ရုရှား-တရုတ်ရေတပ်တို့ ရေငုပ်သင်္ဘော ချေမှုန်းရေးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုပြုလုပ်
ရုရှားနှင့် တရုတ်ရေတပ်များသည် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအစီအစဉ် တစ်ရပ်အဖြစ် အမြောက်နှင့် ရေငုပ်သင်္ဘောချေမှုန်းရေးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း ရုရှား၏ ပစိဖိတ်ရေတပ်က တနင်္ဂနွေနေ့ (ဩဂုတ် ၃) က ပြောကြားလိုက်ပါသည်။
ထိုစစ်ရေးလေ့ကျင့်မှုမှာ ယခင် ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီ ဒက်ဖ်၏ ပြောကြားချက်အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၂ စင်းကို သင့်လျော်သော နေရာများတွင် တပ်စွဲရန် အမိန့် ပေးလိုက်ပြီးနောက် ၂ ရက်အကြာတွင် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ သို့ရာတွင် ထရမ့် မပြောကြားမီကတည်းက ထိုစစ်ရေးလေ့ကျင့်မှု ပြုလုပ် ရန် စီစဉ်ထားကြောင်း သိရပါသည်။
ရုရှား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဧရာမသင်္ဘောတစ်စီးနှင့် တရုတ် ရေတပ် ဖျက်သင်္ဘောနှစ်စီးအပါအဝင် ရုရှားနှင့် တရုတ်သင်္ဘောများ ပူးတွဲ၍ ရွေ့လျားနေကြောင်း ပစိဖိတ်ရေတပ်၏ ပြောကြားချက်ကို ကိုးကား၍ အင်တာဖက်စ်သတင်းဌာနကလည်း ဖော်ပြထားပါသည်။
နိုင်ငံနှစ်နိုင်ငံမှ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများအပြင် တရုတ် ရေငုပ်သင်္ဘောကယ်ဆယ်ရေးသင်္ဘောတစ်စီးလည်း ပါဝင်နေကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ထိုလှုပ်ရှားမှုများကို "ပင်လယ်ပြင် ဆိုင်ရာ အပြန်အလှန်ပူးပေါင်းမှု-၂၀၂၅" (Maritime Interaction- 2025) အမည်ရှိ စစ်ရေးလေ့ကျင့်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်္ဂါနေ့ (ဩဂုတ် ၅) တွင် ပြီးဆုံးရန် စီစဉ်ထားကြောင်း သိရပါသည်။
ကိုးကား- Reuters
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
