖြင့် ရေကြီးရေလျှံမှုများဖြစ်ပွားသည်ကို တွေ့ရသည်။

            မုန်တိုင်းနှင့်ဒီရေလှိုင်းများ။ ပင်လယ်ကွေ့မှဝင်ရောက်လာသော  မုန်တိုင်းများသည် လေပြင်း၊ မိုးသည်းထန်မှုအပြင် မုန်တိုင်းဒီရေလှိုင်းများကိုပါ   သယ်ဆောင်လာသဖြင့် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဆူနာမီကဲ့သို့သော ရေလွှမ်းမိုးမှုအကျယ်အဝန်းကို တိုးမြှင့်စေသည်။

            ပျက်စီးဆုံးရှုံးမှုကြီးမားခြင်း။    ရေကြီးမှုကြောင့် လယ်ယာသီးနှံများပျက်စီးခြင်း၊ လမ်းတံတားနှင့်အခြေခံအဆောက်အအုံများ

ပျက်စီးခြင်း၊ သောက်သုံးရေညစ်ညမ်းမှုနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများပေါ်ပေါက်လာခြင်းတို့ကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများပြားလာသည်။

မိုးခေါင်ရေရှားမှုနှင့် စိုက်ပျိုးရေးထိခိုက်မှု

တစ်ချိန်တည်းမှာပင် အချို့ဒေသများတွင် ဆန့်ကျင်ဘက်ဖြစ်သော မိုးခေါင်ရေရှားမှုကိုလည်း ရင်ဆိုင်နေရသည်။ မိုးဦးစောခြင်း၊ မိုးနှောင်းနောက်ကျခြင်း သို့မဟုတ် မိုးရွာသွန်းမည့်အချိန်တွင် မိုးရွာသွန်းမှု မရှိဘဲ ပူပြင်းခြောက်သွေ့ခြင်း အစရှိသောမိုးရွာသွန်းမှု ပုံစံပြောင်းလဲခြင်းများသည် သမားရိုးကျစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကြီးမားသောစိန်ခေါ်မှုများဖြစ်လာသည်။ ထို့ပြင် ရေအရင်းအမြစ် ခန်းခြောက်လာခြင်းကြောင့်   လူသားတို့၏ သောက်သုံးရေဖူလုံရေးနှင့်  စိုက်ပျိုးရေလိုအပ်ချက်များအတွက် ပြင်းထန်သောစိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်။

အပူချိန်လွန်ကဲမှု၏ကျန်းမာရေးသက်ရောက်မှု

ကမ္ဘာကြီးပူနွေးလာမှု၏ရလဒ်အဖြစ်   မြန်မာနိုင်ငံ၏အပူချိန်မြင့်တက်လာမှုသည် နှစ်စဉ်နှစ်တိုင်း စံချိန်သစ်များတင်လျက်ရှိသည်။   နွေရာသီတွင် နေ့အပူချိန်သာမက ညအပူချိန်ပါ မြင့်မားလာခြင်းကြောင့်   အပူရှပ်ခြင်း(Heatstroke)ကဲ့သို့သော  ကျန်းမာရေးပြဿနာများတိုးလာသည်။ အပြင်ဘက်တွင်   လုပ်ငန်းလုပ်ကိုင်ရသူများ၊  သက်ကြီးရွယ်အိုများနှင့်  ကလေးသူငယ်များအတွက် အထူးသဖြင့် အန္တရာယ်ရှိသည်။   လွန်ကဲသောအပူချိန်သည် လယ်ယာလုပ်ငန်းနှင့် အခြားပြင်ပလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကိုကျဆင်းစေပြီး နိုင်ငံ၏စီးပွားရေးကုန်ထုတ်လုပ်မှုကိုပါ သွယ်ဝိုက်သောအားဖြင့် ထိခိုက်စေသည်။

လူသားတို့၏ စည်းကမ်းမဲ့လုပ်ဆောင်ချက်များ

သည် ရာသီဥတုဖောက်ပြန်မှုများအပြင်  သဘာဝဘေးအန္တရာယ်များ၏အကျိုးဆက်များကို  သိသိသာသာပိုမိုဆိုးရွားစေသည်။

