ပြည်သူများကို ဘေးအန္တရာယ်များမှ ကာကွယ်ပေးနေသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
Posted_Date
Image
Body
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြုဆောင်းပါး
မီးသည် လူ့ယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။ မီးရှိမှလူသားတို့သည် ထမင်းချက်နိုင်ခဲ့သည်။ အလင်းရောင်ရနိုင်ခဲ့သည်။ သို့သော် ထိုမီးအလင်းသာမက မီးဘေးဟူသောအန္တရာယ်ကြီးကိုလည်း လူသားတို့ရင်ဆိုင်ခဲ့ရသည်။ အိမ်တစ်အိမ်မှမီးဘေးသည် ရပ်ကွက်တစ်ခုလုံး၊ မြို့တစ်မြို့လုံးကို ပြာပုံဖြစ်စေနိုင်သော ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးကြီးဖြစ်စေသဖြင့် ထိုသို့သောဘေးဆိုးကြီးမှ လူ့အသက်၊ အိုးအိမ်၊ စီးပွားဥစ္စာများကိုကာကွယ်ရန် မီးသတ်တပ်ဖွဲ့ဟူသော အဖွဲ့အစည်းကြီး ပေါ်ပေါက်လာခဲ့သည်။
လူအများသည် မီးလောင်ရာမှပြေးကြသော်လည်း မီးသတ်တပ်ဖွဲ့ဝင်တို့သည် မီးလောင်ရာသို့ပြေးကြသည်။ လူအများသည် ဘေးအန္တရာယ်ကို ရှောင်ကြသော် ထိုသူတို့သည် ဘေးအန္တရာယ်ကို ရင်ဆိုင်ကြသည်။ အိပ်ချိန်၊ စားချိန်၊ အနားယူချိန်မရွေး ဒါမှမဟုတ် သန်းခေါင်ယံအချိန်မရွေး “မီးလောင်သည်”ဟူသောအချက်ပြသံကို ကြားသည်နှင့်တစ်ပြိုင်နက် သူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေကြသည်။ ဤသည်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပုံမှန်ဘဝဖြစ်သည်။
မြန်မာနိုင်ငံရှိ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ခြင်း အလုပ်တစ်ခုတည်းသာမဟုတ်ဘဲ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းကျခြင်း၊ မြေပြိုခြင်း အစရှိသောသဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ကြသည်။ ပြည်သူတို့ဘေးအန္တရာယ် ကြုံတွေ့ရပါက ၎င်းတို့သည် အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ ကယ်ဆယ်ကြသည်။
မီးသတ်တပ်ဖွဲ့နေ့သည် ထိုသို့သော ရဲစွမ်းသတ္တိရှိသည့် လူများအတွက် အသိအမှတ်ပြုသည့်နေ့ဖြစ်သည်။ ထိုနေ့တွင် နိုင်ငံတစ်ဝန်းရှိ မီးသတ်စခန်းများ၌ အခမ်းအနားများ ကျင်းပကြပြီး ထူးချွန်သည့်မီးသတ်တပ်ဖွဲ့ဝင်များကို ဆုများ၊ ဂုဏ်ပြုလွှာများ ပေးအပ်ကြသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဖြစ်ပေါ်လာပုံ
၁၉၄၆ ခုနှစ် မေလ ၅ ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံး ညီလာခံကြီးကို ရန်ကုန်မြို့ ကန်တော်ကလေး၊ ဇိနတ်အစ္စလာမ် အမျိုးသမီးကျောင်းတွင် ျင်းပခဲ့ရာ တစ်ပြည်လုံးရှိ ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး စုံညီစွာတက်ရောက်ခဲ့ကြသည်။ ညီလာခံကြီး၏ နာယကလူကြီးများမှာ ဦးအောင်ဆန်း၊ ဦးဘချို၊ ဦးဘဂျမ်း၊ သခင်မြ၊ ဦးဘဖေကြီး၊ ဦးစိုးညွန့်၊ ဟင်္သာတဦးမြ၊ ဦးတင် (မြန်မာ့အလင်း)၊ ဦးမြ(ပျော်ဘွယ်)၊ သခင်သန်းထွန်း၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန်တို့ဖြစ်ကြသည်။
ထို့နောက် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်ညီလာခံ ကျင်းပခဲ့သည့် မေလ ၅ ရက်ကို မီးသတ်တပ်ဖွဲ့နေ့အဖြစ် နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် နှစ်(၈၀)ပြည့်မြောက်ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ခေတ်မီယာဉ်ကြီးများ၊ ခေတ်မီနည်းပညာများဖြင့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်လျက်ရှိရာ ပြည်သူများအနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Hot Line နံပါတ် ၁၉၁ သို့ အမြန်ဆုံး အကြောင်းကြားကြရန်နှင့် ပါဝင်ကူညီကြရန်လည်း နှိုးဆော်ထားသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သမိုင်း
သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်အနော်ရထာမင်းစော (အေဒီ-၁၀၄၄-၁၀၇၇)လက်ထက်ကပင် မီးကပ်တပ်သား ၆၆၃ ဦး(သောသောညံပုဂံမီးဆော်မောင်း)ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေးကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ရှေးခေတ်မြန်မာမင်း အဆက်ဆက် လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး နိုင်ငံတော်မီးဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အထောက်အထားများရှိသည်။ ပထမဦးဆုံးသော ရန်ကုန်မြူနီစီပယ်မီးသတ်ကို ၁၈၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြူနီစီပယ်အက်ဥပဒေအရ စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် ပညာရေးနှင့်ဒေသန္တရ အုပ်ချုပ်ရေးဌာန၏အမိန့်အရ မီးဘေးတားဆီးရေးနှင့် မီးဘေးကာကွယ်ရေး ကိစ္စရပ်များကို ဆောင်ရွက်ရန် မီးသတ်ဌာနကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ် မတ်လ ၂၈ ရက်တွင် မီးသတ်ဝန်ထမ်း အက်ဥပဒေအမှတ်-၆ ပြဋ္ဌာန်းပြီး ပြည်ထဲရေးဝန်ကြီးဌာနခွဲ၊ နိုင်ငံတော်အစိုးရ မီးသတ်ဌာနကိုဖွဲ့စည်းခဲ့သည်။ ၁၉၆၃ ခုနှစ် မီးသတ်တပ်ဖွဲ့ဥပဒေကို အသစ်ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။
မီးသတ်တပ်ဖွဲ့သုံးမျိုးနှင့် လုပ်ငန်းစဉ်ကြီး(၇)ရပ်
မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ကို အစိုးရမီးသတ်တပ်ဖွဲ့ဝင်များ (သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ)၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သီးသန့်ဖွဲ့စည်းထားသော မီးသတ်တပ်ဖွဲ့ဝင်များ(မီးဘေး စိုးရိမ်ရသော စက်ရုံ/အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားသော ဝန်ထမ်းများ) ဟူ၍ သုံးမျိုးခွဲခြားထားသည်။ မီးသတ်ဦးစီးဌာနတွင် လုပ်ငန်းစဉ်ကြီး (၇)ရပ်ရှိသည်။ ၎င်းတို့မှာ-
၁။ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ်ဖြစ်သော မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည် ထက်မြက်စေရန် မီးသတ်တပ်ဖွဲ့ဝင်တိုင်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း၊
၂။ မီးသတ်စက်၊ ယာဉ်နှင့်ပစ္စည်းကိရိယာများ မွမ်းမံရေး၊ ကြံ့ခိုင်ရေး၊ အသင့်ရှိရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံးစက်၊ ယာဉ်၊ ပစ္စည်းကိရိယာများမွမ်းမံရေး၊ ကြံ့ခိုင်ရေးနှင့် အသင့်ရှိရေးလုပ်ငန်း၊
၃။ ပြည်သူလူထုအား မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရေး လုပ်ငန်း၊
၄၊၊ အရန်နှင့်သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့်သင်တန်းပေးရေး လုပ်ငန်း၊
၅။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာ အဆင့်နှင့်အညီ ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေး အတွက် ကွပ်ကဲမှုနည်းစနစ်များ၊ မီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ် များအား အစဉ်အမြဲ သုတေသနပြုလုပ် ဖော်ထုတ်၍ တပ်ဖွဲ့ဝင်အားလုံး တတ်ကျွမ်းနားလည်စေရန် လေ့ကျင့်ပေးရေးလုပ်ငန်း၊
၆။ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နှင့်တာဝန်များကို အသုံးပြု၍ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုချက်များကို သက်ဆိုင်ရာ နိုင်ငံတော်ပိုင်/ပုဂ္ဂလိကပိုင်၊ ဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းများမှ တိကျစွာလိုက်နာဆောင်ရွက်စေရေးလုပ်ငန်း၊
၇။ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များအား နိုင်ငံတော်၏ ခိုင်မာသော အရန်အင်အားဖြစ်စေရေးအတွက် လေ့ကျင့်ဖွဲ့စည်း၍ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတို့ဖြစ်သည်။
စွမ်းရည်မြင့်သင်တန်းကျောင်းများ
မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အစဉ်အမြဲ တိုးတက်နေစေရန်အတွက် မီးသတ်သင်တန်းကျောင်း(ရန်ကုန်)ကို ၁၉၅၂ ခုနှစ်မှစတင်၍ အလုံလမ်း ဒဂုံမြို့နယ် (ယခု ပြည်သူ့ရင်ပြင်)တည်ရှိရာ နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ပြည်လမ်းနှင့်အလုံ လမ်းထောင့်ရှိ (ယခုပြည်သူ့လွှတ်တော်)တည်ရှိရာနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၆၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ မရမ်းကုန်းမြို့နယ် နာဂလိုဏ်ဂူကုန်းမြင့် (ယခုစွယ်တော်မြတ်စေတီ) တည်ထားကိုးကွယ်သည့်နေရာတွင် သင်တန်းကျောင်း ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှစတင်၍ မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်းနှင့် စွယ်တော်မြတ်စေတီလမ်းထောင့်ရှိ ယခုနေရာသို့ပြောင်းရွှေ့ခဲ့ပါသည်။
