အီလွန်မက်သည် သမိုင်းတွင် ပထမဆုံးသော ဒေါ်လာ ၅၀၀ ဘီလီယံ ပိုင်ဆိုင်သူ ဖြစ်လာ

News Image

  • အီလွန်မက်သည် သမိုင်းတွင် ပထမဆုံးသော ဒေါ်လာ ၅၀၀ ဘီလီယံ ပိုင်ဆိုင်သူ ဖြစ်လာ

အီလွန်မက်ာ၏ ပိုင်ဆိုင်မှုပမာဏသည် စတော့ရှယ်ယာများ ဈေးတက် လာမှု နှင့်အတူ သိသိသာသာမြင့်တက်လာကာ သမိုင်းတွင် ဒေါ်လာ ဘီလီယံ ၅၀၀ ကျော် ပထမဆုံးပိုင်ဆိုင်သူ ဖြစ်လာသည်။ အောက်တိုဘာ ၁ ရက် ညနေ ၄:၁၅ နာရီအချိန်ထိ အီလွန်မက်၏ ပိုင်ဆိုင်မှုပမာဏသည် ဒေါ်လာ ၅၀၀.၁ ဘီလီယံထိ ရှိလာကြောင်း Forbes ၏ အညွှန်းကိန်းအရ သိရသည်။ အဆိုပါတိုးတက်မှုသည် တက်စလာ ရှယ်ယာများ ပြန်လည် ကောင်းမွန်လာခြင်းနှင့် အမေရိကန် ဘီလီယံနာ၏ လုပ်ငန်းသစ်များ၏ တန်ဖိုးများမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်။

မက်သည် တက်စလာ ရှယ်ယာ၏ ၁၂.၄% ကို ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ၏ စတော့ရှယ်ယာသည် နှစ်စဉ်စတင်ချိန်မှစပြီး ၁၄% ကျော် တက်လာခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် ၃.၃% ပို၍ ပိတ်ခဲ့သဖြင့် အမေရိကန် ဘီလီယံနာ၏ ပိုင်ဆိုင်မှုကို ဒေါ်လာ ၆ ဘီလီယံကျော် တိုးတက်စေခဲ့သည်။ လေ့လာသူများက တက်စလာ၏ စတော့ဈေးနှုန်း မြင့်တက်လာခြင်းမှာ တိုးတက်လာသော ရင်းနှီးမြှုပ်နှံသူများ၏သဘောထားကြောင့်ဖြစ်ပြီး အီလွန်မက်သည် လွှဲပြောင်းတာဝန်ယူမှုကာလအပြီး စီးပွားရေးကို ပြန်လည်အာရုံစိုက်လာခြင်းကြောင့်လည်း ဖြစ်ကြောင်း ဆိုသည်။

အီလွန်မက်သည် အိမ်ဖြူတော်မှ ထွက်ခွာပြီး ရက်ပိုင်းအတွင်း တက်စလာ စတော့ရှယ်ယာ ဒေါ်လာ ၁ ဘီလီယံခန့်ကို ဝယ်ယူခဲ့သည်။ ကုမ္ပဏီအား ကားထုတ်လုပ်ရေးမှ အလားအလာကြီးမားသော AI နှင့် စက်ရုပ်များ လုပ်ငန်းအဖြစ်သို့ ပြောင်းလဲရန် စီစဉ်နေသည့် အချိန်တွင် ထိုကဲ့သို့ ဝယ်ယူမှုသည် အနာဂတ်အတွက် ကြီးမားသောယုံကြည်မှုကို ပြသ လိုက်ခြင်းဖြစ်သည်။ စတင်တည်ထောင်ခဲ့သည့် xAI နှင့် ဒုံးပျံကုမ္ပဏီ SpaceX တို့၏ တန်ဖိုးသည်လည်း ယခုနှစ်အတွင်း မြင့်တက်လာခဲ့သည်။ Pitchbook ၏ ထုတ်ပြန်ချက်အရ xAI ကို ဇူလိုင်လတွင် ဒေါ်လာ ၇၅ ဘီလီယံ ဖြင့် တန်ဖိုးဖြတ်ခဲ့သည်။

ထို့အပြင် မက် သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် သမိုင်းတွင် ပထမဆုံး ဒေါ်လာ ၄၀၀ ဘီလီယံကျော် ပိုင်ဆိုင်သူအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။ Oracle ၏ တည်ထောင်သူ ဘီလီယံနာ လာရီ အဲလီဆင် သည် ဒေါ်လာ ၃၅၀.၇ ဘီလီယံ ပိုင်ဆိုင်ပြီး ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာ ခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