အိန္ဒိယတပ်မတော်ရဲ့ အစိမ်းရောင်စွမ်းအင်နဲ့ ဆက်လျှောက်မယ့်ခြေလှမ်းများ
Posted_Date
Image
Body
လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အခြေအနေကိုကြည့်မယ်ဆိုရင် အီရန်စစ်ပွဲရဲ့နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့စွမ်းအင်ဂယက်ဟာ တစ်ကမ္ဘာလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေတာအားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် စက်သုံးဆီနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းအဆမတန်မြင့်တက်လာမှုဟာ နိုင်ငံတိုင်းရဲ့စီးပွားရေးယန္တရားကိုသာမက နိုင်ငံတော်ကာကွယ်ရေးကဏ္ဍကိုပါ ကြီးမားတဲ့စိန်ခေါ်မှုတွေ ပေးလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယတပ်မတော်ဟာ သူတို့ရဲ့စွမ်းအင်သုံးစွဲမှုပုံစံကို အခြေခံကစ အကြီးအကျယ် ပြောင်းလဲဖို့ ပြင်ဆင်လာတာဟာ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဗျူဟာမြောက်ခြေလှမ်းတစ်ရပ်လို့ ပြောရမှာပါ။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့စွမ်းအင်ဖြတ်တောက်မှုတွေနဲ့ ဈေးကွက်မတည်ငြိမ်မှုတွေဟာ အိန္ဒိယနိုင်ငံလိုစွမ်းအင်ကို ပြည်ပကနေအဓိကထားတင်သွင်းနေရတဲ့ အာရှနိုင်ငံတွေအတွက် နိုးကြားမှုအသစ်တစ်ခုကို ဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် အိန္ဒိယတပ်မတော်အနေနဲ့ သမားရိုးကျစက်သုံးဆီနေရာမှာ အစားထိုးနိုင်မယ့် အစိမ်းရောင် စွမ်းအင်နည်းလမ်းတွေကို အလေးအနက်ရှာဖွေလာနေပြီ ဖြစ်ပါတယ်။
ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ အိန္ဒိယကြည်းတပ်က သူတို့ရဲ့စခန်းတွေမှာ အချက်အပြုတ်လုပ်ငန်းတွေအတွက် အသုံးပြုနေတဲ့ သဘာဝဓာတ်ငွေ့သုံးပစ္စည်းတွေနေရာမှာ ဇီဝဓာတ်ငွေ့အသုံးပြုမီးဖိုတွေနဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။ ဒါတင်မကသေးဘဲ စစ်သုံးယာဉ်တွေနဲ့ ရုံးလုပ်ငန်းတွေမှာလည်း အစိမ်းရောင်လောင်စာတွေအသုံးပြုနိုင်ဖို့ လေ့လာနေသလို၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ ခြေလှမ်းပြင်နေတယ်လို့ သိရပါတယ်။
အီရန်စစ်ပွဲမတိုင်ခင် ဘရန့်ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၇၀ ဝန်းကျင်သာရှိခဲ့ရာကနေ စစ်ပွဲအတွင်း ၁၂၆ ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားခဲ့တာဟာ စွမ်းအင်အန္တရာယ်ဘယ်လောက်အထိကြီးမားတယ်ဆိုတာကို ပြသနေပါတယ်။ ဟော်မုရေလက်ကြားလို ဗျူဟာမြောက်ရေလမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့ အခြေအနေမျိုးမှာ အိန္ဒိယတင်မကဘဲ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာ သူတို့ရဲ့စွမ်းအင်ဖူလုံရေးအတွက် စိုးရိမ်ပူပန်လာကြတာ အဆန်းတော့ မဟုတ်ပါဘူး။
စွမ်းအင်ကျွမ်းကျင်သူတွေရဲ့အမြင်အရ အာရှနိုင်ငံတွေဟာသူတို့ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လိုအပ်ချက် ၆၀ ရာခိုင်နှုန်းလောက်ကို အရှေ့အလယ်ပိုင်းဒေသမှတင်သွင်းနေရတာဖြစ်လို့ ဒီဒေသမှာပဋိပက္ခဖြစ်တိုင်း အားနည်းချက်တွေရှိလာလေ့ရှိပါတယ်။ အခုလိုမျိုးပြည်တွင်းမှာထုတ်လုပ်နိုင်တဲ့ အစိမ်းရောင်စွမ်းအင်တွေဘက်ကိုကူးပြောင်းခြင်းဖြင့် အိန္ဒိယတပ်မတော်အနေနဲ့ စွမ်းအင်ဒဏ်ခံနိုင်ရည်ကို တည်ဆောက်နေတယ်လို့မြင်ရပါတယ်။ ဒါကတိုက်ပွဲဝင်အသင့်ဖြစ်မှုကိုအာမခံနိုင်ဖို့အတွက်လည်း အလွန်အရေးကြီးပါတယ်။