စွန့်ပစ်ပစ္စည်းများနှင့် ရေစီးရေလာပိတ်ဆို့မှု

မြို့ပြနှင့်ကျေးလက်ဒေသများတွင် အမှိုက်များကို စနစ်တကျမစွန့်ပစ်ခြင်းသည်  ရေကြီးမှုများကို ပိုမိုဆိုးရွားစေသည့် အဓိကအချက်များထဲမှတစ်ခု ဖြစ်သည်။ ပလတ်စတစ်ထုတ်ကုန်များနှင့် ပုလင်းများသည် ဆွေးမြည့်ပျက်စီးရန် နှစ်ပေါင်းများစွာကြာမြင့်သောကြောင့်  ရေနုတ်မြောင်းများ၊  မြောင်းများ၊ ချောင်းငယ်များ၏ ရေစီးရေလာလမ်းကြောင်းကို လုံးဝပိတ်ဆို့လိုက်သည်။  ရေစီးလမ်းကြောင်းများ ပိတ်ဆို့သွားသည့်အခါ မိုးသည်းထန်စွာရွာသွန်းသည့်အခါတွင် ရေများစုပုံလာပြီး မြို့ပြရေကြီးမှုများကို လျင်မြန်စွာဖြစ်ပေါ်စေကာ လူနေအိမ်ရာများ၊ လမ်းများနှင့်လုပ်ငန်းများကို ရုတ်တရက် ရေဝင်ရောက်စေသည်။  ရေဘေးဒဏ်ကို မြို့ပြနေပြည်သူများ ပိုမိုခံစားရခြင်း၏   အကြောင်းရင်းများအနက် ဤအချက်သည် အဓိကကျသည်။ အမှိုက်ပိတ်ဆို့မှုသည် ရေဆိုးစနစ်ကိုပါ ထိခိုက်စေသဖြင့် ရေကြီးချိန်တွင် ရောဂါပိုးမွှားများပါသည့်ရေများနှင့် ထိတွေ့မှုကြောင့် ကျန်းမာရေးဘေးအန္တရာယ်များပါ တိုးလာသည်။

သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာတိုက်စားမှု

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု   ရှုထောင့်မှကြည့်လျှင်   သစ်တောများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ သစ်ပင်များသည်  မိုးရေကိုမြေကြီးထဲသို့  စိမ့်ဝင်စေပြီး မြစ်ချောင်းများအတွင်း ရုတ်တရက်ရေတက်လာမှုကို ထိန်းချုပ်ပေးသည်။ သစ်တောပြုန်းတီးမှုကြောင့် ရေထိန်းသိမ်းမှုစွမ်းအင် ကျဆင်းလာပြီး ရေများလျင်မြန်စွာစီးဆင်း၍ ရေကြီးရေလျှံမှုကို ပိုမိုပြင်းထန်စေသည်။ ထို့ပြင် သစ်ပင်များ၏အမြစ်များသည်  မြေဆီလွှာကိုခိုင်ခန့်စွာဆုပ်ကိုင်၍ ထိန်းချုပ်ထားပေးသည်။ သစ်ပင်များမရှိတော့ပါက မိုးသည်းထန်စွာရွာသွန်းသည့်အခါ မြေကြီးသည် လျင်မြန်စွာပြိုကျပြီး ဘေးအန္တရာယ်များစွာကို ပိုမိုဖြစ်ပေါ်စေသည်။

မြစ်ချောင်းနှင့်ကမ်းရိုးတန်းဂေဟစနစ်ဖျက်ဆီးမှု

သဘာဝအတိုင်း တည်ရှိသောဂေဟစနစ်များကိုဖျက်ဆီးမိခြင်းသည် သဘာဝဘေးဒဏ်ခံနိုင်ရည်အားကိုလျော့ကျစေသည်။ ကမ်းရိုးတန်းဒေသရှိ ဒီရေတောများသည်  မုန်တိုင်းဒီရေလှိုင်း၏ ရိုက်ခတ်မှုကို စုပ်ယူကာကွယ်ပေးနိုင်သော သဘာဝကာကွယ်ရေး အရန်အတားဖြစ်သည်။ ဒီရေတောများကိုဖျက်ဆီးပြီး ပုစွန်ကန်များပြောင်းလဲပြုလုပ်ခြင်းသည် ကမ်းရိုးတန်းဒေသကို မုန်တိုင်းဒဏ် ပိုမိုခံရစေသည်။ မြစ်ကမ်းပါးများတွင် စည်းကမ်းမဲ့ကျူးကျော်ဆောက်လုပ်ခြင်း၊ မြစ်ကြောင်းများအတွင်း ရွှံ့ညွန်ပို့ချမှုများ များပြားခြင်းတို့ကြောင့်လည်း   မြစ်များတိမ်ကောလာပြီး ရေပမာဏအနည်းငယ်နှင့်ပင် ရေကြီးမှုကိုဖြစ်ပေါ်စေသည်။

သဘာဝဘေးအန္တရာယ်   ကာကွယ်ရေးသည် နိုင်ငံတော်အစိုးရ၏တာဝန်သာမကဘဲ နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် မိမိပတ်ဝန်းကျင်မှစတင်၍ ကာကွယ်ခြင်းဖြင့် နိုင်ငံ၏သဘာဝဘေးဒဏ်ခံနိုင်ရည်အားကို မြှင့်တင်နိုင်မည်ဖြစ်သည်။

