အမေရိကန်၏ တတိယမြောက် လေယာဉ်တင်သင်္ဘော USS George H.W. Bush အရှေ့အလယ်ပိုင်းသို့ ဦးတည်ခုတ်မောင်းနေ
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် တင်ထားသောဓာတ်ပုံများအရ အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘော USS George H.W. Bush သည် အင်္ဂါနေ့ (ဧပြီ ၂၂) က အိန္ဒိယသမုဒ္ဒရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ ဆိုလိုသည်မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားသွားပါက သို့မဟုတ် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ဖြတ်တောက်ရာတွင်ကူညီရန်အတွက် အမေရိကန်သည် ဒေသတွင်း၌ နောက်ထပ် တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို မကြာမီ ဖြည့်တင်းနိုင်တော့မည်ဖြစ်သည်။
Bush သင်္ဘောနှင့် ၎င်းတွင်ပါရှိသော တိုက်လေယာဉ် ၇၅ စင်းကျော်၏ တည်နေရာအတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီမှ ဒီမိုကရက်တစ်လွှတ်တော်ကိုယ်စားလှယ် Maggie Goodlander က ထရမ့်အစိုးရသည် ဒေသတွင်း၌ စစ်အင်အားများတိုးမြှင့်နေသဖြင့် တတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စင်းသည် အရှေ့အလယ်ပိုင်းသို့ ဦးတည်နေကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၂) တွင် CNN သို့ ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် Atlantic Council ၏ အမေရိကန်စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေးဝက်ဘ်ဆိုက်က ဝါရှင်တန်သည် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ရန်အတွက် ရေတပ်အင်အားများ ပိုမိုစုစည်းနေစဉ်အတွင်း Bush နှင့် ၎င်း၏ တိုက်ခိုက်ရေးအုပ်စုသည် ဧပြီလ ၁၇ ရက်နေ့တွင် အာဖရိက တောင်ဘက်စွန်းကို ဖြတ်သန်းခုတ်မောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။
Bush တိုက်ခိုက်ရေးအုပ်စုသည် ပုံမှန်တာဝန်ထမ်းဆောင်ရန်အတွက် မတ်လ ၃၁ ရက်နေ့တွင် ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့ခ် (Norfolk) ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခစတင်ကတည်းက အီရန် အနီး အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် စစ်ဆင်ရေးဆောင်ရွက်နေသည့် USS Abraham Lincoln နှင့် မတ်လကုန်မှ ဧပြီလဆန်းအထိ မြေထဲပင်လယ်ဆိပ်ကမ်းများတွင် ပြုပြင်ထိန်းသိမ်းမှုနှင့် ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်ပြီးနောက် ပင်လယ်နီသို့ ပြန်လည်ရောက်ရှိနေသည့် USS Gerald R. Ford တို့ ရှိနှင့်ပြီးဖြစ်သည်။
အကယ်၍ Bush သည် အီရန်စစ်ပွဲတွင်ပါဝင်လာပါက အမေရိကန် ရေတပ်၌ အသင့်ရှိနေသော လေယာဉ်တင်သင်္ဘော ၄ စင်းအနက် ၃ စင်းကို ထိုပဋိပက္ခတွင် အသုံးပြုလိုက်ခြင်းဖြစ်မည်ဟု Atlantic Council က ဆိုသည်။
အမေရိကန်တွင် စုစုပေါင်း လေယာဉ်တင်သင်္ဘော ၁၁ စင်း ရှိသော်လည်း ပြုပြင်ထိန်းသိမ်းမှု၊ အကြီးစားပြင်ဆင်မှုနှင့် လေ့ကျင့်ရေး လုပ်ငန်းစဉ်များကြောင့် အချိန်တိုင်းတွင် အားလုံးက တိုက်ပွဲဝင်ရန် အသင့်ဖြစ်မနေနိုင်ပေ။
၂၀၀၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့သော Bush သည် အမေရိကန် ရေတပ်၏ Nimitz-class လေယာဉ်တင်သင်္ဘော ၁၀ စင်းအနက် အသစ်ဆုံး သင်္ဘောဖြစ်သည်။ အလျားပေ ၁,၀၀၀ နီးပါးရှိပြီး တန်ချိန် ၁ သိန်းကျော်လေးလံကာ နျူကလီးယားဓာတ်ပေါင်းဖိုနှစ်လုံးဖြင့် မောင်းနှင်ပြီး သင်္ဘောပေါ်တွင် ရေတပ်သားနှင့် လေယာဉ်အဖွဲ့သား ၅,၅၀၀ ကျော် လိုက်ပါတာဝန်ထမ်းဆောင်လျက်ရှိသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,