အခုလောလောဆယ်မှာ အမေရိကန်က အီရန်ကို ငြိမ်းချမ်းရေးအဆိုပြုချက် တင်ထားတာကြောင့် ရေနံဈေးက ဒေါ်လာ ၁၀၀ အောက်ပြန် ကျလာပေမယ့်လည်း ဟော်မုရေလက်ကြား ပြန်ပွင့်ဖို့ကတော့ အချိန်ယူရဦးမှာပါ။ ရေကြောင်းကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာကလည်း ချက်ချင်းလုပ်ယူလို့ရတာမျိုး မဟုတ်ဘဲအာမခံဈေးကွက်နဲ့ ယုံကြည်မှုပြန်လည် တည်ဆောက်ဖို့အတွက် သီတင်းပတ်ပေါင်းများစွာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အပစ်အခတ်ရပ်စဲရေး သတင်းထွက်လာရုံနဲ့ စွမ်းအင်ပြဿနာပြေလည်သွားပြီလို့ ယူဆလို့မရကြောင်း ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။
ဒီလိုစိန်ခေါ်မှုတွေကြားက အစိမ်းရောင်စွမ်းအင်ကို ပြောင်းလဲအသုံးပြုဖို့ ကြိုးစားရာမှာလည်း အခက်အခဲတွေတော့ ရှိနေပါသေးတယ်။ လောလောဆယ်မှာ အစိမ်းရောင်စွမ်းအင်ဟာ စစ်အခြေစိုက်စခန်းတွေ၊ ချက်ပြုတ်ရေးလုပ်ငန်းတွေ၊ စောင့်ကြည့်ရေး စနစ်တွေနဲ့ ဝေးလံခေါင်သီတဲ့ ကင်းစခန်းတွေမှာတော့ အထောက်အကူပြုနိုင်ပေမယ့်တိုက်ပွဲဝင်စစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ သမားရိုးကျလောင်စာဆီတွေနေရာမှာတော့အပြည့်အဝ အစားမထိုးနိုင်သေးပါဘူး။ အထူးသဖြင့်တပ်ဆင်ခ အလွန်မြင့်မားတာ၊ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေရှိတာနဲ့ နေရောင်ခြည် ဒါမှမဟုတ်လေစွမ်းအင်ဆိုတာမျိုးက အမြဲတမ်းပုံမှန်မရနိုင်တဲ့ သဘာဝရှိတာကြောင့် အကြီးစား စစ်လက်နက်ပစ္စည်းတွေကို မောင်းနှင်ဖို့ဆိုတာ မလွယ်ကူသေးပါဘူး။
ဒါပေမဲ့လည်း အိန္ဒိယတပ်မတော်ဟာ လာဒက်လိုမျိုး ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတွေမှာ နေရောင်ခြည်-ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအသေးစားဓာတ်အားလိုင်းစနစ်တွေကို အောင်အောင်မြင်မြင် အသုံးပြုပြထားပြီးပါပြီ။ ဒါဟာ အနာဂတ်အတွက် အလားအလာကောင်းတဲ့လက္ခဏာတစ်ခုပါပဲ။
အခုလို အစိမ်းရောင်စွမ်းအင်ကို အသုံးပြုလာခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ များပြားလှပါတယ်။ ပထမဆုံးအနေနဲ့က ကမ္ဘာ့ဈေးကွက်မှာ ရေနံဈေးတွေဘယ်လောက်ပဲတက်တက်၊ ဘယ်လိုပဲ စစ်မီးတွေတောက်နေပါစေ မိမိနိုင်ငံအတွင်းမှာပဲ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်ရှိနေတဲ့အတွက် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေကို လျှော့ချနိုင်ပါမယ်။
ဥပမာ ဝေးလံခေါင်သီတဲ့ ကင်းစခန်းတွေမှာ ရဟတ်ယာဉ်တွေနဲ့ လောင်စာဆီသွားပို့ရတဲ့ စရိတ်စကနဲ့ အန္တရာယ်ဟာ အလွန်ကြီးမားပါတယ်။ အဲဒီအစား အဲဒီစခန်းတွေမှာတင် လေစွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်ကိုအသုံးချနိုင်ရင် ကုန်ကျစရိတ်တွေသက်သာသွားမယ့်အပြင် ရန်သူ့ရဲ့ဖြတ်တောက်မှုကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။ ဒုတိယအနေနဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး ကမ္ဘာ့ကျန်းမာရေးစံနှုန်းတွေနဲ့လည်း ကိုက်ညီမှုရှိစေမှာပါ။