စနစ်တကျစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း

ရေကြီးမှုအန္တရာယ်ကို လျှော့ချရန်အတွက် အထိရောက်ဆုံးနှင့် အရေးအကြီးဆုံးသော နည်းလမ်းမှာ အမှိုက်စွန့်ပစ်မှုစည်းကမ်းကို လိုက်နာခြင်းဖြစ်သည်။ အပင်အကြွင်းအကျန်၊ အစားအစာ အစရှိသည့် ဆွေးမြည့်လွယ်သောအမှိုက်နှင့် ပလတ်စတစ်၊ ဖန်၊ သတ္တုအစရှိသည့် ဆွေးမြည့်ရန်ခက်ခဲသောအမှိုက်များကိုစနစ်တကျခွဲခြား၍ သတ်မှတ်ထားသည့်နေရာများတွင် စွန့်ပစ်ခြင်းဖြင့် စတင်ဆောင်ရွက်သင့်သည်။ ရေနုတ်မြောင်း၊ မြစ်ချောင်း၊ ကန်များအတွင်းသို့ ပလတ်စတစ်အမှိုက်များ   လုံးဝမရောက်ရှိစေရန် တင်းကျပ်စွာလိုက်နာဆောင်ရွက်သင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်  ရေစီးရေလာပိုမိုကောင်းမွန်စေပြီး ရေကြီးမှုများကို သိသိသာသာလျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အကြိမ်ကြိမ်သုံးနိုင်သော ပစ္စည်းများ၊ အဝတ်အိတ်များကို အစားထိုးသုံးစွဲခြင်းဖြင့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချခြင်းဖြင့်လည်း ကာကွယ်နိုင်မည်ဖြစ်သည်။

စိမ်းလန်းစိုပြည်အောင်စိုက်ပျိုးခြင်းနှင့် သဘာဝကိုထိန်းသိမ်းခြင်း

သစ်တောနှင့်သစ်ပင်များသည် သဘာဝဘေးအန္တရာယ်များကို ဟန့်တားပေးသောအကောင်းဆုံး မဟာမိတ်များဖြစ်သည်။ မိမိတို့နေထိုင်ရာအိမ်ပတ်ဝန်းကျင်၊  အများပြည်သူပိုင်နေရာများတွင် သင့်လျော်သောသစ်ပင်ပန်းပင်များ၊ အထူးသဖြင့် ရေထိန်းသိမ်းမှုအားကောင်းမွန်သည့် သစ်မျိုးစိတ်များကို စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းတွင် ပါဝင်ဆောင်ရွက်သင့်သည်။ ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေဖြင့် ဒီရေတောများကို တန်ဖိုးထားထိန်းသိမ်းရမည့်အပြင် ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။ ဒီရေတောများသည် ကမ်းရိုးတန်းရေကြီးမှုနှင့် မုန်တိုင်းဒဏ်ကို လျှော့ချပေးနိုင်သည့် သဘာဝအရန်အတားအဆီးများဖြစ်သည်။ ထို့အတူ တောင်ပေါ်ဒေသများတွင် နေထိုင်သူများအနေဖြင့်လည်း သစ်တောများအား မီးဘေးနှင့်တရားမဝင်ခုတ်ယူမှုများမှ ကာကွယ်ခြင်းဖြင့် မြေပြိုမှု၊ ရေကြီးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုနှင့် အသိပညာမြှင့်တင်ခြင်း

သဘာဝဘေးစီမံခန့်ခွဲမှု၏ အဓိကသော့ချက်မှာ  အသိပညာနှင့် ကြိုတင်ပြင်ဆင်မှုပင်ဖြစ်သည်။ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များကို   ပုံမှန်နားထောင်ခြင်း၊  အသိပေးချက်များကို အလေးထားလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ရေကြီးမှု၊ ငလျင် 

စသည့်ဘေးအန္တရာယ်များ ကြုံလာပါက မိသားစုဝင်အားလုံး မည်သည့်နေရာတွင် စုဝေးရမည်၊ မည်သည့်အရာများကိုယူဆောင်ရမည် စသည့်အရေးပေါ်အစီအစဉ်များကို ကြိုတင်ရေးဆွဲထားရမည်။ မိမိတို့ပတ်ဝန်းကျင်ဒေသရှိ လူငယ်များ၊ ကျောင်းသားများနှင့်  လူထုများကြားတွင်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲများ၊   လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် အသိပညာကို ဖြန့်ဝေဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များနှင့်    ရာသီဥတုဖောက်ပြန်မှု၏အကျိုးဆက်များသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုများ ဖြစ်နေသည်။ 

ရေကြီးမှုကဲ့သို့သောဘေးအန္တရာယ်များသည် လူသားများ၏ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများက ပိုမိုဆိုးရွားစေသည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။ မိမိတို့နိုင်ငံသားအားလုံးသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်း၊  အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ခြင်း၊  သစ်ပင်များစိုက်ပျိုးခြင်း စသည့်တာဝန်ယူမှုရှိသောအပြုအမူများကို စတင်လုပ်ဆောင်ခြင်းဖြင့် ရာသီဥတုဖောက်ပြန်ခြင်းနှင့်    သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ် သက်ရောက်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့ဟူသည့်ဆောင်ပုဒ်နှင့်အညီ မိမိတို့

ပတ်ဝန်းကျင်မှစတင်၍ သစ်ပင်စိုက်ခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း   စသည့်သေးငယ်သောပြောင်းလဲမှုများသည်   နိုင်ငံအတွက်ကြီးမားသည့် ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာစွမ်းအားများ ဖြစ်လာမည်ဖြစ်ကြောင်း   ရေးသားတင်ပြလိုက်ရသည်။    ။

MWD