ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် မေ ၂၉
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အောင်ဆန်း ခန်းမ၌ ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြား သည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အမှာစကားပြောကြားရာတွင် တပ်မတော်အတွက် အရေးပါသည့် လူသားအရင်း အမြစ်ကောင်းများ မွေးထုတ်ပေးလျက်ရှိသည့် ဗထူး တပ်မြို့မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များကို တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗထူးတပ်နယ်ရှိ သင်တန်းကျောင်းများမှ သင်တန်းနည်းပြများ၏ စေတနာထား လေ့ကျင့် သင်ကြားပေးမှုများကို အသိအမှတ်ပြုပါကြောင်း။
မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ မတူညီ သည့် နိုင်ငံရေးစနစ်များကျင့်သုံးကြသည့် အင်အား ကြီး နိုင်ငံနှစ်ခုအကြားတွင်တည်ရှိကြောင်း၊ လွတ်လပ်ရေးရပြီးချိန်တွင် နိုင်ငံရေး၊ လူမျိုးရေးကို အကြောင်းပြ၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကိုင်သောင်းကျန်းမှုများအား တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲ၍ အောင်မြင်စွာ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြောင်း။
၂၀၂၁ ခုနှစ် နောက်ပိုင်းကာလများတွင် နိုင်ငံရေးအမြင်ကွဲလွဲမှုအပေါ် အခွင့်ကောင်းယူကာ တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့များ သည် ဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ပေါ်ပေါက် လာခဲ့ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် အချို့ သော EAO အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများ ကြောင့် အချို့ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့ကို ထိခိုက်စေလျက်ရှိပြီး အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါ အခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်မှုများ ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် တပ်မတော်အနေဖြင့် တပ်ရင်းတပ်ဖွဲ့များရှိ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ် အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုများနှင့် အတူတကွပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ကို ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နယ်မြေ ဒေသများ တည်ငြိမ်အေးချမ်းလာခဲ့ကြောင်း။
စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်း နိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အဓိကလိုအပ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို တပ်မတော်က ကြိုးပမ်းထမ်းဆောင်ရမည် ဖြစ်သည့်အတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝသော ပြည်သူကအားကိုးယုံကြည်ရသည့် တပ်မတော်ဖြစ်အောင် မိမိတို့ကိုယ်စီ အစဉ်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
တပ်မတော်အတွက် စွမ်းရည်၊ စွမ်းအားပြည့်ဝသည့် တပ်မတော်သားများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ရေးသင်တန်းကျောင်းများက စနစ်တကျဖြင့် သင်ကြားမွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ ဗထူးတပ်နယ်ရှိ လေ့ကျင့်ရေးကျောင်းများသည် တပ်မတော်အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များမွေးထုတ်ပေးနေသဖြင့် နည်းပြများမှ လည်း စေတနာထား၍ အပြည့်အဝသင်ကြားပေးရ မည်ဖြစ်ကြောင်း၊ သင်ကြားပြသပေးရာတွင် “ရှေးရှုမေတ္တာကရုဏာနှင့် နာနာကျင်ကျင် အပြစ် မြင်တိုင်း ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍ ကျိုးလို စိတ်က ဆုံးမတတ်သူ ဆရာဟူလော့” ဆိုသည့် အတိုင်း မေတ္တာ၊ စေတနာအပြည့်ဖြင့် သင်ကြား ပေးစေလိုကြောင်း၊ နည်းပြများအနေဖြင့်လည်း မိမိသင်ကြားပေးရသည့် သက်ဆိုင်ရာဘာသာရပ် များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရ မည်ဖြစ်ကြောင်း။
လူသားမျိုးနွယ်စုကို လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ပါဝင်ပတ်သက်ခြင်းရှိပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရန်မှာ ကျန်းမာကြံ့ခိုင်ရေးသည် အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်သေစာသောက်စားခြင်းများကို ရှောင်ကြဉ် ရန်လိုကြောင်း၊ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကို လည်း အမြဲမပြတ် လုပ်ဆောင်သွားကြရန်လိုကြောင်း၊ သို့မှသာ ကိုယ်ကျန်းမာစိတ်ချမ်းသာဖြင့် လုပ်ငန်း တာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာ ဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် အတွက် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ကြံ့ခိုင် သန်စွမ်းမှုရှိစေရေး လေ့ကျင့်နေရမည်ဖြစ်ပြီး မိမိတို့ တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမည့် တာဝန်များကို မှန်မှန်ကန်ကန်လုပ်ဆောင်နေခြင်းသည် လေ့ကျင့်နေ ခြင်းပင်ဖြစ်ကြောင်း။
တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရန် လိုကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံတော်မပြိုကွဲရေးအတွက် အသက် သွေးချွေးများစွာပေးဆပ်၍ ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံတော်၌ ကြုံတွေ့လာသော အခက်အခဲအမျိုးမျိုးကို အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ရှေ့ဆုံးက မားမားမတ်မတ် ရပ်တည်ကာကွယ်ခဲ့သည့် ကောင်းမြတ်သောအတိတ် သမိုင်းကြောင်း အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ တပ်မတော်သားများ သည် သစ္စာလေးချက် ဦးထိပ်ပန်ဆင်ကြသူများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိကြ ရန်လိုကြောင်း။
တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်မိသားစုဝင်များအနေဖြင့်လည်း မိမိအကျိုး၊ မိသားစုအကျိုး၊ မိမိအဖွဲ့အစည်းအကျိုးအတွက် ပါရမီဖြည့်ဖက်ကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ ထို့ပြင် မိသားစုဝင်များအနေဖြင့် မိမိတို့ ရရှိသည့် ဝင်ငွေနှင့်ထွက်ငွေကို ညီညွတ်မျှတအောင် သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဗထူးဒေသသည် စိုက်ပျိုးဖြစ်ထွန်းသည့် မြေအမျိုးအစား ဖြစ်သည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးများကို ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့၏ သက်သာ ချောင်ချိရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးကို အထူး အလေးထားအားပေးလျက်ရှိပြီး ကျောင်းနေအရွယ် ကလေးငယ်တိုင်း KG+9 အထိ မသင်မနေရ ပညာသင်ကြားရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်သားမိသားစု ဝင်များအနေဖြင့် မိမိတို့၏ သားသမီးများကို ပေးနိုင် သည့်အမွေသည် ပညာအမွေသာဖြစ်သည့်အတွက် ပညာတတ်များဖြစ်အောင် အလေးထားဆောင်ရွက် ပေးကြရန်လိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ များပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။ အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးက တပ်နယ်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MDN
