ယူကရိန်းငြိမ်းချမ်းရေး မူကြမ်း အိမ်ဖြူတော်အတွင်း ဗန့် နှင့် ရူဘီယို အားပြိုင်နေကြဟု ဂျာမန်သတင်းစာ ပြော
အမေရိကန်၏ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ကြောင့် အိမ်ဖြူတော် အတွင်း ပဋိပက္ခများ စတင်နေပြီဟု ဂျာမန်သတင်းစာ Bild က အရင်း အမြစ်များကို ကိုးကားကာ ဖော်ပြထားပါသည်။
သတင်းစာ၏အဆိုအရ ဒုသမ္မတ ဂျေဒီ ဗန့်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို တို့သည် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ရန် ယှဉ်ပြိုင်နေကြပြီး အနာဂတ်တွင် နောက်လာမည့် အမေရိကန်သမ္မတလောင်း ဖြစ်နိုင်ခြေ အတွက်ပါ ယှဉ်ပြိုင်နေကြဖြစ်သည်ဟု ဆိုထားပါသည်။
ဗန့်သည် ထရမ့်၏ ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်၏ မူရင်းပုံစံကို ချက်ချင်းထောက်ခံခဲ့သော်လည်း ရူဘီယိုသည် အစောပိုင်းတွင် ဝေးဝေး ရှောင်နေခဲ့ရာ ရူဘီယိုသည် ယခုအခါ ဂျနီဗာတွင် ယူကရိန်းနှင့် ဥရောပ များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ၎င်း၏ဩဇာ မြင့်တက်လာနေကြောင်း အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားထားပါသည်။
အမေရိကန်အစိုးရ၏ အချက် ၂၈ ချက်ပါ ယူကရိန်းအရေးအစီအစဉ်သည် ဥရောပရှိ ယူကရိန်း၏မဟာမိတ်များကို မကျေမနပ်ဖြစ်စေခဲ့ပါသည်။ နိုဝင်ဘာ ၂၃ ရက်က ဂျနီဗာတွင်ကျင်းပသော အမေရိကန်-ယူကရိန်း အစည်းအဝေးသည် တင်းမာမှုများရှိခဲ့ပြီး ယူကရိန်းဘက်က အစီအစဉ် ကို ပြင်ဆင်ရန် ဆက်လက်တောင်းဆိုထားပါသည်။ အစီအစဉ်၏ အဓိက အပိုင်းများတွင် သဘောတူညီမှုရခဲ့သော်လည်း အချို့သော အချက်များ အတွက် ဇီလန်စကီးနှင့် သမ္မတထရမ့်တို့၏ ခေါင်းဆောင်အဆင့် တွေ့ဆုံမှုအထိ ဆွေးနွေးရန် ကျန်ရှိနေသေးပါသည်။
ကိုးကား - TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