တစ်ကမ္ဘာလုံးဆိုင်ရာ အမြင်နဲ့ကြည့်မယ်ဆိုရင်လည်း အခုလိုအိန္ဒိယတပ်မတော်ရဲ့ ဆောင်ရွက်ချက်ဟာ ကမ္ဘာ့စံနမူနာကောင်းတွေကို လိုက်နာကျင့်သုံးခြင်းလည်းဖြစ်ပါတယ်။ တပ်မတော်တစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်စေဘဲ ပိုမိုခိုင်မာတဲ့ စွမ်းအင်စနစ်ကို တည်ဆောက်နိုင်ခြင်းဟာ အာရှဒေသတွင်းက တခြားနိုင်ငံတွေအတွက်လည်း အတုယူစရာဖြစ်လာမှာပါ။ စစ်မြေပြင်မှာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဟာ ရန်သူ့ရဲ့အဓိကပစ်မှတ်ဖြစ်လေ့ရှိပါတယ်။ စက်သုံးဆီယာဉ်တန်းတွေအပေါ် မှီခိုနေရမယ့်အစား ကိုယ့်စခန်းမှာတင် ကိုယ်ပိုင်ဇီဝဓာတ်ငွေ့နဲ့ နေရောင်ခြည်စွမ်းအင်ထုတ်ယူသုံးစွဲနိုင်ခြင်းက ဗျူဟာမြောက် အားသာချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးအပြောင်းအလဲဟာ ရေတိုမှာ ငွေကုန်ကြေးကျများနိုင်တယ်လို့ထင်ရပေမယ့် ရေရှည်မှာ တပ်မတော်အတွက်သာမက နိုင်ငံတော်အတွက်ပါ မဟာဗျူဟာမြောက် အောင်မြင်မှုတွေကို ယူဆောင်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုမျိုးအစိမ်းရောင်စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေကိုလည်းအားကောင်းစေပါတယ်။ တပ်မတော်အတွက်လိုအပ်တဲ့ ဆိုလာပြားတွေ၊ ဇီဝဓာတ်ငွေ့စနစ်တွေနဲ့ စွမ်းအင်သိုလှောင်တဲ့ဘက်ထရီတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်လာနိုင်တဲ့အခါ “အိန္ဒိယပြည်တွင်ပြုလုပ်သည်” ဆိုတဲ့မူဝါဒကိုလည်း အထောက်အကူပြုရာရောက်ပါတယ်။ စွမ်းအင်ဆိုတာ ဒီနေ့ခေတ်စစ်ပွဲမှာ လက်နက်ခဲယမ်းတွေလိုပဲ အရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါတယ်။ တပ်မတော်တစ်ရပ်က စွမ်းအင်ရရှိရေးအတွက် တခြားသူအပေါ် မှီခိုနေရသရွေ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေက လွတ်လပ်မှုရှိမှာ မဟုတ်ပါဘူး။ အခုလို အိန္ဒိယတပ်မတော်ကဦးဆောင်ပြီး စွမ်းအင်အပြောင်းအလဲကို ဖော်ဆောင်နေတာဟာ တခြားသော အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေအတွက်ပါ စံနမူနာကောင်းတစ်ခု ဖြစ်နေပါတယ်။
စစ်မှန်တဲ့ စွမ်းအင်ဖူလုံရေးဆိုတာ ရေနံတွင်းတွေ အများကြီးပိုင်တာကို မဆိုလိုပါဘူး။ ရရှိနိုင်တဲ့အရင်းအမြစ်တွေကို အထိရောက်ဆုံးသောနည်းလမ်းတွေနဲ့ အသုံးချနိုင်တာကိုဆိုလိုတာပါ။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ အိန္ဒိယတပ်မတော်ကို ပိုမိုခေတ်မီပြီး ပိုမိုကြံ့ခိုင်တဲ့အနာဂတ်ဆီကို တွန်းပို့ပေးလိုက်သလို ဖြစ်နေပါတယ်။ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်စွမ်းဟာ စွမ်းရည်ထက်မြက်တဲ့ တပ်မတော်တစ်ရပ်ရဲ့လက္ခဏာ
ဖြစ်ပါတယ်။ အိန္ဒိယတပ်မတော်ရဲ့ အစိမ်းရောင်စွမ်းအင်နဲ့ လျှောက်လှမ်းမယ့်ခြေလှမ်းတွေဟာ အာရှတိုက်ရဲ့ စွမ်းအင်ဖူလုံရေးသမိုင်းစာ မျက်နှာသစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာအမှန်ပဲ ဖြစ်ပါတယ်။
Ref: SCMP
MWD