ထို့ပြင် အထက်မြန်မာပြည်တွင် အဆင့်မြင့်မီးသတ်သင်တန်းများ သင်ကြားပို့ချရန် “အထက်မြန်မာပြည်အဆင့်မြင့် မီးသတ်သင်တန်းကျောင်း”ကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ရှင်တော်ကုန်းရေကြည်ကွင်းရှိ မြေဧက ၁၇၃ ဒသမ ၃၁ မြေနေရာတွင် ၁၉၉၇ ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ဗဟိုမီးသတ်သင်တန်းကျောင်း(Central Fire Services Training School)ဟု ခေါ်ဝေါ်သတ်မှတ်ပေးခဲ့သည်။ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၏လမ်းညွှန်မှုအရ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်၏ အရန်အင်အားများအဖြစ် ဖွဲ့စည်းတည်ဆောက် လေ့ကျင့်ပေးရန်နှင့် အဆင့်မြင့် မီးသတ်သင်တန်းများ သင်ကြားပို့ချပေးသွားရန် ရေတံခွန်တောင် ဗဟိုမီးသတ်သင်တန်းကျောင်းအား မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မန္တလေး-ပြင်ဦးလွင် ကားလမ်း၏မြောက်ဘက် ၂ ဒသမ ၃မိုင်ခန့်အကွာ ဇီးပင်ကြီးကျေးရွာအနီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် ရဲဗဟိုလေ့ကျင့်ရေးဌာနတို့နှင့် နယ်နိမိတ်ချင်းဆက်စပ်လျက် မြေဧက ၁၆၇၁ ရှိ မြေနေရာတွင် ဗဟိုမီးသတ် သင်တန်းကျောင်းကို ၁၉၉၈-၁၉၉၉ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ် မေလ ၁၆ ရက်တွင် စတင်ဖွင့်လှစ်၍ သင်တန်းများကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့သည်။
စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့ထူး၊ ဂုဏ်ထူးများရရှိခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များ ခေတ်အဆက်ဆက်တွင် မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုများနှင့် အကျိုးပြုနေကြသည်။ ထိုကဲ့သို့ စွန့်လွှတ်စွန့်စားပြီး စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော်မှ စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးအပ်လျက်ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စီးပွားဥစ္စာများကို မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးဆိုးများမှ ကာကွယ်စောင့်ရှောက်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ရုံသာမက နိုင်ငံတော်၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကကျသော အင်အားစုတစ်ခုလည်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်တိုင်းသည် မိမိတို့၏တာဝန်ကို အသက်နှင့်လဲလှယ်ကာ ထမ်းဆောင်နေကြသူများဖြစ်ပြီး သူတို့၏စွန့်လွှတ် အနစ်နာခံမှုမှာကြီးမားလှသည်။
နှစ်စဉ် မေလ ၅ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့သည် ထိုသူရဲကောင်းများ၏ ကျေးဇူးကို ပြန်လည်အမှတ်ရသည့်နေ့ ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ပြည်သူများအနေဖြင့် မီးဘေးကာကွယ်ရေးဆိုင်ရာအသိပညာများ တိုးပွားလာစေရန်နှင့် တာဝန်ယူမှုရှိလာစေရန် သတိပေးသည့်နေ့လည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မီးဘေးအန္တရာယ် ကာကွယ်ရေးသည် မီးသတ်တပ်ဖွဲ့တစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ ပြည်သူတိုင်းပါဝင်ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အားလုံးစုပေါင်း၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကို လေးစားဂုဏ်ပြုကြပါစို့။ တစ်ဦးချင်းစီအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး စည်းမျဉ်းများကို လိုက်နာကျင့်သုံးကြပါစို့။ မီးသတ်တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ်စွန့်ကာ ဆောင်ရွက်နေမှုများကို အလဟဿမဖြစ်စေဘဲ ဘေးအန္တရာယ် ကင်းရှင်းသော လူမှုအသိုင်းအဝိုင်းကို အတူတကွ တည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
MWD
